Header Ads

မြန်မာ့မိုဘိုင်းဖုန်းဦးရေပေါက်ကွဲမှု






Taylor Weidman/Bloomberg

လွန်ခဲ့တဲ့ ခြောက်နှစ်ကို ပြန်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံထက် မိုဘိုင်းဖုန်းကိုင်ဆောင်အသုံးပြုမှု ပိုနည်းတာဆိုလို့ မြောက်ကိုရီး ယား တစ်နိုင်ငံပဲရှိတယ်။ အခုအခါမှာတော့ အခြေအနေက ပြောင်း သွားပါပြီ။ အရှေ့တောင်အာရှရဲ့ စီးပွားရေး အားအနည်းဆုံးစာရင်း ဝင်နိုင်ငံမှာ လူတိုင်းလိုလို ဒစ်ဂျစ်တယ် နည်းလမ်းနဲ့ ဆက်သွယ်နေ ပြီဖြစ်ပါတယ်။



Nexlabs လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ အထောက်အပံ့ဝန်ဆောင်မှုကုမ္ပဏီ ရုံးခန်းအပြင် ဘက် မြင်ကွင်းက ရန်ကုန်ရဲ့ တခြားအစိတ်အပိုင်းတွေလိုပါပဲ။ ကားဟွန်းသံတွေ ဆူညံနေသလို ဥဒဟို သွားလာနေတဲ့ ဆိုက်ကား တွေရှိနေတယ်။ အမှိုက်သရိုက် တချို့တင်ကျန်နေတဲ့ လမ်းတွေ၊ ဟောင်းနွမ်းစပြုနေတဲ့ လူနေအဆောက်အအုံတွေကို မြင်နိုင် တယ်။  ဒါပေမဲ့ အတွင်းပိုင်းအနေ အထားကတော့ ဆီလီကွန်နည်း ပညာ တောင်ကြားကို ရောက်သွားသလို ခံစားမိမှာပါ။

တီရှပ်နဲ့ ဂျင်းကို ပေါ့ပေါ့ပါးပါးတွဲဖက်ဝတ်ဆင်ထားတဲ့ ကွန်ပျူတာပရိုဂရမ်မာ အတော်များ များက Laptop ကွန်ပျူတာ ကိုယ်စီနဲ့ အလုပ်များနေကြတယ်။ သူတို့ ရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို အစွမ်းကုန်ထုတ်သုံးနေကြတယ်။ ပြည်တွင်းမှာ စမတ်ဖုန်း App တွေနဲ့ ဝက်ဘ်ဆိုက်တွေ အသုံးပြုမှုကအရှိန်အဟုန်နဲ့ မြင့်တက်လာပါ တယ်။ Nexlabs ဟာ လွန်ခဲ့တဲ့၁၂ လအတွင်း Samsung Elec-tronics နဲ့ Nestle လို ကုမ္ပဏီ ကြီးတွေနဲ့ အရောင်းမြှင့်တင်ရေး စာချုပ်တွေ ချုပ်ဆိုခဲ့တယ်။

အခြေအနေအပြောင်းအလဲ တွေက မြန်ဆန်လွန်းကြောင်း ကုမ္ပဏီရဲ့ အသက် (၂၅) နှစ်အရွယ် အမှုဆောင်ချုပ် ကိုရဲမြတ်မင်းက ပြောပါတယ်။ သိပ်မကြာခင်တုန်းက သူတို့သူငယ်ချင်းတစ်စု ဟာ ကော်ဖီဆိုင်ထိုင်ရင်း App တစ် ခု တည်ဆောက်မှုနဲ့ပတ်သက်လို့ ဆွေးနွေးနေဖူးတယ်လို့ သူကဆို တယ်။

ကိုရဲမြတ်မင်းရဲ့ လမ်း ကြောင်းရွေးချယ်မြှုပ်နှံမှုဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ အများစု အလုပ်လုပ်နေပြီး လမ်းပန်းဆက် သွယ်ရေး အားနည်းချက်တွေနဲ့ လျှပ်စစ်မီးကို ဇိမ်ခံအသုံးအ ဆောင်တစ်ခုလို မျှော်လင့်နေရတဲ့နိုင်ငံမှာတော့ တကယ့်ကိုစိတ်ဝင် စားစရာ အောင်မြင်မှုဇာတ်လမ်း တစ်ပုဒ်ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်တာအ တွင်း မြန်မာနိုင်ငံဟာ အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ တသီးတသန့် အထီးကျန်ရပ်တည်ခဲ့ရာကနေ ပြောင်းလဲလွတ် မြောက်လာတယ်။ အဲဒီတုန်းက လက်ကိုင်ဖုန်းတွေဆိုတာဟာ လူ ချမ်းသာတွေမှာပဲ တွေ့ရတတ်တဲ့ အဆောင်အယောင်တစ်မျိုးပါ။ အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ မြန်မာနိုင်ငံထက် မိုဘိုင်းဖုန်းကိုင် ဆောင်သူဦးရေ ပိုနည်းတာဆိုလို့ မြောက်ကိုရီးယားပဲ ကျန်ပါတော့ တယ်။ အခုတော့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ခြင်းနဲ့အတူ ဆက်သွယ်ရေးအတွက် ကြိုးမဲ့ကွန်ရက်တွေက လည်း ကျယ်ပြန့်လာပါပြီ။ မြန်မာနိုင်ငံမှာ လူတိုင်းလိုလို ဖုန်းကွန် ရက်ချိတ်ဆက်မှု ရှိလာပြီဖြစ်ပါ တယ်။

‘‘အံ့ဩစရာပါပဲ’’လို့ တိုကျို မြို့ အခြေစိုက်စီးပွားရေး အကြံ ပေး ကော်ပိုရေးရှင်း ITR ရဲ့ ဈေးကွက် အကြံပေးသုတေသီ မက် အိန်စတိန်းက ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ နိုင်ငံတကာ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီး တွေကို အကြံပေးဆွေးနွေးဖူးသူ ပါ။ ‘‘အခုလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲလာမယ့် တခြားဈေး ကွက်မျိုးရှိမယ်မထင်ဘူး’’လို့ သူ က မှတ်ချက်ပေးခဲ့တယ်။

အပြောင်းအလဲတွေက ၂၀၁၃လောက်မှာ အရှိန်အဟုန်ကောင်း ကောင်း စပြီးရုပ်လုံးပေါ်လာပါ တယ်။ အဲဒီအချိန်တုန်းက နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ဟာ ဖုန်းဝန်ဆောင်မှုကဏ္ဍအပေါ် အစိုးရက လက်ဝါးကြီးအုပ် ထိန်းချုပ် ထားမှုကို ပယ်ဖျက်လိုက်တယ်။ ဆက်သွယ်ရေးလုပ်ငန်းမှာ ပါဝင်လိုတဲ့ ကုမ္ပဏီတွေကို သေချာစိစစ်ရွေးချယ်ပြီး တင်ဒါခေါ်ယူခဲ့တယ်။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်မြှုပ်နှံမယ့် ကုမ္ပဏီတွေဟာ မြို့ကြီးပြကြီးတွေမှာ ကွန်ရက်ဖြန့်ကြက်ရုံသာမကဘဲ နယ်စွန်နယ်ဖျားတွေထိ ထောက်ပံ့နိုင်စွမ်းရှိရ မယ်လို့ သတ်မှတ်ခဲ့တယ်။ မြို့ ကြီးတွေမှာ လူနေသိပ်သည်းပြီး ငွေကြေး အကျိုးအမြတ်ရရှိဖို့က ပိုလွယ်ကူပါတယ်။

နောက်တစ်နှစ်မှာတော့ နော်ဝေးနိုင်ငံက Telenor နဲ့ ကာတာရဲ့Ooreddo တို့ဟာ ဒေါ်လာဘီလီယံ ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး တောရော၊ မြို့ပါမကျန် ဆက်သွယ်ရေး ကွန်ရက်တွေ ဖြန့်ကြက်ဖို့ စီစဉ်လာခဲ့တယ်။ ဂျပန်က KDDI ကော်ပိုရေးရှင်းနဲ့ Sumitomoကုန်သွယ်ရေး ကော်ပိုရေးရှင်း တွေကလည်း MPT နဲ့ ပူးပေါင်းပြီး ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ အခုအ ခါမှာတော့ မြန်မာနိုင်ငံထဲမှာ ဖုန်းကွန်ရက်တာဝါတိုင်တွေ ထောင်သောင်းချီရှိနေပါပြီ။ တောစပ်နေရာတွေမှာ၊ စပါးကွင်းတွေနားမှာ လည်း ဒီတိုင်ကြီးတွေကို တွေ့နိုင်ပါတယ်။ လျှပ်စစ်မီးဆက်သွယ်ဖို့ ခက်ခဲတဲ့ဒေသတွေမှာ နေရောင်ခြည်ကိုခံယူပြီး ဆိုလာစွမ်းအင် စနစ်ကို အသုံးပြုတယ်။ မြန်မာ နိုင်ငံရဲ့ ပူပြင်းတဲ့ ရာသီဥတုကနေ ဆက်သွယ်ရေး ကွန်ရက်ရဲ့ ဦးနှောက်ယူနစ်တွေကို ကာကွယ်ပေးဖို့ အအေးပေးကိရိယာတွေကိုပါ တပ်ဆင်ထားရပါသေး တယ်။

၂၀၁၅ မှာတော့ မြန်မာဟာ အိန္ဒိယနဲ့ တရုတ်တို့ပြီးရင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝန်ထမ်းခေါ်ယူ အသုံးပြုမှု အများ ဆုံး နိုင်ငံတစ်ခုဖြစ်လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လအထိ အခြေအနေတွေအရ နိုင်ငံလူဦး ရေရဲ့ ၅၄ သန်းဟာ အင်တာနက် အသုံးပြုနိုင်တဲ့ ဖုန်းကွန်ရက် အ ထောက်အပံ့ကို ရရှိနေပြီလို့ မြန် မာနိုင်ငံ ကွန်ပျူတာအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဧပြီလမှာ အစိုးရသတင်းဌာနက အင်တာနက် အသုံးပြုသူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က Face-book နဲ့ တခြားလူမှုကွန်ရက် မီဒီယာတွေကို အသုံးပြုပြီး သတင်းတွေနဲ့ တခြားအကြောင်းအရာ တွေကို ကြည့်ရှုတယ်လို့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ရန်ကုန်မှာလည်း အ ပြောင်းအလဲတွေ ရှိလာပါပြီ။ Uber နဲ့ Grab က Taxi တွေကို ရန်ကုန်မှာ ငှားစီးလို့ရနေပြီ ဖြစ်ပါ တယ်။

ဟိုးအရင် စစ်တပ်အစိုးရ အုပ်ချုပ်တဲ့ ခေတ်တုန်းကတော့ ဖုန်း SIM ကတ်တစ်ကတ်ရဲ့ ဈေးဟာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာ၂,၀၀၀ လောက်အထိ ကြေးပေါက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲဒီလို SIM ကတ်ကိုပဲ အင်တာ နက်သုံးစွဲနိုင်တဲ့ အခြေအနေမှာ ၁ ဒသမ ၅ ဒေါ်လာလောက် ဈေးနဲ့ Ooredoo လို ကုမ္ပဏီကြီးတွေက ရောင်းချပေးနေပါတယ်။ ဒေါ်လာ ၂၀ အောက် ဈေးလောက်နဲ့ ဝယ် လို့ရတဲ့ ဖုန်းတွေရှိနေသလို တစ်မိနစ် ဖုန်းပြောခကလည်း တစ် မိနစ်ကို ၂ ဆင့်လောက်အထိ သက်သာနေပါတယ်။

ရန်ကုန်မှာ တွန်းလှည်းတစ် စီးနဲ့ ဝေဖာယိုသုပ် လိုက်ရောင်း နေတဲ့ အသက် (၃၀) အရွယ် ကိုနိုင် ဝင်းကတော့ ဒီအခြေအနေကို သဘောကျနေပါတယ်။ တစ်ချိန် တုန်းကဆိုရင် နယ်ကမိသားစုကို ဆက်သွယ်ဖို့ စာတိုက်ကိုပဲ အား ကိုးနေရတယ်လို့ သူက ဆိုတယ်။ ‘‘အခုက အရမ်းလွယ်သွားပြီဗျ။ လူတိုင်းလက်ထဲမှာ ဖုန်းရှိနေပြီ လေ’’လို့လည်း ကိုနိုင်ဝင်းက ရှင်း ပြပါတယ်။

မသီရိသန့်မွန်ကတော့ ရန်ကုန်မှာ အသေးစားချေးငွေလုပ် ငန်းတစ်ခု ဖွင့်လှစ်ထားပါတယ်။ တစ်ချိန်တုန်းက ဆင်ဆာစနစ် ကြပ်မတ်လွန်းတာကြောင့် ပြည်ပက မှာယူတဲ့မဂ္ဂဇင်းတွေ အ ရောက်နောက်ကျတာကို သတိ ရမိတယ်လို့ ပြောပါတယ်။ ‘‘ဟော၊အခုကျတော့ ကျွန်မတို့ အင်တာ နက် လိုင်းပေါ်ရောက်နေပြီလေ။ နိုင်ငံတကာမှာ တခြားသူတွေ ဘယ်လိုဘယ်ပုံ ရှိသလဲဆိုတာကို လူတွေက အမြင်ကျယ်ကျယ်သိ မြင်လာပြီ။ လမ်းပေါ်မှာ လူတော်တော်များများက ဒေါ်နယ်ထရန့် အကြောင်း ဆွေးနွေးနေကြပြီ။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကဆိုရင် အနီးအနားမြို့မှာ ဘာဖြစ်နေမှန်း တောင် မသိကြဘူး’’လို့ သူက ဆို တယ်။ဈေးကွက် အကြံပေးသုတေ သီ အိန်စတိန်းကတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေအနေနဲ့ စွန့်စားရတဲ့အပိုင်းတွေ ရှိမယ်လို့ လည်း သုံးသပ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဒီလိုဥပမာတွေ အရင် ကတည်းက ရှိဖူးပြီးသားလို့လည်း သူကထောက်ပြတယ်။ စည်းမျဉ်း တွေ ဖြေလျှော့ပေးပြီး ဈေးနှုန်း လျှော့ချပြိုင်ဆိုင်မှုတွေ တိုးပွားလာတဲ့အခါ တချို့ကုမ္ပဏီတွေက ပြိုင်ပွဲက ထွက်သွားရတာမျိုးရှိ တတ်တယ်လို့ အိန်စတိန်းက ထောက်ပြပါတယ်။ ဇန်နဝါရီလမှာ မြန်မာအစိုးရဟာ Viettel Group ကို စတုတ္ထမြောက် မိုဘိုင်းကွန်ရက်ကုမ္ပဏီအဖြစ် မြန်မာနိုင်ငံထဲမှာ မြှုပ်နှံခွင့်လိုင်စင်ချ ပေးဖို့ ခြေလှမ်းပြင်လာပါတယ်။ Viettel Group ဟာ ဗီယက်နမ် အစိုးရပိုင် ကုမ္ပဏီကြီးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက တာဝန် ယူ လုပ်ငန်း လည်ပတ်နေပါတယ်။ ဒီကုမ္ပဏီဟာ ဟေတီ၊ တန်ဇန်းနီး ယားနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ဈေးကွက်ပြိုင်ဘက်တွေကို ဖယ်ရှား ပစ်ခဲ့ဖူးတယ်။

Viettel ကတော့ ဒီအ ကြောင်းကို ဘာမှတ်ချက်မှ မပေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီး သုံးခုစလုံးက စတုတ္ထမြောက် ကုမ္ပဏီ တစ်ခု ဈေးကွက်ထဲဝင်လာမှာကို ကြိုတင်မျှော်လင့်ပြီးသားလို့ တူတူညီညီ တုံ့ပြန်ခဲ့ကြပါတယ်။ ဒါဟာလုပ်ငန်းပြိုင်ဆိုင်မှုမှာ ပိုပြင်းထန် လာနိုင်ပေမယ့် သာမန်ဖုန်းအသုံး ပြုသူ တစ်ဦးချင်းစီအတွက်တော့ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်မယ်မထင်ကြောင်း အိန်စတိန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်သူအများစုဟာ ငွေကြေး၊ ငွေစက္ကူတွေကို ကိုင်ဆောင်အသုံးပြုနေဆဲ ပါ။ စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင် နှုန်းသာ ဘဏ်အကောင့်တွေ ဖွင့်လှစ်လေ့ရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။ ဒါပေမဲ့ ယုံကြည် စိတ်ချရတဲ့ မိုဘိုင်း App တွေကို အသုံးပြုနိုင်မယ်ဆိုရင်တော့ ဒီပြဿနာဟာ တဖြည်းဖြည်းပြေ လည်လာနိုင်ပါတယ်။

လောလောဆယ် အသုံးပြု နေတဲ့ App တွေထဲမှာ Wave Money ဆိုတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီ App ကိုတော့ Telenor က ပြည်တွင်းလက် တွဲဖော် ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဖန်တီးထားတာပါ။ ဒီ App ကို အသုံးပြုပြီး လူတွေက ငွေချေတာ၊ငွေလွှဲတာတွေ လုပ်ဆောင်နိုင်ပါ တယ်။ စမတ်ဖုန်းတစ်ခုတည်းကို အသုံးပြုရုံနဲ့ ငွေသားထုတ်ယူနိုင် တဲ့ အထောက်အပံ့မျိုးတွေ ရှိလာ တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ စတင်မိတ်ဆက်ခဲ့ပြီးကတည်းက ဒီ Appကို အသုံးပြုနေသူ လေးသိန်းခွဲ လောက်ရှိနေပြီလို့ ကုမ္ပဏီက ဆိုပါတယ်။

‘‘မြန်မာနိုင်ငံအတွက် လို အပ်နေတဲ့ ပိုမိုထိရောက်တဲ့ ငွေ ကြေး ဝန်ဆောင်မှုစနစ်မျိုးကို သမားရိုးကျ နည်းလမ်းတွေထက် စမတ်ဖုန်းတွေနဲ့ လွယ်လွယ်ကူကူ အထောက်အပံ့ပေးလာနိုင်စရာ ရှိပါတယ်’’လို့ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ Business Incubatorလုပ်ငန်းတစ်ခုဖြစ်တဲ့ Phandee-yar ရဲ့ အမှုဆောင်ချုပ် ဒေးဗစ်မက်ဒန်က ပြောပါတယ်။

လူတိုင်းလိုလို လက်ထဲမှာစမတ်ဖုန်းတွေ ရောက်ရှိလာခြင်း နဲ့အတူ အခုဆိုရင် စိုက်ပျိုးရေးလုပ်ငန်းခွင်က လယ်သမားကြီး တွေလည်း အွန်လိုင်းဂိမ်းတွေကို စွဲစွဲလမ်းလမ်း ကစားနေကြပါပြီ။ ပြည်တွင်း Software Developer ကုမ္ပဏီတစ်ခုဖြစ်တဲ့ My Play ကသူတို့ဖန်တီးထားတဲ့ ဂိမ်းငါးမျိုးကိုဝင်ရောက် ကစားနေသူ တစ်သန်း ကျော် ရှိနေပြီလို့ ပြောပါတယ်။ အဲဒီထဲက ဂိမ်းတစ်မျိုးဆိုရင် ဆိုက်ကားနင်းရင်း အခက်အခဲ တွေကို ကျော်လွှားရတဲ့ ပုံစံမျိုးဖန် တီးထားတာ ဖြစ်ပါတယ်။ မတ်လတုန်းက ဩစတြေးလျ အခြေ စိုက် Isentric လီမိတက်က MyPlay ကို ဒေါ်လာ ၄ ဒသမ ၆ သန်းနဲ့ လွှဲပြောင်းဝယ်ယူဖို့ သဘောတူထားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲက အင်တာနက် အထောက် အပံ့ဟာ လိုင်းဖုန်းတွေ၊ ဘဏ်ခွဲတွေ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ မလိုအပ်ဘဲ တချို့သော လုပ်ငန်းဆိုင် ရာ အခက်အခဲတွေကို ဘယ်လိုဘယ်ပုံ ကျော်လွှားနိုင်မလဲဆိုတာ ကို သင်ကြားပေးနေသလိုပါပဲ။ ဒါပေမဲ့ အင်တာနက်အထောက် အပံ့နဲ့ အစားထိုးဖို့ မဖြစ်နိုင်တာ တွေလည်း ရှိနေဆဲပါ။

Nexlabs ရုံးခန်းထဲမှာ ကုမ္ပဏီ အမှုဆောင်ချုပ် ကိုရဲမြတ်မင်းက မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းကွန်ရက် စီးပွားရေး ရတနာသိုက် အကြောင်း ပြောပြနေတဲ့အချိန် မီးပြတ်သွားပါတယ်။ ငယ်ရွယ်တဲ့စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်လေး ဟာ ရုတ်တရက် သူ့ရုံးခန်းအမှောင်ကျသွားတဲ့အပေါ် အထူးအ ဆန်းမဟုတ်တော့သလို ခပ်အေး အေးပါပဲ။ စက္ကန့်အနည်းငယ် အ ကြာမှာတော့ မီးစက်သံနဲ့အတူ မီးပြန်လင်းလာပါတော့တယ်။

(Bloomberg မှ ဖိလစ်ဟိုင်ဂျမန်းစ်ရေးသားသည့် The Unprece-dented Explosion of Smart-phones in Myanmar ဆောင်းပါး ကို ပြန်ဆိုသည်။)
 


No comments