ပန်းကလေးများပွင့်တော့မည်
" ပန်းကလေးများပွင့်တော့မည်,....."
"အမေ့... မပြည့်သေးဘူးလားဗျ"
" ပြည့်ခါနီးပါပြီ သားရ.."
အကြွေ ၂၀၀တန်လေးတွေ သပ်သပ်ရပ်ရပ် ခေါက်ထည့်ရင်း အမေက ပြည့်ခါနီးပါပြီ ပြောသော်လည်း ... ခုထိ လှုပ်ကြည့်ရင် ဂလောက် ဂလောက် မြည်ဆဲ စုဗူး ဖောင်းဖောင်းလေးကို ကိုထွေး အားမရနိုင်သေး.. ။ စိတ်မသက်မသာနှင့် စုဗူးလေး ကိုခေါင်းရင်းမှာသူ အသာချလိုက်သည်။
သိုးစော်နံနေသော ခေါင်းအုံးအစုတ်လေးပေါ် လှဲချရင်း ... မျက်လုံးများကို မှိတ်လိုက်သော်လည်း သူအတွေးတွေက ကျောင်းမှာ....
" ကျောင်း... "
ဟုတ်သည် ။ ကိုထွေး ကျောင်းတတ်ချင်လှပြီ။ သို့သော် ခုထိမတတ်ရနိုင်သေး။ ရွယ်တူ သူငယ်ချင်းတွေ မနက်ဆို လွယ်အိတ်လေးတွေလွယ် ပြီး ကျောင်းသွားကြတာကို ထရံကြားက ချောင်းကြည့်ရင်း ကိုထွေး မျက်ရည်ကျခဲ့ ဖူးပြီ။
ကိုထွေးမှာလည်း လွယ်အိတ်ရှိပါသည်.. ။
သူငယ်ချင်းတွေ စာအုပ်အပြည့်ထည့်ထားသော လွယ်အိတ်လွယ်ချိန် တွင် ကိုထွေးလွယ်အိတ်ထဲတွင်.. စံပယ်ပန်းရောင်း၍ရသော ငွေအကြွေလေးများရှိသည်။
သူငယ်ချင်းများ၏ လွယ်အိတ်က အရောင်အသွေးစုံ လှပ သလောက် ကိုထွေးလွယ်အိတ်က ညစ်နွမ်း စုတ်ပြဲနေသော လက်တဝါးသာသာ အိတ်ပိစိလေး..။
အမေ့ ပြောပုံအရဆို ကိုထွေးကျောင်းတတ်ဖို့ ၃ နှစ်ကျော် နောက်ကျနေပြီ ဖြစ်သည်။
"အဖေမရှိလို့ သားကျောင်းမတတ်ရတာလား အမေ" လို့ ကိုထွေးမျက်ရည်ဝဲစွာ မေးသည့် ညက အမေငိုသည်။ ပြီးတော့ ဒီစုဘူးလေး ဝယ်လာပြီး သားမိ နှစ်ယောက် ပိုက်ဆံ စစုခဲ့ကြသည်။ ကျောင်းဝင်ကြေး ၊ စာအုပ်ဖိုး ၊ ကျောင်းဝတ်စုံ .. စုစုပေါင်း ငွေ ၂ သောင်းပျော့ပျော့ ရှိမှ ကိုထွေးကျောင်းတတ်နိုင်မည်ဟု အမေကပြောသည်။
ငွေ၂ သောင်းဆိုတာ တော်တော်များမည်ဟု ကိုထွေး ထင်သည်။ ဒါ့ကြောင့်လည်း ခုထိ စုဘူးလေး မပြည့်အားသေးတာ ဖြစ်မည်။ ...
သို့သော် တနေ့တော့ ပြည့်မည်ဖြစ်သည်။ ...
...
စုဘူးလေးရကတည်းက သူအမေ့ကို ခွင့်တောင်းပြီး စံပယ်ပန်း ရောင်းခဲ့သည်။ သူတို့ တဲစုလေး မှ သူ့ထက် အသက်ကြီးသော အကိုကြီး ကျော်တင့်တို့နှင့် အဖော်လိုက်ရင်း လိုက်ရောင်း ခဲ့သည်။ ညနေ၅ နာရီလောက် ထွက်လာရင် မြို့ထဲ ၇ နာရီ ၈ နာရီဆိုရောက်ပြီ။ လူစည်ကားရာ ၁၉ လမ်း လသာ တဝိုက် ပတ်ရောင်းပြီး ၁၀နာရီထိုးလျှင် မီးပွိုင့်တွေမှာ ဆက်ရောင်းသည်။
ကားများ ပါးသွားချိန်တွင် .. လမ်းဘေး တနေရာထိုင် ကာအမောဖြေရင်း ကျော်တင့်တို့အား.. သူ့အိမ်မက်ကို ပုံဖော်ပြ ရတာအမော.. ။
သူအိမ်အပြန် အမြဲကြားရသော သူ့ကျောင်း ( သူတနေ့တတ်ရမည့်ကျောင်းဖြစ်သောကြောင့် သူ့ကျောင်းဟု သူသတ်မှတ်သည်) ကလေးမှ စာအံသံများ.. ။ ညနေ စံပယ်ဒိုင်အသွား ကျောင်းထဲမှထွက်လာတတ်သည့် အဖြူအစိမ်း နှင့် ချစ်စရာ ဆရာမလေးများ ,. ပြီးတော့ သူ၏ ပြည့်ခါနီး စုဘူးလေး.. အကြောင်း။
..,,,,,
" ဖြစ်ပါ့မလား အမေရ.., "
" ဖြစ်ပါတယ်သားရ ,.,"
" ဖြည်းဖြည်းလုပ်ပါ.. အမေရ "
" ဟဲ့ ငါအမေပါ ., သိပါတယ် ။ နင်ဟာလေ ကဲလွန်းတယ် တကယ်ပဲ... "
အမေဆူတာမဟုတ်ပဲ ချစ်စနိုးနှင့် ပြောတာဖြစ် ကြောင်း ကိုထွေးသိသည်။ အမေပြုံးနေသည်ကိုး..,
"ဟေး.,, "
ဟက်တတ်ကွဲကျသွားသော စုဘူးလေးထဲမှ ပိုက်ဆံများကို ကြည့်ရင်း ကိုထွေး ပျော်လိုက်သည့် ဖြစ်ခြင်း,., ။
"၄၀၀, ၆၀၀, ၁၁၀၀., "
ကိုထွေးရင်တွေခုန်လာသည်။
ငွေတွေ ကို ပြန့်ပြန့်ကလေးပြန်ထပ်ကာ ရေတွက်နေသော အမေ့မျက်နှာ ဖယောင်းတိုင်မီးယောင် မှိန်မှိန်လေး အောက်မှာ တောက်ပ လှသည်။
" နှစ်သောင်းသုံးထောင့်နှစ်ရာတောင်တော့.. "
" ဟေးးးးးးး ကျောင်းတတ်ရတော့မယ်ကွ ,.. "
" ငါသားလေး ကျောင်းတတ်လို့ရပြီ"
အမေက သူ့ကို ဖက်ထားသလို အမေ့ကို သူပြန် ဖက်ထားသည်။
ပျော်လိုက်သည့်ဖြစ်ခြင်း... ။
မနက်ဖြန် ကိုထွေး အပျော်ဆုံးနေ့ ဖြစ်မည်။ ဒီနေ့လည်း ပျော်ရသည်။ အမေနဲ့ တူတူဈေးထဲတွင် လွယ်အိတ်လှလှ လေးတစ်လုံး ဝယ်ခဲ့ပြီ ။ ခဲတံ ၂ ချောင်းနှင့် ဗလာစာအုပ်တွေလည်းပါပြီ။ ကျောင်းစိမ်းအိင်္ကျီဖိုးရှိသေး၍ ကွန်ပါဗူး နှင့် ပေတံ မဝယ်ဖြစ်ခဲ့။ ဈေးကအပြန် ကျောင်းလေး ရှေ့က ဖြတ်ပြန်တော့ ကျောင်းတံခါးဝလေးကိုကြည့်ပြီး ရှက်ပြုံးပြုံး မိသေးသည်။ မနက်ဖြန် ဒီတံခါးလေးကို ဖြတ်ပြီး သူကျောင်းထဲဝင်ရတော့မည်လေ.. ။
...,
"သားဒီည ပန်းရောင်းမထွက်ချင်မထွက်နဲ့လေ .. ။ မနက်ဖြန် ကျောင်းအပ်ရမှာ ဆိုတော့ စောစော သွားရမှာ"
" ရပါတယ်အမေရ .. အေးဆေးပါ။ သားမနက်ကျ စောပြန်လာပါ့မယ်။ "
အမှန်သူလည်း မသွားချင်.. ။ သို့သော် အိမ်တွင်ဆန်ကုန်နေပြီ။ လကုန်ရက်မို့ သူတို့တဲလေးငှါးခအတွက် ငွေလိုနေပြီ။ ပြီးတော့ သူဖိနပ်လိုချင်သေးသည်။ အမေ့မှာ ပိုက်ဆံ မရှိမှန်းသိ၍ မပူဆာခဲ့သော်လည်း သူဖိနပ်လေး တရံတော့ လိုချင်လှသည်။
...,...
" အကိုကြီး.. ပန်းလေး အားပေးသွားပါဦး။ တကုံးမှ ၂၀၀ ထဲရယ်ပါ"
ကျေးဇူးတင်ပါတယ်ဗျ"
..,,,
ဒီနေ့ည သူအူရွှင်နေသောကြောင့်လားမသိ ရောင်းကောင်းလှသည်။ ကားပြတ်တုန်း ခဏနား
င်း...
" သား မနက်ဖြန်ကျောင်းတတ်ရတော့မှာ ကိုကြီးကျော်ရ ..။ "
" ဟ.. မင်းအသက်ပဲ ကြီးလှပြီကို.. "
" ရတယ်တဲ့ အမေမေးပြီးပြီ.. ။ ကလေးတွေနဲ့ တူတူသင်တော့ ကိုယ်က ဆရာကြီး ဖြစ်တာပေါ့လို့ ဘေးအိမ်က ဦးငယ်က ပြောတယ်ဗျ.. "
"ဟားဟာဟား အေးပါ ကိုထွေးရာ .. လာဟိုဘက်ပွိုင့်ပြေးရအောင်,., "
မိုးစက်လေး တွေကျလာသည်.. စိတ်ရွှင်ရွှင်နှင့်... သူကြားဖူးနေကျ စာအံသံလေးအား ပါးစပ်မှ အော်ဆိုရင်း ကိုကြီးကျော်နောက် ပြေးလိုက်ခဲ့သည်....
" ဟေ့ .., ပန်းကလေးများ ပွင့်တော့မည် .. ဖူးတံဝင့်လို့ချီ... ဟေ့ ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ... ပန်းကလေးများ..,, "
" ဒုန်း... "
" အား.................."
......
"ဟာ..... လာကြပါဦး လာကြပါဦး ဒီမှာ ကိုထွေးလေး ကားတိုက်သွားပြီ။ .. "
" တိုက်သွားတဲ့ကားမှတ်မိလား,.. "
" ဟာ ... ကလေးလေး သနားပါတယ်ကွာ..ပွဲခြင်းပြီးပဲ"
"လုပ်ကြပါဦး.. ဆေးရုံကားဖုန်းဆက်ကြပါ.."
" ကိုထွေး ကိုထွေး... ထပါဦး... မနက်ကျောင်းတတ်မယ်ဆို ..., ထပါဦး ထပါဦး ကိုထွေးရယ်..."
"ကျောင်းတတ်မယ်ဆို..., ဟီးးးး ထပါဦးး"
မိုးနှင့်လေက ဝုန်းခနဲ ပြိုကျလာသည်.....
...,,
.,,,
.,,
ရန်ကုန်မြို့ ကားလမ်းမတနေရာမှ သွေးတွေ မိုးရေတွေ လူးနေသော စံပယ်ပန်းကလေးများ ဖူးတံဝင့်ချီလျှက် ရှိနေပါသည်...,
သို့သော်...... ။ ။
မြခွါညို
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment