Header Ads

တောမြို့လေးတစ်မြို့မှာနေထိုင်ခြင်း


တောမြို့လေးတစ်မြို့မှာ နေထိုင်ခြင်း









ပန်းဆိုးတန်း ဆိပ်ကမ်းတစ်နေရာကို မြင်ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)



ရန်ကုန်မှာ နှစ်ပေါင်းများစွာ နေလာတဲ့ ကျွန်တော်ဟာ ရုတ်တရက် တောမြို့လေးတစ်မြို့ကို ရောက်သွားတော့ ကျွန်တော့်မှာ မနေတတ် မထိုင်တတ် ဖြစ်ရပါတယ်။ ရန်ကုန်မှာဆို ကျွန်တော်က မနက်မိုးလင်းတာနဲ့ အိပ်ရာထဲကနေ အိမ်ရှေ့လမ်းမဘက်က “တစ်သုံးသုံး၊ တစ်သုံးသုံး၊ စိတ်ကျန်းမာရေးဆေးရုံကို၊ စိတ်ကျန်းမာရေးဆေးရုံကို” လို့ အော်နေတဲ့ ဘတ်စ်ကားစပယ်ယာတွေရဲ့အော်သံကို နားထောင်ရင်း အိပ်ရာထရပါတယ်။ ဒီမှာကတော့ မနက်လင်းတာနဲ့ စာကလေးတွေရဲ့ ကျလိကျလိ အော်သံကလွဲလို့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ရန်ကုန်မှာတော့ မျက်နှာသစ်ပြီးတာနဲ့ လမ်းထိပ်ကို ထွက်ပြီး Daliy Eleven သတင်းစာ တစ်စောင်ဝယ်ကာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး သတင်းစာဖတ်ပါတယ်။ ဒါက ကျွန်တော် ရန်ကုန်မှာ နေ့စဉ် နိစ္စဓူဝတစ်ခုလို ပြုလုပ်နေတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာဖတ်တဲ့အကျင့်က အမြစ်စွဲသလို ဖြစ်နေပါတယ်။

နယ်မှာက မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ ဈေးလိုက်သွား၊ ဆိုင်ဖွင့်ပြီးတာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာပါပဲ။ သတင်းစာက မပါ၊ အပေါင်းအသင်း သူငယ်ချင်းကလည်း မပါဆိုတော့ ဟာတာတာကြီးပါပဲ။ သတင်းစာ မဖတ်ရတာက ကျွန်တော့်မှာ အတော်လေး နေမထိထိုင်မသာ ဖြစ်ရပါတယ်။ ဒါနဲ့ ကျွန်တော်က ဂျာနယ်လေးတွေရောင်းတဲ့ဆိုင်ကို သွားမေးရပါတယ်။ သတင်းစာ ရနိုင်မလားပေါ့။ သူက ဘယ်သတင်းစာ ဖတ်ချင်တာလဲ၊ မှာပေးပါ့မယ်ဆိုတော့ ကျွန်တော်က Daily Eleven သတင်းစာ ရနိုင်မလား ရရင်မှာပေးပါ၊ နေ့စဉ်ယူပါ့မယ်ပေါ့။ သူက ဟုတ်ကဲ့မှာ ပေးပါ့မယ်၊ ဒါပေမဲ့ တစ်ရက်တော့ နောက်ကျမယ်၊ တနင်္ဂနွေတစ်ရက်တော့ ပျက်ပြီး နောက်ရက်မှာ ပေါင်းပြီးရမယ် ရမလားဆိုတော့၊ ရတယ်ပေါ့။ ဒီလိုနဲ့ ဖတ်ချင်တဲ့သတင်းစာက တစ်ရက်နောက်ကျပြီး ညနေပိုင်းလောက်မှာ ဖတ်ရပါတယ်။ မဆိုးပါဘူး လုံးလုံး မဖတ်ရတာနဲ့စာရင် စိတ်ထဲမှာတော့ အာသာပြေသွားတာပါပဲ။

တောမြို့လေးတစ်မြို့ဟာ ရန်ကုန်မြို့ကြီးနဲ့ အများကြီး ကွာခြားပါတယ်။ လူနေမှု အဆင့်အတန်း၊ အဆောက်အအုံ၊ အသုံးအဆောင် စသဖြင့်ပေါ့။ ဒီတောမြို့လေးမှာ စီးတီးမတ်မရှိဘူး။ Junction City လိုမျိုး ဈေးဝယ်စင်တာ မရှိဘူး။ ပလာဇာတွေ မရှိဘူး။ ကွန်ဒိုတွေ မရှိဘူး။ အထပ်မြင့်တိုက်တန်းတွေ မရှိဘူး။ ရုပ်ရှင်ရုံ မရှိဘူး။ အနှိပ်ခန်း မရှိဘူး၊ ကလပ်မရှိဘူး။ ကေတီဗွီမရှိဘူး။ KFC ကြက်ကြော် မရှိဘူး။ ကုန်တိုက်တွေ မရှိဘူး။ ဘဏ်တိုက်တွေလည်း မရှိဘူး။ မီးခိုးတွေ မနားတမ်း မှုတ်ထုတ်နေတဲ့ စက်ရုံတွေလည်း မရှိဘူး။ အသားကင်နံ့၊ ညှော်နံ့၊ အိပ်ဇောနံ့၊ အဖုံးတွင်း ကံစမ်းမဲနဲ့ အမြှုပ်တွေ လျှံကျနေတဲ့ လမ်းဘေးပလက်ဖောင်းတွေ မရှိသေးဘူး။ ပီကေကို တဖောက်ဖောက် မှုတ်ဖောက်နေတဲ့ စကပ်အတိုအပြတ်တွေနဲ့ နှုတ်ခမ်းနီမလေးတွေလည်း မရှိသေးဘူး။

ဒီတောမြို့လေးမှာ ဘာတွေရှိသလဲဆိုတော့ စိမ်းစိုနေတဲ့ လယ်ကွင်း ယာကွင်းတွေ ရှိတယ်။ ကျေးငှက်တွေရဲ့ အော်သံတွေရှိတယ်။ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ ရှိတယ်။ တောသူတောင်သားတွေရဲ့ တောင်ယာထွက်ပစ္စည်းတွေ ရောင်းဝယ် ဖောက်ကားမှုတွေရှိတယ်။ ပါးပြင်ပေါ်က ချွေးစီးကြောင်းထနေတဲ့ သနပ်ခါး ပါးကွက်ကြားနဲ့ ရိုးသားမှုတွေရှိတယ်။ အမောဖောက်နေတဲ့ ယာထဲက နွားငေါက်သံတွေရှိတယ်။ ယောထဘီကြမ်းနဲ့ ဖျင်အင်္ကျီကြမ်းတွေ ရှိတယ်။ မြို့ကလေးရဲ့ ဘေးမှာ အမြဲတမ်းစီးဆင်းနေတဲ့ ရေပြာပြာချောင်းကလေး ရှိတယ်။ အဲဒီချောင်းကလေးပေါ်ထိုးထားတဲ့ တံတားပေါ်က ဖြတ်သန်းသွားတဲ့ လတ်ဆတ်တဲ့ လေနုအေးကလေးတွေ ရှိတယ်။ ချောင်းလေးရဲ့ သောင်ပြင်ပေါ်က အားလူးခင်း၊ ကြက်သွန်ခင်းတွေ ရှိတယ်။ ညမှာ ကြယ်မြင်လမြင် ကောင်းကင် လတ်လတ်ဆတ်ဆတ်ကြီး ရှိတယ်။

ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ နှစ်ပေါင်းများစွာနေလာတဲ့ ကျွန်တော်ဟာ အရိုင်းဆန်ဆန် အသက်ရှူချောင်ချောင်နေရပေမယ့် ဒီတော မြို့လေးမှာ အသားမကျနိုင်သေးပါဘူး။ ရန်ကုန်မှာလို တစ်ပတ်တစ်ခါ မြို့ထဲထွက်၊ ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေ လျှောက်ကြည့်၊ ဘာစာအုပ်အသစ်ထွက်သလဲ စူးစမ်း၊ ကြိုက်တဲ့ စာအုပ်တွေ့ရင်ဝယ်၊ ပြီးရင် ဆိပ်ကမ်းသာက လက်ဖက်ရည်ဆိုင်ကလေးကိုသွား၊ ကဗျာဆရာ၊ စာရေးဆရာတွေနဲ့တွေ့၊ သူတို့ပြောစကားတွေကို ငေးမောနားထောင်ရတဲ့ အခွင့်အရေး မရတော့ပါဘူး။ ညနေစောင်းတာနဲ့ မြောက်ဒဂုံ၊ မြောက်ဒဂုံလို့ ပါးစပ်က မီးထွက်မတတ်အော်နေတဲ့ ကားစပယ်ယာရဲ့ အော်သံနဲ့အတူ ကျွန်တော့်ရဲ့ အိမ်အပြန်ညတွေကိုလည်း လွမ်းဆွတ်နေမိ ပြန်ပါသေးတယ်။

ရန်ကုန်နေ့ရက်တွေထဲက ဒိုင်ယာရီလို ရေးခြစ်ခဲ့မိတဲ့ စာမျက်နှာတချို့ကို ပြန်ဖတ်ကြည့်မိတော့ ခံစားမှုအသစ်တစ်ခုအဖြစ် ရပါတယ်။ “အသစ်ဖြစ်ရသလို ဒီဘ၀ ဒီခန္ဓာ ဘ၀ထဲ အသားမကျ ခြေလှမ်းတွေမှားရ၊ စကားတွေမှားရ ဟောင်းနွမ်းပေမယ့်လည်း အပြောင်းအလဲက ပြောင်းလဲမသွား။ သွားတော့ သွားနေမိတာပဲ။ သွားနေတဲ့ အလျားက လက်နှစ်သစ်ထက် မပို၊ တစ်နေကုန် အရုပ်တစ်ရုပ်လို ကျောပေးထားတဲ့ ပန်းပွင့်တွေကို ငေးမောရင်း စာမျက်နှာ တစ်ဆယ့်ငါးကို တဖျပ်ဖျပ်လှန်လို့။ မတူမတန်သလိုဆိုလည်း အယူခံလည်း မ၀င်လို၊ ကိုယ်လည်း ကိုယ့်ရှင်သန်မှုကို အပိုင်လိုချင်မိတာပဲ။ မျှော်ငေးနေရတဲ့ လမ်းမပေါ်မှာ အိပ်မက်တွေဟာ ကြေမွ၊ ကြွေကျနေတဲ့ သစ်ရွက်တွေမှာ အလှတရားက ရှိနေသေးတော့ ခုတ်ချခံရတဲ့ အခက်အလက်တွေမှာ ကျန်ခဲ့တဲ့ စိမ်းလန်းခြင်းတွေကိုတော့ နေရောင်ခြည်က မဟန့်တားနိုင်ပါဘူးလို့ ကိုယ့်ဟာကိုယ် အားတင်း၊ တစ်ခါတစ်ခါ အရိုင်းမဆန်ခဲ့မိတော့ လေညင်းကလေးရဲ့ ကျီစယ် ဆော့ကစားမှုမှာ ယိုင်လဲနာကျင်ရတယ်။ ပြီးပြည့်စုံဖို့က ဘာတစ်ခုမှ မပြီးဆုံးသေးတော့ ဆုံမှတ်တို့သည်လည်း ဝေးကွာနေဆဲ။ နာကျင်မှုဆိုတာ သွေးထွက်သံယိုဖြစ်မှ ခံစားရတာ မဟုတ်တော့ ရယ်မောခြင်းကိုလည်း တတ်နိုင်သမျှ ချွေတာမိတယ်။ တိတ်ဆိတ်တယ်၊ အေးစက်တယ်၊ ချောက်ချားတယ်၊ မမြင်နိုင်တဲ့ အဝေးက ရှုမျှော်ခင်းကို မှန်းဆကြည့်တယ်။ အထီးကျန်ခြင်းရဲ့ အရသာပါပဲ။ နန်းမြင့်မျှော် စင်ကနေ ကြည့်လိုက်ပါ။ ကောင်းကင်ကြီးကို နမ်းရှုံ့နေတဲ့ သစ်ပင်ကြီးရဲ့ အောက်မှာပေါ့။ ပျော်ရွှင်ခြင်းကို ထီးမိုးပြီး စိုက်ပျိုးဖူးပွင့်လာတဲ့အခါ ကမ္ဘာမြေရဲ့ဆွဲအားနဲ့ ကြွေကျလာတဲ့ ပန်းသီးကို တစ်ယောက်တစ်ဝက် ခွဲစားကြမယ်ဆိုတဲ့အကြောင်း သစ်မြစ်မှာရေးထိုးထားခဲ့။ စိတ်အစဉ်က ဝေးကွာနေတဲ့ လမ်းဆီ ကူးချည်သန်းချည်နဲ့ စိတ်ကူးလို့။ ပန်းခင်းကြီးဆီက ကိုင်းကူးယူထားရတဲ့ ပျော်ရွှင်မှုက မနမ်းရှိုက်ရသေးခင်မှာပဲ ညှိုးနွမ်းသွားတယ်။ တစ်နေ့လုံး ဆွေးမြည့်ဖွယ်များပါပဲ။ ဓာတ်ကြိုးတန်းပေါ်က ခိုတွေ ကြောင့်ကြမဲ့လွန်းနေတာကို မနာလိုဖြစ်မိတယ်။ ငြီးငွေ့မှုက လေထုထဲ အပြည့်ရှိနေတော့ ဘယ်နေရာရောက်ရောက် ထိစမ်းနေမိတော့တာပဲ။ ကျိုးကြေနေတဲ့ နေရောင်ခြည်ဟာ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်ကာ အမှောင်ဟာ မည်းသထက် မည်းလာပေမယ့် အိမ်ပြန်နေရတဲ့ ဖြစ်တည်မှု မဟုတ်လေတော့ မိုးချုပ်လှတယ်လို့ မထင်မိပါဘူး။ အရောင်မဲ့မို့ တစ်စုံတစ်ရာ စွန်းထင်ဖို့ လွယ်ကူပါတယ်။ နေရောင်ခြည်မှာ ထောင်ကြည့်လိုက်ပါ၊ တလူလူတက်နေတဲ့ တံလျပ်တွေကို မြင်ရပါလိမ့်မယ်။ အဲဒါကို ရေလို့ မထင်ပါနဲ့။ သဲကန္တာရကြီးက ဓာတ်ပုံထဲမှာ အရမ်းလှပါတယ်။ ဒါပေမဲ့ အဲဒီထဲ ဘယ်သူမှတော့ လျှောက်သွားမနေချင်ဘူး မဟုတ်လား”။

ကျွန်တော်ဟာ တံတားအောက်က စီးဆင်းနေတဲ့ ရေပြာပြာတွေကို ငေးမောကြည့်နေမိပါတယ်။ ဒီရေတွေဟာ ဘယ်အထိ စီးဆင်းသွားသလဲ၊ ဘယ်မှာ အဆုံးသတ်သွားသလဲ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ရေတွေကတော့ နာရီ၊ စက္ကန့်၊ အချိန်နဲ့အမျှ မရပ်မနား စီးဆင်းနေတာကိုပဲ တွေးနေမိပါတယ်။ ပန်းဆိုးတန်းတံတားပေါ်ကနေ ကျွန်တော် ငေးကြည့်နေခဲ့တုန်းက ကျွန်တော့်ရဲ့အတွေးဟာ ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ ခွက်တစ်ခွက်ကို ရှေ့ချပြီး ပိုက်ဆံတောင်းနေတဲ့ ကလေးတစ်ယောက်ရဲ့ ငိုက်မြည်းမှုနဲ့အတူ အပေါစားမိတ်ကပ်၊ နှုတ်ခမ်းနီရဲရဲနဲ့ စူးရှရှရေမွှေးနံ့ထဲ နစ်မျောပြီး မိန်းမောနေခဲ့မိတာပါ။ မီးရောင်တွေဟာ လမ်းမကြီးတစ်လျှောက် စီးဆင်းသွားတာ တွေ့ခဲ့ရတယ်။ ဒိုင်ယာရီ နောက်တစ်ရွက် လှန်လိုက်ပါတယ်။

“ထူးမခြားနား မထူးဆန်းလေသော အဖြစ်အပျက်များပါပဲ။ ကားတွေက သွားမြဲတိုင်းသွားနေဆဲ သစ်ရွက်တွေကလည်း ကြွေကျနေဆဲပါပဲ။ အရာအားလုံး သူ့အလုပ်သူ လုပ်နေကြတာပါပဲ။ ကျွန်တော်ကပဲ ရပ်တန့်နေမိတာပါ၊ ရှေ့ဆက်ဖို့ဆိုတာ ပင်လယ်ကို လက်ပစ်ကူးရတာလောက် မလွယ်ကူပါဘူး။ ဘ၀တစ်ခုကို ၀တ်စုံတစ်စုံနဲ့ ခုထားမှ ဟန်ချက်က ညီရတော့မှာလား။ အခု အဲဒီအခုအခံကို ဆွဲဖြုတ်လိုက်တော့ သူ့ရဲ့ နက်မှောင်သော အကြည့်နဲ့ ဘလက်ဟိုးတွင်းနက်နက်ထဲ ထိုးကျသွားရလောက်အောင်အထိ အပြောင်းအလဲရဲ့ အရှိန်က မပြင်းထန်ပါဘူး။ မှားတယ် ချိုးဖောက်တယ်ဆိုတာ ရှင်သန်ခြင်းကောင်းကင်ထဲ တောင်ပံတစ်စုံတပ်ပေးမိတဲ့ ပြစ်ချက်ပဲရှိပါတယ်။ အရေပြားပေါ်မှာ ဖုံးအုပ်ထားတဲ့ ၀တ်စုံတစ်ခုရဲ့ သက်ရောက်မှုဟာ ဝေးခြင်း နီးခြင်းတို့ကို ဖန်တီးရှင်သန်ခြင်းကို ညှိုးရော် ခြောက်သွေ့စေတတ်ပါသလား။ ကျွန်တော် ဘာမှမပြောင်းလဲပါဘူး။ ဟိုအရင်ကအတိုင်း ပန်းပွင့်တွေနဲ့ ကျေးငှက်သာရကာတွေကို ချစ်မြဲချစ်နေဆဲပါ၊ အရင်ကလိုပဲ အိပ်ရာ စောစောထမြဲ၊ သတ္တ၀ါအားလုံးအပေါ် မေတ္တာပို့ လွှတ်ဆဲပါပဲ။ ကောက်ကွေ့သော မြစ်တစ်စင်းရဲ့ အလျဉ်အတိုင်း ကျွန်တော်က ဖြောင့်တန်းစွာ စီးဆင်းချင်မိတာပါ။ သီချင်းတစ်ပုဒ်ကို ပါးစပ်က ညည်းဆိုခွင့်ရဖို့ နှစ်ပေါင်း ၃၀ ကျော် စောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီတုန်းက ပန်းတစ်ပွင့်ရဲ့ အလှတရားကို မခံစားတတ်သေးသလို ကမ္ဘာမြေရဲ့ ဘယ်လိုနေရာမှာ ပေါက်ရောက်နေတယ်ဆိုတာလည်း မစဉ်းစားမိပါဘူး။ အခု ကျွန်တော်လမ်းမပေါ်က ကျွန်တော့်ရဲ့ အရောင်ကွဲပြားမှုကို ချေဖျက်ပေါင်းစပ်လိုက်ပါပြီ။ တဖြည်းဖြည်း စိမ်းစိုပွင့်ဖူးညှိုးရော် ခြောက်သွေ့ကြွေကျသွားမယ့် ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ ဘာအတွက် ဖြတ်တောက် ခြေမွပစ်ချင်ရတာပါလိမ့်။ နောင်နှစ်ပေါင်း တစ်ရာလောက်ကို ကြိုစဉ်းစားကြည့်လိုက်ရင် သင်္ခါရတရားရဲ့ သင်္ခါရကျမှုကို ဘ၀ရဲ့ မသေချာ မရေရာသော ပျောက်ဆုံးခြင်းရဲ့ အမှောင်ထဲကနေ မြင်ရပါလိမ့်မယ်။ အိပ်ရာခင်းပေါ် ပြေးသွားနေတဲ့ ကျွန်တော့်ကိုကိုက်မယ့် ကြမ်းပိုးလေးတစ်ကောင်ကိုတောင်မှ ခြေမွပစ်ဖို့ ကျွန်တော့်မှာ တုံ့ဆိုင်းနေရပါတယ်။ နေပါစေတော့၊ လက်သည်းတွေရဲ့ ချွန်မြမှုတွေနဲ့ ဆော့ကစားပြီး သွေ့စို့အောင် ပျော်ရွှင်ပါစေတော့။ နောက်ကျောကနေ ထိုးစိုက်မယ့် ဓားတစ်လက်ရဲ့အသွားဟာ တုံးနေမှာကို ကျွန်တော် မလိုလားပါဘူး။ ကျွန်တော့်ရဲ့ နှလုံးသားအထက်ကနေ မြင်ရသမျှ မြင်ကွင်း အားလုံးကို အရသာရှိရှိ မျိုချချင်မိတာပါ။ အဝေးတစ်ဖက်ကမ်းက စိမ်းစိမ်းမြမြ တောအုပ်ကလေးဟာ အေးမြသော စမ်းချောင်းကလေးနဲ့ နေချင်စဖွယ် ဖြစ်မှာပဲလို့ မြင်ရသူ လူတိုင်းကို အတွေးဝင်စေမှာပါပဲ။ ကျွန်တော်က အဲဒီတောအုပ်ကလေးထဲက မြေပြင်မှာ ကပ်နေတဲ့ သစ်ရွက်ဆွေးကလေး တစ်ရွက်ပါပဲဆိုတာ ကျွန်တော် ဘယ်သူ့ကိုမှ ပြောပြမနေတော့ပါဘူး”။

ကျွန်တော်က “ကျွန်တော်သည် ၄၅ လမ်းထဲသို့ ချိုးဝင်လိုက်သည်” ဆိုတဲ့ စာကြောင်းနဲ့ စဖွင့်ရေးသားထားတဲ့ ဆရာမြသန်းတင့်ရဲ့ “လက်ဖက်ရည်ဆိုင်ထဲမှာ ဖြတ်သန်းစီးဆင်းသွားသော ရေအလျဉ်” ဆိုတဲ့ အက်ဆေးကို အငတ်ငတ် အမွတ်မွတ်နဲ့ ဖတ်နေမိတယ်။ ဆရာက သူနဲ့အတူ လက်ဖက်ဆိုင် အတူထိုင်ခဲ့ကြတဲ့ သူနဲ့ခေတ်ပြိုင် စာရေးဆရာတွေအကြောင်းကို တမ်းတမ်းတတ ဖွဲ့နွဲ့ထားတာ ဖြစ်ပါတယ်။

အက်ဆေးရဲ့ နောက်ဆုံးအပိုဒ်မှာ ဆရာက “ကျွန်တော်သည် ၄၅ လမ်းထိပ်မှထွက်ပြီး တစ်ခါက ‘မင်းဆွေ’ နေခဲ့သည့် နေရာကို ကြည့်သည်။ ထိုနှစ်ထပ်တန်းလျားကြီး မရှိတော့ပါ။ ‘မြို့မအုန်း’ နေခဲ့သည့်နေရာကို ကြည့်သည်။ ‘ဒေ၀’ ဆေးဆိုင်ဖွင့်ခဲ့သည့် နေရာကို ကြည့်သည်။ ကျွန်တော်တို့ ထိုင်ခဲ့သည့် မက်သဒစ်ကဖီး နေရာကလေးကို ကြည့်သည်။ ဘာတစ်ခုမှ မတွေ့ရတော့။ ၄၅ နှစ် အတွင်း တံတားအောက်မှာ ရေတွေ ဘယ်လောက်များ စီးဆင်းသွားကြလေပြီ မသိ။ သို့ရာတွင်...။ ရေအလျဉ်သည် အစဉ်မပြတ် စီးဆင်းနေမည်သာ” လို့ အဆုံးသတ်ထားပါတယ်။

ကျွန်တော်က ဖတ်ရင်းနဲ့ ပိုပြီးလွမ်းဆွေးသလို ဖြစ်လာပါတယ်။ ဒီအက်ဆေးရဲ့ အရသာကို ရန်ကုန်မှာ နေတဲ့သူ၊ ဒါမှမဟုတ် နေခဲ့ဖူးတဲ့သူသာ ပိုပြီးတော့ နားလည်ခံစားမိလိမ့်မယ်လို့ ထင်ပါတယ်။ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကို ဒီတစ်ခေါက် ကျွန်တော်ရောက်ဖြစ်ရင် ဆိပ်ကမ်းသာလမ်း ပလက်ဖောင်းပေါ်က လက်ဖက်ရည်ဆိုင်ကလေးကို ရှိ မရှိ သွားကြည့်ရပါဦးမယ်။

Writer: 


စိုးခိုင်ညိန်း


No comments