အားလုံးရဲ့တပည့်
ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ဇန်န၀ါရီ ၂၂ ရက်က ပြုလုပ်သည့် နိုဘယ်-မြန်မာစာပေပွဲတော်တွင် ပြသထားသော ပြည်တွင်းပြည်ပ စာရေးဆရာကြီးများ၏ မှတ်တမ်းဓာတ်ပုံများကို လေ့လာနေစဉ် (ဓာတ်ပုံ-ပြည့်စုံနေ၀င်း)
‘အမှန်က ကျွန်တော်က ဆရာဖြစ်ချင်တဲ့ အကောင်မဟုတ်ဘူး။ တပည့်ပဲ။ ကျွန်တော်အားလုံးရဲ့ တပည့်ပဲ။ အကုန်လုံးကို လေ့လာတယ်။ ပညာယူတဲ့သူပေါ့ဗျာ။ တပည့်ပဲ’
အထက်ပါစကားကို ပြောခဲ့သူမှာ ဆရာကြီး ဒဂုန်တာရာဖြစ်ပါသည်။ ဆရာကြီး၏ ‘စာပေစစ်တမ်းစာပေရှုထောင့်’ စာအုပ်မှ ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ခြင်းဖြစ်သည်။ ဆရာကြီးက သူ့ကိုယ်သူ နှိမ့်ချသည့် သဘောနှင့် သူဟာအားလုံးရဲ့တပည့်ပါဟု ပြောသွားသည်။ တကယ်တော့ ထိုကဲ့သို့ပြောနိုင်ဖို့ဆိုသည်မှာ မလွယ်ကူပါ။ လောကမှာ တပည့်လုပ်ချင်သူထက် ဆရာလုပ်ချင်သူက ပိုများသည်။ နောက်လိုက်လုပ်ချင်သူထက် ခေါင်းဆောင်လုပ်ချင်သူက ပိုများသည်။ ထိုကဲ့သို့သော လူစားမျိုးတွေကြားထဲမှာ မိမိကိုယ်ကိုယ် ‘အားလုံးရဲ့တပည့်ပါ’ ဟုဝန်ခံဖို့ရာ စင်စစ်မလွယ်ကူလှပါ။ ထို့ကြောင့် ထိုသို့မလွယ်ကူသည့်စကားကို ပြောကြားခဲ့သည့် ဆရာကြီးအား ကျွန်တော်လေးစားမိပါသည်။
ဆရာကြီးဒဂုန်တရာနှင့် ခပ်ဆင်ဆင်တူသောစကားကို ပြောခဲ့သူတစ်ဦးရှိပါသေးသည်။ အဆိုပါပုဂ္ဂိုလ်မှာ ဂရိတွေးခေါ်ရှင် ဆော့ခရတ္တိ ဖြစ်ပါသည်။ တစ်ခါတော့ ဆော့ခရတ္တိသည် မိတ်ဆွေဖြစ်သူ ဖီဒရနှင့်အတူ မြို့ပြင်သို့ ထွက်လာခဲ့ကြသည်။ ဖီဒရက - ‘ဆော့ခရတ္တိ၊ သင်သည် အက်သင်းမြို့၏ မြို့တံခါးအပြင်ဘက်သို့ပင် ခြေချဖူးမည်မဟုတ်’ ဟုပြောလေသည်။ ထိုအခါ ဆော့ခရတ္တိက - “အဆွေကောင်းဖီဒရ၊ မြို့တံခါးအပြင်ဘက်သို့ပင် ကျွန်ုပ်ခြေချဖူးခြင်းမရှိဟု အသင်ဆိုသောစကားသည် မှန်ပါသည်။ မြို့ပြင်သို့ မထွက်ခြင်း၏အကြောင်းသည် ကျွန်ုပ်မှာရှိပါသည်။ ထိုအကြောင်းကို ကျွန်ုပ်ပြောပြသောအခါ ကျွန်ုပ်ကိုအခွင့်လွှတ်ပါဘိ။ ကျွန်ုပ်သည် ပညာရှာနေသူ၊ ပညာမြတ်နိုးသူဖြစ်သည်။ တောစခန်းသည် ကျွန်ုပ်၏ဆရာမဟုတ်၊ သစ်ပင်တို့သည် ကျွန်ုပ်၏ဆရာမဟုတ်။ မြို့ထဲအရပ်ထဲ၌ သွားလာလှုပ်ရှားနေကြသော လူတို့သည်သာ ကျွန်ုပ်၏ဆရာဖြစ်သည်” ဟုပြန်ပြောပါသည်။ မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံးကို မိမိ၏ဆရာအဖြစ် သဘောထားနိုင်သော ဆော့ခရတ္တိသည် အံ့သြဖွယ်ကောင်းလှပေစွ။ ‘သူဟာအားလုံးရဲ့တပည့်ပါ’ ဟူသောစကားနှင့် ‘အားလုံးဟာ သူ့ရဲ့ဆရာပါ’ ဟူသောစကားနှစ်ခွန်းသည် အသုံးအနှုန်း ကွဲပြားသော်လည်း သဘောထား ခံယူချက်ကတော့ အတူတူပင်ဖြစ်ပါသည်။
လူ့ဘ၀ကို ရလာခိုက်မှာ ပညာရှာမှီးလို သူတို့သည် အထက်ပါဆရာကြီးနှစ်ဦးကဲ့သို့ ခံယူချက်သဘောထားမျိုး ရှိထားနှင့်ပါမှ ပညာရှာဖွေလိုစိတ် ထက်သန်အားကောင်းလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ အရာရာကို ငါသိငါတတ်ငါပဲလုပ်နိုင်ဟူသည့် ‘ဆရာကြီးစိတ်’ မွေးမြူထားသူသည် အဘယ်မှာလျှင် အသိပညာ တိုးနိုင်ပါတော့မည်နည်း။ ငါမသိတာတွေ၊ ငါမတတ်တာတွေ၊ ငါမလုပ်နိုင်တာတွေ အများကြီးကျန်ပါသေးလား၊ ငါကြိုးစားပြီး သင်ယူရဦးမှာပါလားဟူသည့် ‘တပည့်စိတ်’ မျိုးထားနိုင်မှ တစ်နေ့တခြား အသိပညာတွေ ပိုမိုတိုးပွားလာနိုင်မည် မဟုတ်ပါလား။
တကယ်တော့ လူ့ဘ၀က တိုတောင်းလွန်းလှပြီး ကျွန်တော်တို့သိစရာတတ်စရာ လေ့လာသင်ယူစရာတွေက ရထားသည့်အချိန်ကာလနှင့် မမျှအောင် များပြားလွန်းလှပါသည်။ ပညာရပ်နယ်ပယ်စုံ မပြောပါနှင့်ဦး နယ်ပယ်တစ်ခုတည်းမှာပင် အတော်အတန် သိနားလည်ပြီး ကျွမ်းကျင်သူဖြစ်ဖို့ နေ့မနားညမအား ကြိုးစားလေ့လာသင်ယူရပါသည်။ ထိုကဲ့သို့ လေ့လာသင်ယူမှ ‘မိမိမသိသေးတာတွေ အများကြီးပါလား’ ဟု သိနားလည်လာရသည်။
ကျွန်တော်တို့အားလုံး မသိသေးတာတွေကိုသိအောင် သေခါနီးနောက်ဆုံးထွက်သက်အထိ ကြိုးစားအားထုတ်သွားရမှာကတော့ သေချာလှပါသည်။ ကျွန်တော်တို့ရှေ့မှ အသိပညာရှင် အတတ်ပညာရှင်များသည်လည်း ထို့အတူသာလျှင် မိမိတို့နှင့်ဆိုင်ရာ နယ်ပယ်အသီးသီးအတွက် သူတို့လေ့လာရှာဖွေ သိရှိခဲ့သလောက် ထည့်ဝင်သယ်ပိုးခဲ့ပြီး တမလွန်ခရီးသို့ ဆက်လက် ထွက်ခွာသွားကြရပါသည်။ (သိဖွယ်ဟူသမျှ အကြွင်းအကျန်မရှိ သိတော်မူသည့် ဗုဒ္ဓမြတ်စွာမှတစ်ပါး) အဘယ်အသိပညာရှင် အတတ်ပညာရှင်မျှ အလုံးစုံအကုန်အစင် မကြွင်းမကျန် သိမသွားကြပါ။ သူတို့သေဆုံးခါနီး နောက်ဆုံးအချိန်ထိ သိနိုင်သမျှသိအောင် ကြိုးစားအားထုတ်သွားခဲ့ကြပါသည်။
တောင်မြို့မဟာ ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသသည် ကျမ်းစာပေါင်း ၆၀ ကျော်ပြုစုတော်မူရင်း သက်တော် ၇၈ နှစ်မှာ ပျံလွန်တော်မူခဲ့ပါသည်။ နောက်ဆုံး ပျံလွန်ခါနီးအချိန်ထိ ကျမ်းစာပြုစုဖို့ရာ စိတ်အားဝီရိယအား ထက်သန်တော်မူသည့် ဆရာတော်ဖြစ်ပါသည်။ တပည့်တွေကို သြ၀ါဒပေးသည့်အခါ ‘ဘုန်းကြီးတော့ လမ်းလျှောက်တာတောင် စာပေများကို စဉ်းစားပြီးလျှောက်တယ်’ ဟုမိန့်တော်မူလေ့ရှိပါသည်။ ဆရာတော်သည် ကျမ်းစာပေါင်း ၆၀ ကျော်ပြုစုပြီးခဲ့သည့်တိုင်အောင် သူ၏ကျမ်းစာရေးသားမှု အတတ်ပညာနှင့် ပတ်သက်ပြီး ‘လူတွေနားလည်အောင် ဘယ်လိုရေးရပါ့မလဲ’ ဟု အမြဲကြံစည်တွေးတောနေသည်ဟု ဆိုပါသည်။ ဆရာတော်အဖို့ စာရေးခြင်းအတတ်ပညာသည် ပြီးဆုံးသွား ပြည့်ဝသွားသည်မရှိ။ သေခါနီးအချိန်ထိ လေ့လာသွားရမည့် အတတ်ပညာဟု သဘောပိုက်ထားပုံရပါသည်။ ကျွန်တော်သည် ထိုအချက်နှင့် ပတ်သက်ပြီး ဆရာတော့်အပေါ် ကြည်ညိုစိတ်အားကျ အတုယူချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
အားကျအတုယူချင်စိတ် ဖြစ်ပေါ်လာသည်ဟု ဆိုရခြင်းမှာ အခြားကြောင့်မဟုတ်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ‘စာရေးသားမှုအတတ်ပညာ’ ကိုအမြဲတမ်းလေ့လာ သင်ယူနေသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်သည် စာတစ်ပုဒ်ရေးပြီးသွားတိုင်း မိမိကိုယ်ကိုယ် ကျေနပ်အားရတင်းတိမ်ခြင်းမရှိလှပါ။ ‘နောက်တစ်ပုဒ်ရေးတဲ့အခါ ဒီထက်ကောင်းအောင် ငါဘယ်လိုရေးရပါ့မလဲ’ ဟူသည့်အတွေး အမြဲပေါ်လာလေ့ရှိပါသည်။ အထူးသဖြင့် မိမိ၏စာရေးသားမှု အတတ်ပညာအပေါ် ဘ၀င်ကျလေ့မရှိပါ။ တစ်ခုခုလိုနေသေးသည်ဟု အမြဲထင်လိုက်မိသည်ချည်း။ လူတွေနားလည်အောင် လူတွေသဘောပေါက်အောင် လူတွေကျေနပ်နှစ်သိမ့် ဘ၀င်စိမ့်အောင် ငါဘယ်လိုရေးရပါ့မလဲဟုတွေးရင်း ငါအများကြီးလေ့လာ သင်ယူရဦးမှာပါလားဟု စဉ်းစားမိပါသည်။
ကျွန်တော်သည် သူများရေးသည့်စာကို ဖတ်တိုင်းလေ့လာသင်ယူချင်စိတ်နှင့် ဖိတ်မိအောင် အမြဲကြိုးစားပါသည်။ ကလောင်ကြီးသည်ဖြစ်စေ ကလောင်ငယ်သည်ဖြစ်စေ။ နောက်ဆုံး ကုန်ကုန်ပြောလိုက်ပါရစေ။ အခုမှ စာစရေးသည့် ၀ါသနာရှင်တစ်ယောက် ရေးသည့်စာပင် ဖြစ်နေပါစေ အထင်သေးသည့်စိတ်၊ အလေးမထားသည့် ခပ်ပေါ့ပေါ့စိတ်ဖြင့် မဖတ်မိအောင် မိမိကိုယ်ကိုယ် သတိပေးဆုံးမဖို့ အမြဲဂရုဓမ္မထားပါသည်။ ‘သူဘယ်လိုတွေးသလဲ၊ သူဘယ်လိုရေးသလဲ၊ သူ့ဆီက ငါဘာပညာရမလဲ’ ဟူသည့်အတွေးနှင့် အမြဲစူးစမ်းလေ့လာလေ့ရှိပါသည်။ လှပသည့် ၀ါကျဖွဲ့ထုံး၊ ကောင်းမွန်သည့် စကားအသုံးအနှုန်း၊ စည်းလုံးညီညွတ်သည့် စကားပြေကောင်းတစ်ပုဒ် ဖတ်ရသည့်အခါတိုင်း ကျေနပ်ကြည်နူးသည့်စိတ်နှင့် အကြိမ်ကြိမ်အခါခါ ဖတ်မှတ်လေ့လာကာ မမေ့မပျောက်သွားအောင် ကြိုးစားလေ့ရှိပါသည်။
ကျွန်တော်သည် စာကောင်းတစ်ပုဒ် ဖတ်ရတိုင်း မနာလိုဝန်တိုစိတ်မဖြစ်ဘဲ မုဒိတာစိတ်၊ ကျေနပ်ကြည်နူးအားကျ ချီးကျူးချင်သည့် စိတ်နှင့်အတူ ‘ငါသူ့လိုမျိုး ရေးတတ်ချင်လိုက်တာ’ ဟူ၍ အမြဲရေရွတ်မြည်တမ်းမိပါသည်။ ကျွန်တော့်အဖို့ ‘စာရေးမှုအတတ်ပညာ’ သည်အချိန်တိုင်း နေရာတိုင်း အမြဲလေ့လာသင်ယူနေရမည့် ပညာဟု ခံယူထားပါသည်။ ‘ငါသေခါနီး နောက်ဆုံးထွက်သက်အထိ လေ့လာသွားရမည့်အရာ’ ဟုလည်း မိမိစိတ်ကို သတိပေးဆုံးမထားပါသည်။ ဆရာကြီးဒဂုန်တာရာ ပြောသလိုပြောရလျှင် ကျွန်တော်သည် ဤကမ္ဘာလောကကြီးထဲမှာရှိသည့် စာရေးဆရာများအားလုံးရဲ့ တပည့်ဟု မိမိကိုယ်ကိုယ် ခံယူထားပါသည်။ ဆရာကြီး ဆော့ခရတ္တိ၏ စကားလုံးငှားသုံးပြီး ပြောရလျှင် ဤကမ္ဘာပေါ်မှာရှိသမျှ စာရေးဆရာအားလုံး ကျွန်တော့်၏ဆရာများသာ ဖြစ်ကြပါသည်။ ကျွန်တော်သည် အဆိုပါစာရေးဆရာများထံမှာ အမြဲသင်ယူနေသည့် တပည့်မျှသာ ဖြစ်ပါသည်။
ကျွန်တော်သည် စာပေရေးသားမှုနှင့် ပတ်သက်လျှင် ဆော့ခရတ္တိကဲ့သို့ သေဒဏ်ပေးခံခါနီးအချိန်မှာပင် ကြိုးစားပြီးသင်ယူ သွားချင်ပါသေးသည်။ ဆော့ခရတ္တိ အဆိပ်သောက်၍ အဆုံးစီရင်မခံရမီညတွင် အကျဉ်းသားတစ်ဦး၏ လင်္ကာရွတ်ဆိုသံကို ဆော့ခရတ္တိ ကြားလိုက်ရသည်။ အဆိုပါလင်္ကာသည် နာမည်ကျော် ကဗျာဆရာကြီးတစ်ဦး၏ ရွတ်ဆိုရခက်သော လင်္ကာရှည်ကြီးဖြစ်သည်။ ဆော့ခရတ္တိက ထိုလင်္ကာရွတ်ဆိုပုံ ရွတ်ဆိုနည်းသင်ပြပေးရန် တောင်းပန်ရာ အကျဉ်းသားက ‘ဘာကြောင့် ဒီလင်္ကာကိုသင်မှာလဲ၊ မနက်ဖြန်မနက် သေရတော့မှာမဟုတ်လား’ ဟုမေးလိုက်သည်။ ထိုအခါ ဆော့ခရတ္တိ ပြန်ပြောလိုက်ပုံက - ‘ဟုတ်ပါတယ်၊ ငါမနက်ဖြန် မနက်သေရတော့မှာပါ။ ဒီလိုသေတဲ့အခါ လူ့ဘ၀ကြီးရဲ့ နောက်သိစရာတစ်ခုကို ထပ်သိသွားပြီး သေရတော့ ဘ၀မှာပိုပြီးနေပျော်တာပေါ့ကွာ’...တဲ့။
ကိုးကား-
ဇော်ဂျီ - ပလေးတိုးနိဒါန်း
ဒဂုန်တာရာ - စာပေစစ်တမ်းစာပေရှုထောင့်
မောင်ကြည်သစ် - ဒဿနပုံရိပ်များ
Writer:
မောင်ကြည်
Post a Comment