Header Ads

ကျွန်တော်နှင့်ငရဲသားများ


ကျွန်တော်နှင့်ငရဲသားများ









အင်းစိန်ထောင်တစ်နေရာကို အပြင်ဘက်မှ မြင်ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ငရဲကောင်အမှတ် (၁) မွန်ကြီး (ခ) ဘချစ်

“မင်းတို့ဟာ အပြင်မှာ ဘာကောင်ကြီးပဲ ဖြစ်လာခဲ့ ဖြစ်လာခဲ့ ငါသောက်ဂရုမစိုက်ဘူး။ မင်းတို့ရဲ့အမြီးတွေ ထောင်ဘူးဝမှာ ချိတ်ထားခဲ့”

၁၉၇၈ မတ်လ အင်းစိန်ထောင် အဆောင် (၅) အောက် (၁) ပုံစံခန်း

အထက်ပါစကားများပြောနေသူမှာ အသားညိုညို၊ အရပ်မြင့်မြင့်၊ ဗလကောင်းကောင်း အသက် (၃၅) နှစ်ခန့် ရှိသူဖြစ်၏။ စကားပြောနေရင်း လက်ထဲရှိကြိမ်လုံးကို လေထဲတွင် ကြောက်မက်ဖွယ် တရွှမ်းရွှမ်း ဝှေ့ယမ်းရိုက်ပြနေသည်။ ဖဲရှမ်းဘောင်းဘီ အ၀ါရောင် ၀တ်ထားပြီး အပေါ်ပိုင်းဗလာ၊ ဖုထစ်သော ကြွက်သားအမြှောင်းမြှောင်းနှင့် နဖူးကျဉ်းကျဉ်းလေးတွင် ဆံပင်ကောက်များက လိမ်နေ၏။ “ဆင်မျက်လုံး” ဟု ခေါ်ကြသော အလုံးသေးသေး မျက်လုံးများရှိသည်။ မျက်နှာမှာ ထိပ်က သေးပြီး မေးရိုးကြီးက ကားနေသည်။

သူ့ပုံသဏ္ဌာန်မှာ ကြောက်မက်ဖွယ် အသွင်ဆောင်နေ၏။ သူ့နာမည်က မွန်ကြီး (ခ) ဘချစ်။ ယခု EAO ဟု ခေါ်ကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှဖြစ်ပြီး သူပုန်ဆက်သွယ် ၁၇ (၁)/၁၇ (၂) ဖြင့် ထောင်ခုနစ်နှစ်ကျနေသူဖြစ်၏။ မူလက မည်သို့ရှိမည် မသိသော်လည်း ယခု ပုံစံခန်းအခန်း လူကြီး၊ ထောင်လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေပေသည်။

အင်းစိန်ထောင်ရှိ အိပ်ဆောင်အခန်းတိုင်း မြတ်စွာဘုရားပုံတော်ကို နံရံပြည့် ရေးဆွဲထားလေ့ ရှိကြသည်။ အချို့ပုံတော်များမှာ လက်ရာမြောက်လှသည်။ ပုံစံခန်းမှ မြတ်စွာဘုရား၏ ပုံတော်ကတော့ မျက်နှာတော်မှာ စိတ်ဆင်းရဲ ညှိုးချုံးနေသည့်ပုံဖြစ်ပြီး မုဒြာမှာ တင်ပျဉ်ခွေကာ ပုံစံထိုင်ထားသည်။ သဘောကတော့ ပုံစံခန်းတွင် မြတ်စွာဘုရားပင်လျှင် ပုံစံထိုင်ရသည်ဆိုသည့် ထောင်သတိပေးချက်။ အချိန်ကတော့ ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီးများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအမည်ဖြင့် အုပ်ချုပ်နေချိန် ပြည်သူ့ကောင်စီအဆင့်ဆင့် ဒုတိယသက်တမ်း။

မွန်ကြီး၏ဘေးတွင် သမ္မတလူကြမ်းအဖွဲ့က စားတော့ဝါးတော့မည့်ပုံဖြင့် သရေပြားများ ပခုံးပေါ်တင်ကာ ဂိုက်ပေးနေကြသည်။ သူတို့က ဘုရားပုံတော်ရှေ့ ကွက်လပ်လုပ်ထားသော အခန်းမျက်နှာစာအတွင်း ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်ဖြင့် ဟန်ရေးပြနေကြခြင်းဖြစ်၏။

သူတို့ရှေ့တွင် ကျသစ် ခေါ် လောလောလတ်လတ် ထောင်ကျလာသူ ၂၀ ကျော်ခန့် နှင့် စစ်ခွေးတိုက်မှ တိုက်ပွင့်လာသော ကျောင်းသားခုနစ်ဦး ပုံစံထိုင်လျက်ရှိသည်။ ပုံစံထိုင်သည်ဆိုခြင်းမှာ တင်ပျဉ်ခွေထိုင်ပြီး ဒူးပေါ်တွင် လက်နှစ်ဖက် လက်သီးဆုပ်တင်ကာ ကျောဆန့်ထိုင်ထားရ၏။ ကျွန်တော်တို့ ကျောင်းသား ခုနစ်ဦးမှာ ၁၉၇၇ ဒီဇင်ဘာ ၂၀ ရက် တွဲဖက်ထောင်တန်းမ၀င်သပိတ်တွင် ပါဝင်သဖြင့် ရိုက်နှက်ဖြိုခွင်းကာ စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံထားရသူများဖြစ်၏။

ကျွန်တော်မှတ်မိသရွေ့ ကျောင်းသားများမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကဗျာဆရာ ကျော်ဝင်းမောင် (ကွယ်လွန်)၊ သူ့ညီ ကျော်မင်းမောင် (၁၉၇၆၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းအဖုံးပန်းချီဆရာ)၊ အင်းစိန် ဂျီတီအိုင် ကျောင်းသား ကိုသန်းရွှေ (ဖလမ်း) (ကွယ်လွန်)၊ အင်းစိန် ဂျီတီအိုင်မှပင် အိုင်ဗင် (ခ)မျိုးသန့် (ကွယ်လွန်)၊ ကျန်နှစ်ဦးကို မမှတ်မိတော့။

ပုံမှန်အားဖြင့် ကျသစ်ပုံစံပြသည်ကို ပုံစံခန်း၊ အခန်းလူကြီး တစ်ဦးတည်း ဆောင်ရွက်သော်လည်း ယခုကျွန်တော်တို့ ကျောင်းသား ခုနစ်ဦးပါသဖြင့် အခြားအခန်းလူကြီး ငါးဦးပါ အားဖြည့်ထားသည်။ ကျွန်တော်တို့ ကံကောင်းသွားသည့်တစ်ချက်မှာ တပ်ကူအခန်း လူကြီးထဲတွင် ‘ရမ်းကား’ ဟု ခေါ်သည့် စမ်းချောင်းသား လူမိုက်တစ်ဦး ပါလာခြင်းပင်။ ကျွန်တော်တို့ထဲက ကိုဝင်း (ကျော်ဝင်းမောင်)၊ ကိုမင်း (ကျော်မင်းမောင်) တို့ညီအစ်ကိုမှာ စမ်းချောင်း၊ မုန့်လက်ဆောင်းကုန်းသားများ ဖြစ်ကြသည်။ ရမ်းကားမှာလည်း မုန့်လက်ဆောင်းကုန်းသားဖြစ်၍ သူတို့ချင်း ဘော်ဒါဘော်ကျွပ်များ ဖြစ်ကြပါသည်။

ရမ်းကားတို့တွင် ညီအစ်ကိုသုံးယောက်ရှိရာ ရမ်း (Young)၊ ရမ်းကား (Younger)၊ ရမ်းဂက် (Youngest) ဟူ၍ဖြစ်ကြသည်။ ရမ်းကားမှာ ရုပ်ဖြောင့်ဖြောင့်၊ ဗလကောင်းကောင်း၊ အသက် (၂၅) နှစ်ကျော်ခန့်သာ ရှိဦးမည်။ မဟုတ်မခံစိတ်နှင့် ပါတီကောင်စီနှင့် ထိပ်တိုက်တွေ့ရာမှ လူမိုက်ဖြစ်လာရသည်ဆို၏။ အင်းစိန်ထောင်တွင် “အပိုင်သား” စိတ်ဓာတ်ခေါ် ချစ်ခင်ဖွယ်ဓလေ့တစ်ခုရှိသည်။ မိမိခရိုင် မြို့နယ်က လူကို အပိုင်သားအဖြစ် စောင့်ရှောက်ခြင်းဖြစ်သည်။

ထိုအပိုင်သားစိတ်ဓာတ်အရ ကိုဝင်းတို့ ညီအစ်ကိုအပါအ၀င် ကျောင်းသားများကို ပြဿနာမရှာရန် မွန်ကြီးကို ညှိထားသည်ဆို၏။ ကျွန်တော်တို့ ကျောင်းသားခုနစ်ဦးကို တစ်နေရာစီ ခွဲထားသော်လည်း ကျွန်တော်တို့ အချင်းချင်း လျှို့ဝှက်ဆက်သွယ်ကာ ဤပုံစံပြပွဲကို အလိုက်သင့်ဖြတ်ရန် ညှိထားကြပြီး ဖြစ်ပါသည်။

“နာမည်လို့ ပြောလိုက်ရင် ကျွန်တော်ကတော့ ဦးခင်မောင်သက်ချိုဦးပါ၊ ကိုကျော်မောင်မောင်သွင်ပါ မလိုချင်ဘူး။ မင်းတို့ နာမည်တွေ ရှေ့မှာ ဦးတွေ၊ ကိုတွေ မတပ်နဲ့။ ရွှေဘ၊ တင်ညွန့် ဒီလိုပြော။ တစ်လုံးတည်းရှိတဲ့ နာမည်ဆိုရင် မောင်လှ၊ မောင်မြလို့ မောင်ထည့်ပြော”

“ရွှမ်း..ရွှမ်း..ဘုန်း..အွတ်..အင့်”

ရှေ့ဆုံးတန်းတွင် ထိုင်နေသူ အဘိုးကြီးတစ်ဦးက ကျောပြင်ကို လက်နောက်ပြန်ကုတ်သဖြင့် မွန်ကြီးက ကြိမ်ဖြင့် နှစ်ချက်ဆင့်ရိုက်ပြီး ရင်ဝကို ဖနောင့်ဖြင့် ပေါက်လိုက်ရာမှ ထွက်လာသည့်အသံများဖြစ်၏။ အဘိုးကြီးမှာ နောက်ပြန်ယိုင်လဲသွားသည်။

“ဟင် ငါ့မယားသားက စမ်းတာလား”

တစ်ခန်းလုံးတိတ်သွား၏။

“စာတတ်လားလို့မေးရင် ကျွန်တော်က ဘီအေပါ၊ ဘီအက်စီပါ မလိုချင်ဘူး။ တတ်လို့ တစ်ခွန်းတည်း ဖြေ”

“မင်း ဘာလုပ်စားသလဲမေးရင် ကျွန်တော်ကတော့ ဆရာဝန်ကြီးပါ။ ကုမ္ပဏီပိုင်ရှင်ကြီးပါ မလိုချင်ဘူး။ ပြာတာကနေ ၀န်ကြီးချုပ်အထိ စာရေးလို့ ဖြေ။ ကြားလား” “ကြားပါတယ်” ပြန်ဖြေကြသည့်အသံများမှာ တိုးသဖြင့် ထိုင်နေသူများကို သားရေပြားဖြင့် ရိုက်၊ ထိုးကြိတ်၊ ကန်ကျောက်ကြသည်။ “ကြားလား” ဒီတစ်ခါတော့ “ကြားပါတယ်” ဟူသော အသံကြီးက ဟိန်းထွက်လာ၏။

ဤစိတ်ဆင်းရဲဖွယ် ‘အနိုင်ကျင့်ပြဇာတ်’ က တစ်နာရီခန့် ကြာသည်။ ထောင်ကျလာသူများကို ပုံစံခန်းတွင် တစ်ပတ်ထားပြီး နေ့စဉ် ဤကဲ့သို့ အမေးအဖြေလုပ်ကာ ရိုက်သည်။ နှိပ်စက်သည်။ အရိုက်အနှက် အနှိပ်စက်မခံလိုက ထောင်မှူး၊ ထောင်ပိုင်နှင့် အခန်းလူကြီးကို ပိုက်ဆံပေးရသည်။ စာတတ်သူများအဖို့မှာ ဤအမေးအဖြေက မဆန်းသော်လည်း စာမတတ်သူများ တောသားများမှာ အကြိမ်ကြိမ် အရိုက်အနှက်ခံကြရသည်။ လိုင်းဝင်လိုလျှင် (ပိုက်ဆံပေးလိုလျှင်) အခန်းစာရေးနှင့် ဆက်သွယ်ရသည်။

မွန်ကြီးမှာ မူလက သူပုန်တစ်ဦးဖြစ်သော်လည်း ထောင်ထဲတွင် ထောင်စိတ်ပေါက်သွားသည်။ အုတ်ရိုးတန်းတွင် လူငယ်ရုပ်သန့်သန့်လေးတစ်ဦးကို ‘အိပ်ဖော်’ အဖြစ် ခေါ်ထား၏။ ကျသစ်များကကြောက်၍ ပူဇော်ပသသည့် စားကောင်းသောက်ဖွယ်များ၊ ချက်ပြုတ်သည့် ပွဲတော်စာများ အလျှံပယ်။ စီးကရက်ကို ငါးသုံးလုံးမှ သောက်သည်။

ကျွန်တော်တို့က သူ့ကို စကား ဟက်ဟက်ပက်ပက်မပြော။ သူများတွေ ပုံစံခန်းတွင် တစ်ပတ်နေရသော်လည်း ကျွန်တော်တို့က ပြစ်ဒဏ်ဖြစ်၍ သုံးလကျော်နေခဲ့ရသည်။ ကျွန်တော်တို့က သူပေးသည့် ဟင်းခွက်များကိုမစား။ ရောက်နှင့်ပြီးဖြစ်သော အလုပ်သမား ရဲဘော်များကပို့ပေးသည့် ဟင်းနုနယ်ရွက်ပြုတ်နှင့် ထောင်ပုံစံငါးပိကို ပြန်ကြော်ထားသည့် ငါးပိကြော်ကိုသာ မြိန်ရေယှက်ရေ စားကြသည်။

နေသားတစ်လကျော်ကြာလာတော့ ကျွန်တော်တို့ အခန်းအပြင် စထွက်ခွင့်ရသည်။ မွန်ကြီးက တစ်ညတွင် ကျွန်တော်တို့ စုပေါင်းအိပ်ခွင့်ရသော အခန်းနောက်ပိုင်းသို့ လာလည်သည်။ အခန်းမှာ လူ ၁၀၀ ကောင်းကောင်းဆံ့သော်လည်း လူ ၅၀ ခန့်ကို ရှေ့ပိုင်းတွင် ပြွတ်သိပ်အိပ်စေသည်။ ဒါမှအုတ်ရိုးတန်း နေရာကောင်းတွင် အိပ်ခွင့်ရရန် လိုင်းဝင်မည် မဟုတ်ပါလား။

မွန်ကြီးက “ကျွန်တော်လည်းဗျာ အိမ်က ထောင်ဝင်စာမလာနိုင်တော့ ထောင်ထဲမှာ အသက်ရှင်အောင် ဒီလိုပဲ ကြံဖန်အသက်မွေးရတာပဲဗျာ” ဟု စကားစသည်။ ကျွန်တော်တို့က ဘာမှ စကားမပြန် ပြုံး၍သာနေကြသည်။ ကျွန်တော်က မွန်ကြီးယူလာသော ထန်းလျက်ခဲများနှင့် ရေနွေးကြမ်းခွက်ကို မျက်စောင်းထိုးရင်း တံတွေးမျိုချသည်။ ကိုဝင်းက ကျွန်တော့် နံဘေးကို တံတောင်ဖြင့်တွက်၏။ နောက် ဇာတိရပ်ရွာများ ပြောကြရင်း ပိုရင်းနှီးလာသည်။

နောက်ပိုင်း ကျွန်တော်တို့ ညစကားဝိုင်းတွင် သူ ၀င်လာထိုင်သည်။ ကျွန်တော်တို့က တော်လှန်ရေးသမားတို့၏ ဂုဏ်သိက္ခာ၊ ရပ်တည်ချက်တို့ကို သူ့ရှေ့တွင် ဆွေးနွေးကြသည်။ နောက်ပိုင်းတွင် သူ ကျွန်တော်တို့ကို ရှက်လာသည်။ ပုံစံပြရာတွင် မရိုက်တော့၊ မနှိပ်စက်တော့၊ ဘ၀တူအကျဉ်းသမားချင်း ဟူသည့်အသိကို သူလက်ခံလာနိုင်စေရန် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြသည်။

ဤနေရာတွင် ရယ်မောဖွယ်ဖြစ်စဉ်လေး တစ်ခုကို တင်ပြချင်သည်။

တစ်နေ့တွင် နိုင်ငံခြားဧည့်သည်တော် ၀န်ကြီးချုပ်ခရီးစဉ်ရှိသဖြင့် အပြင်လောကမှ အိမ်ခြေရာမဲ့သူ အရူးများကို သိမ်းကျုံးဖမ်းလာသည်။ ပြီးတော့ ပုံစံခန်းထဲ ထိုးသိပ်ထည့်ထားသည်။

လမ်းဘေးအိပ် လမ်းဘေးနေ “အာဝါ ရား” ၃၀ ခန့်ရောက်လာသည့်အနက် ကုလား အများအပြား ပါဝင်သည်။ စိတ်မနှံ့သူများလည်း ပါဝင်သည်။ မည်းညစ်ပေတေသည့် အနံ့တလှောင်းလှောင်းအ၀တ်များ၊ အ၀တ်စုတ် အထုပ်များ၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများဖြင့်။

ညပိုင်းပုံစံပြတော့ “ဒိုင်လျော်” သည်။ အခန်းလူကြီး ငိုချင်းချရပြီ။ “အားလုံးရပ်” ဟုဆိုလျှင် ထိုင်သူက ထိုင်၊ ထသူက ထ ဗမာ စကားလည်း နားမလည်။ ရိုက်တော့လည်း နာပုံမပြ။ “နာမည်။ မာမက်။ မင်းဘာလုပ်စားသလဲ။  ဒံပေါက်လုပ်စားတယ်။ မင်း ဘယ်မှာနေသလဲ၊ အိမ်နံပါတ်က စပြော။ အမှတ် မဆိ၊ လမ်း မဆိ၊ ကီလီဘောတံတား။ အားလုံး တ၀ါးဝါးဖြင့် ဘာလုပ်ကြရမှန်းမသိ။

ထိုစဉ်တွင် တံခါးအနီး၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ မွန်ကြီးက ကြမ်းပြင်ကို ကြိမ်လုံးဖြင့် တဖြန်းဖြန်းရိုက်ပြီး “ဘာဖြစ်ကြတာလဲ ဟေ့” ဟု လှမ်းမေးသည်။ လူအုပ်ထဲမှ အသားဖြူဖြူ၀၀ အသက် ၄၀ ခန့် တစ်ယောက် ထွက်လာသည်။ “ဆရာ သူက ပုံစံမထိုင်နိုင်ဘူးတဲ့” စည်းကမ်းထိန်းများက ထိုသူကို ၀ိုင်းထားကြသည်။ ဆံပင်မှာ ဂျာရစ်ပုံစံမျိုးဖြစ်ပြီး ထိပ်တွင် ၀ဲစားထားသည့် အနေအထား။ စွပ်ကျယ် အင်္ကျီချိုင်းပြတ်နှင့် ဒူးဆစ်ထိရောက်သော ဘောင်းဘီအနက်ဝတ်ထားသည်။

ထိုသူက စည်းကမ်းထိန်းများကို တွန်းပစ်ကာ အခန်းအလယ်ကောင်ပြေးထွက်လာရင်း လက်ခမောင်း တဖျောင်းဖျောင်းခတ် စိန်ခေါ်သည်။ “ဟေ့ အာကာပျံ ဗိုလ်စန္ဒာလင်းကွ။ ကိုးသင်္ချိုင်းမှာ ကာယသိဒ္ဓိပြီးခဲ့တာ။ ကြိုက်တဲ့ကောင်လာစမ်း။ သေနတ်ပြီးတယ်။ ဓားပြီးတယ်ကွ” ဆိုပြီး တဟားဟားရယ်ကာ သိုင်းအသင့်အနေအထားဖြင့် ခြေစုံခွဲရပ် စောင့်နေသည်။

စည်းကမ်းထိန်းများက ကြိမ်များ၊ သရေပြားများဖြင့် ပြေးဝင်ကြသည်။ ထိုစဉ် ထိုသူက လက်နှစ်ဖက်မြှောက်ကာ “ဟိုး ဆရာ တို့ဟိုး။ ဗိုလ်စန္ဒာလင်းက သေနတ်နဲ့ ဓားသာပြီးတာ။ လက်သီးနဲ့ သရေပြား မပြီးဘူး” ထိုင်ပြီး၊ ပြောပြောဆိုဆို ပုံစံထိုင်ချလိုက်သည်။

မွန်ကြီးကား အင်းစိန်ထောင်တွင် ကျွန်တော်တို့ ပထမဆုံးအနီးကပ် တွေ့ကြုံခဲ့ရသည့် ငရဲသားဖြစ်ပါသည်။ ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီးများ၏ ဆိုရှယ်လစ်ထောင်ကား သြစောက်စောက်ချရသော လောကငရဲပင်ဖြစ်ပေသည် တကား။

Writer: 

ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)


No comments