ရှင်သန်နေမဲ့ရိုးရာပွဲတော်သင်္ကြန်
ရှင်သန်နေမယ့် ရိုးရာပွဲတော် သင်္ကြန်
*******************
အိမ်စည်တို့ မောင်နှမတစ်စု အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးအောက်မှာ ခေါင်းချင်းဆိုင် ဆွေးနွေးနေ ကြတယ်။ ကုက္ကိုပင်ကြီးအောက်က ၀ါးကွပ်ပျစ်ပေါ်မှာ ငရုတ်သီးမှုန့်အရောင်နီရဲနေတဲ့ သရက်သီးသုတ်ဇလုံကြီး ရယ် ရေသန့်ဗူးကြီးနှစ်ဗူးရယ် အလယ်မှာချပြီး မောင်နှမလေးယောက် အကြိတ်အနယ်ဆွေးနွေးနေကြတာက သင်္ကြန်မှာ မဏ္ဍပ်ထိုးမယ့် အစီအစဉ်ကိုပါ။ သူတို့မောင်နှမတွေ ကျန်တဲ့အချိန်မှာ မတည့်ရင်နေမယ်၊ သင်္ကြန်နားနီးရင်တော့ စုစုစည်းစည်းနဲ့ သင့်မြတ်လေ့ရှိကြတယ်။ တစ်နှစ်မှ တစ်ခါဆင်နွှဲရတဲ့ ရိုးရာပွဲမို့ ပျော်ရွှင်စွာ ဆင်နွှဲချင်ကြတာ ကလေးဘ၀ရဲ့ အိပ်မက်တစ်ခုပါ။
“ လှေက ဘယ်ကဌားမှာလဲ။ ဒီနှစ်တော့ ပိုက်ဆံပေးရမလား မသိဘူးနော်” မောင်နှမထဲမှာ အငယ်ဆုံး ဖိုးသားက သူစိတ်ပူတဲ့ကိစ္စကို ၀င်ပြောတယ်။
အိမ်စည်တို့က ကလေးပီပီ ရေကစားချင်လို့၊ ပျော်ချင်လို့သာ မဏ္ဍပ်ထိုးကြမှာ.. ပိုက်ဆံကတော့ သိပ်မရှိကြပါ။ နယ်မြို့လေးဆိုတော့ ကိုယ့်အိမ်ရှေ့မှာပဲ မဏ္ဍပ်ထိုးမှာဖြစ်လို့ ကုန်ကျစရိတ်သိပ်မရှိပေမယ့် မဏ္ဍပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့တော့ ငွေလိုအပ်ပါတယ်။ မနှစ်က ရေထည့်ဖို့ ပီပါမလောက်လို့ လှေသွားဌားရတယ်။ လှေနဲ့ဆိုတော့ ရေလဲပိုဆံ့သလို ရိုးရာဓလေ့ကို ပိုပီပြင်ပြီး အမြင်လဲဆန်းပါတယ်။ မနှစ်ကတော့ လှေပိုင်ရှင်ဦးလေးကြီးက အိမ်နဲ့သိတော့ ပိုက်ဆံမယူပဲ ဌားလိုက်တယ်။ ဒီနှစ်တော့ အဲဒီ ဦးလေးကြီးကလဲ လှေရောင်းလိုက်တော့ တခြားဆီကဌားရမယ်နဲ့ တူပါတယ်။ တခြားက ဌားရင်တော့ အလကား မရလောက်တော့ပါဘူး။
“ အမျိုးတွေနဲ့ သိတဲ့အိမ်တွေကို အလှူလိုက်ခံမယ်လေ၊ ထည့်ကြမှာပါ” လို့ သရက်သီးတစ်ဖတ် ပါးစပ်ထဲကောက်ထည့်ပြီး အလတ်မ ဖြူဝါက သူ့အကြံကို အဆိုတင်သွင်းတယ်။
ဖြူဝါ့ရဲ့အဆိုကို အားလုံးကခေါင်းတညိတ်ညိတ်နဲ့ လက်ခံကြတယ်။ သူ့အဆိုအောင်မြင်သွားတော့ အောင်မြင်သူကြီးမျက်နှာနဲ့ ဖြူဝါတစ်ယောက် အနားချထားတဲ့ရေသန့်ဘူးကို ပုလင်းလိုက်ကိုင်ပြီး ကောက်မော့ လိုက်တယ်။ ဟန်ပါပါကောက်မော့လိုက်ပေမယ့် ရေတွေက လျှံကျပြီး အကျီင်္တွေပါ ရွှဲကုန်တယ်။ အားလုံးက သူ့အဖြစ်ကိုကြည့်ပြီး ၀ိုင်းရယ်ကြတော့ ဖြူဝါတစ်ယောက် နည်းနည်းရှက်သွားပါတယ်။
ကုက္ကိုပင်အရိပ်ကြောင့် အိမ်စည်တို့မောင်နှမတွေ အပူဒဏ်ကို အံတုနိုင်နေပေမယ့် ခြစ်ခြစ်တောက် ပူနေတဲ့နေရောင်အောက်က လယ်ကွင်းတွေမှာတော့ နွေနေ့လယ်ခင်းရဲ့အရသာကို အပြည့်အ၀ ပေးစွမ်း နေသလိုပါပဲ။ ကွပ်ပျစ်အောက်က မြေကြီးတွေကလဲ အပူဒဏ်ကြောင့် ပက်ကြားအက်တွေ ဖြစ်လို့။ ဒီနှစ်နွေ အတော်ပူမယ်လို့တော့ ဂျာနယ်တွေထဲမှာ ဖတ်ရတာပဲ။ အိမ်စည်တစ်ယောက် ဟိုးအဝေးက လယ်ကွင်းတွေကို ငေးနေတော့ ကျန်တဲ့သူတွေပါ သတိထားမိပြီး လိုက်ငေးကြတယ်။ အိမ်စည်တွေးနေသလို သူတို့လဲ အတော်ပူတဲ့နွေပါလားလို့ တွေးနေကြမယ် ထင်ပါတယ်။
“ အတော်ပူတယ်နော်၊ ဒီနှစ် အန်နီညိုနှစ်လို့ ကြားတယ်၊ ရေလဲရှားမယ်တဲ့၊ မီးကမလာ ပက်စရာရေမရှိရင်တော့ ဒုက္ခပဲ” စာဖတ်ဝါသနာပါတဲ့ ၀ါဆိုက ဆရာကြီးလေသံနဲ့ ဆိုတယ်။
“ အယ်လ်နီညိုပါ ၀ါဆိုရယ်၊ နင်ကတော့ လုပ်ပြီ” ဖြူဝါက ၀င်ထောက်ပါတယ်။
“ ဟုတ်တယ်၊ ရေတော့ ချွေတာရမယ်၊ ရေကိုချွေတာတဲ့အနေနဲ့ ရေကိုလျော့ပတ်ပြီး ရေအစား ရိုးရာယဉ်ကျေးမှုနဲ့လဲ ကိုက်ညီအောင် သနပ်ခါးဘူး ၀ယ်ရင်ကောင်းမလား” ရေပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု အိမ်စည်ဝင်ပြောလိုက်တယ်။
အိမ်စည်တို့ နယ်မြို့လေးမှာက ဒီနှစ်ပိုင်းတွေမှာ မီးသိပ်မပျက်တော့ပေမယ့် မဏ္ဍပ်အတွက် လိုအပ်တဲ့ ရေကိုတနေကုန်ပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ မီးလာပေမယ့် မီးအားက မပြည့်တာများတော့ မော်တာ လောင်မှာလဲ စိုးရသေးတယ်။ အဲ့ဒီတော့ မနှစ်က လုပ်သလို သနပ်ခါးကို ရေနဲ့ဖျော်ပြီး၊ ဗုံးထဲထည့်.. ရေပက်ခံ ထွက်တဲ့သူတွေကို သနပ်ခါးလိုက်လိမ်းပေးတဲ့အစီအစဉ်ကို လုပ်ရင်ကောင်းမလားပေါ့။ နယ်မြို့လေးတွေမှာ ဒီလိုနည်းလမ်းနဲ့လဲ သင်္ကြန်ပွဲကို ဆင်နွှဲကြလေ့ရှိပါတယ်။ ရေအခက်အခဲကိုဖြေရှင်းတဲ့အနေနဲ့ ဒီလိုနည်းနဲ့ ဆင်နွှဲတာဖြစ်ပေမယ့် ဒီနည်းလမ်းကလဲ ပိုပြီးနွေးထွေးသလို ခံစားရပါတယ်။
သင်္ကြန်ရက်အတွင်း လုပ်မယ့်အစီအစဉ်တွေကို မောင်နှမတစ်စု စာရွက်နဲ့သေချာအစဉ်လိုက် ချရေးလိုက်ကြတယ်။ သင်္ကြန်အတွက်အစီအစဉ်တွေက တော်တော်များများပြည့်စုံသွားတော့ အားလုံးရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုအပြည့်နဲ့.. မရောက်သေးတဲ့သင်္ကြန်ရက်တွေကို လက်ချိုးရေရင်း အတွေးထဲမှာ စိတ်ကူးတွေယဉ်နေမိကြတယ်။
အိမ်စည်တို့ထိုးမယ့် မဏ္ဍပ်က အုန်းလက်မဏ္ဍပ်ပါ။ ၀ါးလုံးတွေနဲ့ တိုင်ထောင်၊ အုန်းလက်တွေမိုးမယ်။ သင်္ကြန်ရဲ့သရုပ်ဖြစ်တဲ့ ငုဝါပန်းတွေ၊ ပိတောက်ပန်းတွေနဲ့ မဏ္ဍပ်ကို အလှဆင်မယ်။ ငုဝါပန်းကတော့ ခုချိန်ပွင့်နေပြီ ဆိုပေမယ့် ပိတောက်ပန်းကတော့ မသေချာပါ။ မိုးတစ်ပြိုက်နှစ်ပြိုက်လောက်ရွာမှ ပိတောက်တွေ ပွင့်မှာပါ။ အရင်က သင်္ကြန်နဲ့ပိတောက်ဆိုတာ ခွဲလို့မရပေမယ့် ခုချိန်မှာတော့ သပ်သပ်စီကို ဖြစ်လို့။ ပိတောက်တွေက သစ္စာမရှိဘူးလို့တော့ မယူဆပါနဲ့။ သဘာဝပတ်ဝန်းကျင်ကြီး ချို့ယွင်းလာလို့ ပိတောက်တွေ သစ္စာမရှိဖြစ်ရတာလို့ အိမ်စည်တော့ ထင်မိတယ်။ အမြဲတမ်းမခွဲပဲ စုံတွဲလိုက်လာတတ်တဲ့ သင်္ကြန်နဲ့ပိတောက် က စုံတွဲမမြင်ရတာ နှစ်ကာလအပိုင်းအခြားတစ်ခုတော့ ရှိနေပါပြီ။ ဒါက ၀မ်းနည်းဖို့ကောင်းတဲ့ အရာတစ်ခုပါပဲ။
ပိတောက်ပန်းကိုနှစ်ခြိုက်ပေမယ့် ပိတောက်နဲ့သင်္ကြန်အတူတွဲတာ မြင်ချင်ပေမယ့် ပိတောက်မပွင့်ရင် တော့ ငုဝါပန်းတွေနဲ့ပဲ မဏ္ဍပ်ကို အလှဆင်ရပါတော့မယ်.. အိမ်စည်တို့ နယ်မြို့လေးတွေမှာက ရန်ကုန်မြို့တော်ကြီးမှာလို သိန်းရာချီအကုန်အကျခံဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေမရှိပါဘူး။ ဒါပေမယ့် ဒီအုန်းလက်မဏ္ဍပ်လေးတွေက ရိုးရာသင်္ကြန်ရဲ့သရုပ်ကို ပိုပြီးပေါ်လွင်စေတယ်လို့ အိမ်စည်တော့ ထင်မိတယ်။ ဒီအုန်းလက်မဏ္ဍပ်ကြီးထဲမှာ သံပီပါတွေ၊ လှေတွေထဲ ရေထည့်ပြီး ရေကစားလေ့ရှိကြတယ်။ မြူးမြူးကြွကြွ လေးဖြစ်ချင်ရင် ဘောက်စ်နဲ့သင်္ကြန်သီချင်းတွေ အကျယ်ကြီးဖွင့်ကြလေ့ ရှိတယ်။
နယ်မြို့လေးရဲ့ သင်္ကြန်က ပကာသနတွေ၊ ထည်ဝါမှုတွေ မပါပေမယ့် နွေးထွေးမှု၊ ပျော်ရွှင်မှုတွေနဲ့တော့ ပြည့်နှက်နေပါတယ်။ သင်္ကြန်ဆိုတာ မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုပါ။ ဒီလိုပွဲတော်ကို အသောက်အစားတွေနဲ့ ပျော်ပါးတာထက်၊ အနောက်တိုင်းဆန်ဆန် ပျော်ပါးတာထက် ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို ထင်ဟပ်စေမယ့် သင်္ကြန်သရုပ်ကို ပီပြင်စေမယ့် အပြင်အဆင်မျိုးနဲ့ဆင်နွှဲတာက ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ ပြီးတော့ လူတိုင်း ပါဝင်ဆင်နွှဲခွင့်ရှိတဲ့ ပွဲတော်တစ်ခုဖြစ်ဖို့ လိုပါတယ်။ ရိုးရာဓလေ့တစ်ခု အမြဲရှင်သန်နေဖို့ဆိုတာ အဲ့ဒီရိုးရာဓလေ့ ကို တန်ဖိုးထားမြတ်နိုးပြီး ထိန်းသိမ်းဖို့လဲ လိုအပ်ပါတယ်။
ရွှေရသော်(BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment