သစ်ပင် သစ်ရွက် လေပြည် အပိုင်း(၂)
သစ်ရွက်
ကျောင်းတုန်းက သစ်ရွက်လေးတွေစုဆောင်းတာကို ကျွန်မဝါသနာ
ပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာ
မှီခိုခဲ့တဲ့သစ်ပင်ကို ခွဲထွက်ရဲတဲ့သတ္တိရှိလို့ပဲ။ ကျောင်းတုန်းက ကျွန်မ
နဲ့အရမ်းခင်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သမီးရည်းစား
လို့မဟုတ်ဘဲ တကယ့် သူငယ်ချင်း ကောင်းတစ်ယောက်လိုခင်ခဲ့တယ်။
ဒါပေမဲ့ သူပထမ ရည်းစားရတော့ ကျွန်မမှာ မရှိအပ်တဲ့သဝန်တိုမှု၊
ရင်ထဲက နာကျင်မှုတွေ ခံစားခဲ့ရတယ်။ (၂)လလောက်နေပြီး သူ
တို့ပြတ်သွားတော့ ကျွန်မရဲ့ ပျော်ရွှင်မှုတွေ သူ မသိအောင် ကျွန်မ
ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာ သူ
ဒုတိယမြောက်ရည်းစားရသွားပြန်တယ်။
ကျွန်မသူ့ကို ချစ်တယ်...
သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်...
ဒါပေမဲ့....သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ....
နှစ်ယောက်စလုံး ချစ်နေလျက်နဲ့ သူဘာလို့ မတုန်မလှုပ်ဖြစ်နေလဲ....
သူရည်းစား တစ်ယောက်ပြောင်းတိုင်း ကျွန်မ ရင်တစ်ခါနာရတယ်...
ခံစားရတယ်....
တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို
တစ်ဖက်သတ် ချစ်နေမိတာလား..
ကျွန်မကိုမချစ်ဘူးဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် ဒီလောက်
ကောင်းနေတာလဲ...
သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်းထက်တောင်
လွန်နေပြီ...
လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်...
သူရဲ့အကြိုက်တွေ၊ အကျင့်တွေ၊ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ
ကောင်းကောင်း နားလည်နိုင်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်စဖွင့်
ပြောရမလားဆိုတာကို ကျွန်မ မခန့်မှန်းတတ်ခဲ့ဘူး။
ဘာပဲဖြစ်ဖြစ်လေ.... သူဖွင့်ပြောလာမဲ့ရက်ကိုမျှော်ရင်း သူ့ ဘေးမှာပဲ
ကျွန်မရှိနေချင်ခဲ့တယ်။ သူ့ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်။
ညည သူ့ဖုန်း၊ သူ့messageကို မျှော်နေရသလိုပေါ့။ သူဘယ်
လောက်ပဲ အလုပ်တွေရှုပ် မအားတဲ့ကြားက ကျွန်မအတွက်တော့
အချိန်တစ်ချိန် သူချန်ထားတတ်သေးတယ်ဆိုတာ ကျွန်မသိနေ
တယ်လေ...
ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။
စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့
လည်း ရောက်ရှိလာမဲ့ရက်ကိုကြိုတွေးပြီး ကြည်နူးရင်း ဆက်စောင့်
မျှော်နေချင်တယ်။ ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊
တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့ အတူ ရှိနေခဲ့တယ်။
ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲဖြေဖို့ နီးလာတော့ တခြားအခန်းက
ကောင်လေးတစ်ယောက် ကျွန်မကို အသည်းအသန်ပိုးပန်းတယ်။
စစချင်းမှာ ကျွန်မငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ
နှလုံးသားရဲ့ နေရာတစ်စိတ်တစ်ဒေသကို တဖြည်းဖြည်းစိုးမိုးလာ
ခဲ့တယ်။
ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ...
ကျွန်မရဲ့နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်ခိုက်နိုင်စွမ်းတယ်...
နောက်တော့ ကျွန်မရဲ့နှလုံးသား တစ်နေရာစာမကတော့ပါဘူး....
ကျွန်မရဲ့နာကျင်ခြင်း၊ စောင့်စားခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နှလုံး
သားသစ်ရွက်လေးကို လေနဲ့အတူပျော်ရွှင်မဲ့နေရာကို ကောင်လေး
ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ်။
သစ်ရွက်လေး သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့
ပြုံးနေတယ်.... နေခဲ့ပါလို့လည်း မတားခဲ့ပါဘူး။
“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား
သစ်ပင်ကနေခွင့်မပေးလို့လား”
Credit - နိုင်းနိုင်းစနေ
Post a Comment