Header Ads

ကိုးကွယ်ရန်အမွေခြေတော်ရာရှိရာဆီသို့



မန်းရွှေစက်တော်ရာ ဘုရားပွဲစည်ကားနေမှုတို့ကို ဖေဖော်ဝါရီ လကုန်ပိုင်းက တွေ့ရစဉ်

ဗုဒ္ဓဘာသာဝင် သူတော်စင် အားလုံးတို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားရှင်၏ ခြေတော်ရာအမွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ငဖဲမြို့အနီးမှာ တည်ရှိပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်က နမ္မဒါနဂါးမင်းက ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးတော်မူရန် တောင်းပန်လျှောက်ထားခဲ့သည့်အတွက် နမ္မဒါမြစ်ဘေး (ယခုမန်းချောင်းဘေး) မှာ ခြေတော်ရာ ချပေးတော်မူခဲ့ပြီး သစ္စာဗန္ဓတောင်ရသေ့ရဲ့ လျှောက်ထားတောင်းပန်မှုအရ ခြေတော်ရာ ထပ်မံ ချထားပေးခဲ့တော်မူခဲ့ပြီး ယခုအခါမှာတော့ ဗုဒ္ဓဘာသာဝင်ရှင် လူအများအတွက် ကိုးကွယ်ရာ အမွေအဖြစ် ရှင်လူအများ ဖူးမြော်နေရပြီဖြစ်သည်။

မြတ်စွာဘုရား၏ ခြေတော်ရာတွေကို နှောင်းလူတို့က မန်းချောင်းဘေးမှာ စံပယ်တဲ့ ခြေတော်ရာကို အောက်ခြေတော်ရာ၊ တောင်ထိပ်မှာ စံပယ်တော်မူတဲ့ ခြေတော်ရာကို အထက်ခြေတော်ရာလို့ ခေါ်ဝေါ် ကိုးကွယ်ကြပြီးတော့ ယခုခေတ်မှာတော့ နှစ်စဉ် တပို့တွဲလဆန်း ၈ ရက်က နှစ်ဆန်းတစ်ရက် အထိကို ဘုရားပွဲအဖြစ် ရက်ရှည်သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပါသည်။

နှစ်ဆန်းတစ်ရက်နေ့ ခြေတော်ရာ ပိတ်ပွဲကိုလည်း ကျင်းပလေ့ရှိပြီး ယခင်က သံအုပ်ဆောင်းဖြင့် ဖုံးအုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်က စတင်ပြီး အောက်ခြေတော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းအုပ်ကာ ထားရှိခဲ့ပြီဖြစ်သည်။ ၂၀၁၆ ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားခြေတော်ရာ ဖွင့်ပွဲနေ့သည် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် တိုက်ဆိုင်သည်က တစ်ကြောင်း၊ ပြည်ထောင်စုနေ့ စနေ၊ တနင်္ဂနွေနဲ့ တိုက်ဆိုင်ခဲ့ခြင်းကြောင့်လည်း ဆယ်စုနှစ် အတွင်းမှာ အစည်ကားဆုံး ခြေတော်ရာဖွင့်ပွဲ ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲ ခြေတော်ရာ ဖွင့်ပွဲကတော့ အကြောင်းအမျိုးမျိုးကြောင့် စည်ကားခြင်း မရှိခဲ့ချေ။ ယခုနှစ်ခြေတော်ရာ ဖွင့်ပွဲနေ့က စတင်ပြီး မန်းရွှေစက်တော်ကို တစ်ခေါက်သွားဖို့ စိတ်ကူးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရက်ရွှေ့ခဲ့ရပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင်မှ မန်းရွှေစက်တော်ဆီကို ဘုရားဖူး တစ်ခေါက် ရောက်ခဲ့ရပါသည်။

ရာသီက ပေါက်ပင်၊ လက်ပံပင်တို့ ပွင့်စပြူချိန် အခြားသစ်ပင်၊ သစ်ရွက်ကြွေချိန်မို့ မြင်မြင်ကရာ လွမ်းစရာမှာ ရိုးမ၏အရှေ့ဖျား စွန်းတောင်တန်းတွေထက်က မန်းရွှေစက်တော်ကတော့ အဝေးတောင်စဉ် တောင်တန်းကြားမှာ ရွှေရောင်လင်းလက်လို့ နေပါသည်။ မန်းချောင်းရေသည် စက်တော်ရာတောင်ကို ကွေ့ပတ် စီးဆင်းရင်း တောင်ခြေရင်းကို သုံးနေရာမှာ သုံးကြိမ်တိုင်တိုင် ချဉ်းကပ် ဦးတိုက်ပြီးမှ ဖြည်းဖြည်းဖြောင့်ဖြောင့် ဆက်လက် စီးဆင်းသွားသည်လို့ ဆိုကြသည်။

မြန်မာနိုင်ငံ၏ အရှည်ကြာဆုံးနှင့် အထင်ရှားဆုံး ပွဲတော်များထဲက တစ်ခုဖြစ်သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ဟာ ဒေသခံတို့၏ စားဝတ်နေရေးကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် ဘုရားပွဲတော် တစ်ခုလည်း ဖြစ်လို့နေသည်။ ဘုရားပွဲတော်စချိန် မတိုင်မီ ရက်အနည်းငယ် ကတည်းက ဒေသခံ ကျေးရွာသားတွေ အနေဖြင့် ဘုရားပွဲတော် အတွက်တည်း ကျောင်းဆောက်ကြ၊ တံတားထိုးကြ ပြင်ကြဆင်ကြရင်း အလုပ်ဖြစ်နေကြသည်။ ဘုရားပွဲတော် မတိုင်မီအချိန်က ဒေသတွင်း ကျေးရွာတွေဖြစ်သည့် ဆင်ဂေါင်းကျေးရွာ၊ သံမှိုကြီးကျေးရွာ၊ ကျစ်စံပွေးကျေးရွာ စသည့် ကျေးရွာတွေက ဒေသခံတွေ စလင်း၊ စကု၊ မကွေး၊ မင်းဘူး စသည့်မြို့ရွာ ဒေသခံတွေသည် ဘုရားပွဲတော်အတွင်း စီးပွားရှာရန်အတွက် မန်းရွှေစက်တော်ရာ ခြေတော်ရင်း ရောက်ရှိ ပြင်ဆင်နေကြသည်။

ဘုရားပွဲတွင်းမှာ အ၀တ်အထည်ဆိုင်၊ စားသောက်ဆိုင်၊ တည်းကျောင်းလုပ်ငန်း၊ အကြောပြင်ဆရာ၊ ထမင်းသည်၊ ဟင်းသည်၊ ရေနွေးသည်၊ အရုပ်သည်၊ ပန်းသည်စတဲ့ အလုပ်အကိုင်အမျိုးမျိုးနှင့် အသက်မွေးဝမ်းကျောင်းကြရင်း ဘုရားပွဲတော်ကပြန်လျှင် ငွေထုပ်ပိုက် ပြန်နိုင်ရန် ဒေသခံတွေက အိပ်မက်နေကြပြီ ဖြစ်သည်။ ကျစ်စံပွေ့ကျေးရွာမှ မန်းစက်တော်ရာ ဘုရားပွဲ၌ အကြောပြင်ဆရာအဖြစ် ဘုရားပွဲလိုက်နေသည့် သားတစ်ယောက်အဖေ ကိုစိုးကတော့ ရွာမှာနွေအခါ ယခုလိုအချိန် အလုပ်မရှိကြောင်း၊ ဇနီးကလည်း အကြောင်ပြင် ဆရာမတစ်ဦးအဖြစ် အသက်မွေးကြောင်းရင်း နှစ်တန်းအရွယ် သားကိုလည်း ရွာမှာထိန်းနေကျ အမယ်ကြီး ဆုံးပါးသွားသည့်အတွက် ရွာမှာထားခဲ့၍ မရသောကြောင့် ယခုနှစ် ဘုရားပွဲခေါ်ထားရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရွာက လူတွေချည်းပဲစုပြီး မန်းချောင်းအထက်ဘက်မှာ တဲထိုးနေတာ။ တည်းကျောင်းတစ်လုံးကို ကုန်ကျစရိတ်ကတော့ ငါးသောင်းလောက်ရှိတယ်။ အခုတည်း ကျောင်းတွေကို ဘုရားပွဲပြီးရင်လည်း ကားနဲ့တင်ပြီး ရွာပြန်သယ်သွားတယ်။ ရွာကျတော့ နွားစာတည်းပြင်တာတို့ အိမ်ကာတာတို့ ပြန်သုံးလို့ရတယ်။ အမျိုးသမီးလည်း အကြောပြင် ဆရာမပဲ။ ဘုရားဖူးတွေကို လိုက်မေးရတာပေါ့။ အညောင်းအညာပြေ အနှိပ်အနင်းခံဦးမလား။ အကြောပြင်ရမလားမေးရင်း ဈေးကတော့ ကိုယ်တော်သလို ကြည့်ယူရတာပဲ။ တချို့ဘုရားဖူးကလည်း တစ်ခါနှိပ် ငါးရာလောက်ပဲ ပေးချင်တယ်။ တချို့ဘုရားဖူးကျလည်း ရက်ရက်ရောရော ပေးပါတယ်။ အဆင်ပြေလားဆိုတော့ ရွာပြန်ရင်တော့ လေးငါးသိန်း စုမိတယ်။ ဒီနှစ်ဖွင့်ပွဲနေ့က သိပ်မစည်လို့ မဟန်တော့ဘူး။ တွက်နေတာ အခုရက်ပိုင်း ဘုရားဖူး ပြန်စည်လာမှ ဟင်းချနေရတယ်။ ဘယ်နှစ်ဖြစ်ဖြစ် ပြန်ရင် လေးသိန်းလောက်တော့ အနိမ့်ဆုံး စုမိတယ်လို့ အကြောပြင် ဆရာအဖြစ် အသက်မွေးနေတဲ့ ကျစ်စံပွေ့ ကျေးရွာနေ ကိုစိုးက ပြောကြားသည်။

မန်းရွှေစက်တော် ဘုရားတန်ခိုးနှင့် စီးပွားရေး တစ်ထောင့် တစ်နေရာအား ဖြည့်ဆည်းနေသည့် အကြောပြင်ဆရာ ကိုစိုးက စကားပြောရင်း ခြေတော်ရာဆိုသည့် စကားလုံးရောက်တိုင်း ခြေတော်ရာဘက်ကို လက်အုပ်ချီပြီး ပြောလေ့ရှိသည်တော့ ချစ်ဖွယ်သော အလေ့အကျင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ဘုရားဖူးအချို့ ဂစ်တာတီးရင်း၊ မန်းရေပြင်တွင် သောက်စားပြီး အပျော်လွန်ခြင်းမျိုး အချို့ရှိပေမယ့် ဒေသခံတွေက အသောက်အစား ကင်းပြီး ရိုးသားကြတာများသည်။

မန်းရွှေစက်တော်ရာ အတက်လမ်းကြောင်းကတော့ စနေ၊ ဥပုသ် တိုက်ရက်ဖြစ်၍ ဘုရားဖူးကားအချို့ ရင်ပြင်တော်ပေါ်တွင် ပိတ်မိနေခြင်းကြောင့် လုံခြုံရေးမှာ အတက်ကားတွေကို တားထားရင်း အပေါ်အဆင်း ကားတွေပြီးမှ တစ်စီးချင်း လွှတ်နေရသည်။ “နံနက် ငါးနာရီလောက်ကတည်းက ရင်ပြင်တော်ပေါ်မှာ ပြည့်နေတာ၊ ခုကားကျပ်နေလို့ အတက်ကား ပိတ်ထားတယ်။ အပေါ်က လေးငါးစီး ဆင်းလာမှ အောက်ကလေးငါးစီး အတက်လွှတ်လို့ရမယ်။ နို့မို့အထက် စက်တော်ရာမှာ ကားပိတ်သွားမယ်” ဟုလုံခြုံရေး တာဝန်ကျ ရဲအုပ်က ဘုရားဖူး ကားတိုင်းကို ပြေပြစ်စွာ ရှင်းပြရင်း တားထားသည်။

အထက်စက်တော်ရာ ရင်ပြင်တော်ပေါ်မှာတော့ ပဋ္ဌာန်းဒေသနာ ရွတ်ဖတ် ပူဇော်နေသူတွေ၊ ပရိတ်ရွတ်နေသူတွေ စည်ကားလို့နေကြသည်။ အထက်စက်တော်ရာက အောက်ဘက် ရှုခင်းငုံ့ကြည့်ရင်း အဝေးဆီက ရိုးမတောင်တန်းတွေက စေတီပုထိုးများနှင့် နွေခါခြောက်သွေ့ရှုခင်းက လွမ်းဖွယ်ကောင်းနေသည်။ အောက်စက်တော်ရာဆီက အသံသဲ့သဲ့အောက်မှာ ဆည်းလည်းလှုပ်ခတ်သံ တချွင်ချွင်က တရားဒေသနာကို ပြသနေသကဲ့သို့ အဝေးဆီက နေမင်းကလည်း တောင်တန်းတွေနောက် ပျောက်ကွယ်ရင်း မမြဲခြင်းတရားကိုလည်း ပြသနေသည်။

Writer: 

ဝဏ္ဏ (မိတ္ထီလာ)


No comments