အသပြာရေစီးကြောင်းများ
(တစ်)
စာရေးဆရာမင်းသိင်္ခက သူ့ ၀တ္ထုတစ်ပုဒ်ထဲမှာ ပိုက်ဆံတွေကို သုံးလည်း မသုံး၊ ဘဏ်တို့ဘာတို့ လိုနေရာမျိုးတွေမှာ အပ်လည်း မအပ်ဘဲနဲ့ ကျိတ်ပြီးစုထားတဲ့လူ တစ်ယောက်ကို နိုင်ငံတော်ယန္တ ရားကြီးလည်ပတ်နေတာကို အ နှောင့်အယှက်ပေးတဲ့သူအဖြစ်နဲ့ စွပ်စွဲပြစ်တင်တဲ့ ဇာတ်ဝင်ခန်း ကလေးတစ်ခု ထည့်ရေးထား ခဲ့တာကို အမှတ်ရနေမိပါတယ်။ ကြိုက်လည်း ကြိုက်သွားခဲ့ပါ တယ်။
ဟုတ်တာပေါ့။ ပိုက်ဆံဆို တာ တစ်နေရာရာမှာ ကြိုးနဲ့စည်း နှောင်ပြီး မှိုတက်အောင်ထားကာ ထုတ်ထုတ်ကြည့်နေရတဲ့ အရာမှ မဟုတ်တာ။ သူ့နာမည်က ကာ ရင်စီ(Currency) လေ။ Current ဆိုတာက စီးနေတဲ့ လျှပ်စစ်တို့၊ လေစီးကြောင်းတို့၊ ရေစီးကြောင်း တို့ကို ခေါ်တာပဲဥစ္စာ။ ကာရင်စီ (Currency) ဆိုတာက စီးဆင်း နေတဲ့အရာပဲပေါ့။ ဒါကြောင့် ငွေ တို့၊ ပိုက်ဆံတို့ဆိုတာမျိုးက စီးနေ ရမှာတဲ့။ ရပ်မနေရဘူးတဲ့။
အဆင်ပြေတဲ့အခါ တက္ကစီ စီးမယ်။ အဲသည့်ငွေက တက္ကစီ ဆရာသမားဆီရောက်တဲ့အခါ မိ သားစုအတွက် အစားကောင်း၊ အသောက်ကောင်းဝယ်မယ်။ အဲ သည့်ငွေက စားသောက်ဆိုင်သ မားဆီရောက်တဲ့အခါ သူက သူ့ သားသမီးရဲ့ ဘာသာစကားသင် တန်းလခလေးပေးမယ်။ ဘာသာ စကား သင်တန်းဆရာက အဲ သည့်ငွေနဲ့ သူ့ကလေးအတွက် အားဆေးပုလင်းဝယ်သွားမယ်။ အဲဒါဟာ ကာရင်စီ (Currency) ရဲ့သဘောပဲပေါ့။ နိုင်ငံသားတွေ ငွေများများသုံးပြီဆိုတဲ့အခါ ကာ ရင်စီ မြန်မြန် များများဖြစ်သွားတာ မို့ လူ့ယန္တရားကြီးလည်ပတ်ပုံ သွက်လက်သွားတယ်လို့ ဆိုတာ ပါ။
ပိုက်ဆံကလေးကို ကျစ် ကျစ်ပါအောင် ဆုပ်ထားပြီး တက္ကစီစီးမယ့်လူက မစီးတော့၊ မုန့်ဝယ်မယ့်လူက မ၀ယ်တော့၊ သင်တန်းတက်မယ့်လူက မတက် တော့ ကားလည်း ၀ယ်သူမရှိ၊ ဟို တယ်မှာလည်း တည်းသူမရှိ၊ ဘီ ယာလည်း သောက်သူမရှိ၊ကွန်ပျူတာသင်တန်းလည်း တက်သူမ ရှိ၊ အင်္ကျီနှစ်ထည် ၀ယ်မယ့်လူက တစ်ထည်၊ စာအုပ်နှစ်အုပ်ဝယ် မယ့်လူက တစ်အုပ်၊ ရုပ်မြင်သံ ကြားအသစ်နဲ့အဟောင်း ပြောင်း မယ့်သူကလည်း မပြောင်းတော့ ဆိုတဲ့အခြေအနေမျိုးဆိုတာ ငွေ ကြေးစီးဆင်းမှု နှေးကွေးပိတ်ဆို့ လေးလံသွားတာပါ။ အဲဒါကို စီး ပွားရေးအကျပ်အတည်းလို့ ခေါ် တာပါပဲ။ Economic Crisis လို့ ဆိုကြပါစို့။
အဲသလို အနေအထားကို ပညာရှင်တွေက မကြိုက်ကြပါ ဘူး။ ပိုက်ဆံဆိုတာ သူ့နာမည် ကာရင်စီ(Currency) ဆိုတဲ့ စကားနဲ့အညီ စီးဆင်းနေရမှာပါ တဲ့။ သွားကြ၊ လာကြ၊ ၀ယ်ကြ၊ ခြမ်းကြ။
(နှစ်)
မြန်မာတွေဟာ ပိုက်ဆံစုပါ တယ်။ အာဏာရှင်အဆက်ဆက် ရဲ့ လက်အောက်မှာ ဘာမှလည်း လုပ်စရာ၊ ကိုင်စရာမရှိတာမို့ မြေ ၀ယ်ချင်ဝယ်၊ ရွှေဝယ်ချင်ဝယ်၊ ပိုက်ဆံကို ကြိုးနဲ့စည်းထားချင် စည်းထားပုံစံမျိုးနဲ့ နေလာခဲ့ကြ တာမို့ ငွေဟာ တစ်နေရာမှာ သေ ပြီး ဆို့ပိတ်နေတဲ့ အနေအထား မျိုးပေါ့။
ဘဏ်စနစ်ထွန်းကားကာ ပို တဲ့သူက လာအပ်၊ လိုတဲ့သူက လာချေးပုံစံမျိုးနဲ့ ပိုက်ဆံက လှည့် ပတ်စီးဆင်းနေတာမျိုးမဟုတ်ဘဲ ဂုန်နီအိတ်ထဲထည့်ပြီး သေနေခဲ့ တဲ့လူ့အဖွဲ့အစည်းပါ။
နောက်ပိုင်းမှာ ဘဏ်လုပ် ငန်းတွေပေါ်လာပြီး သွင်းကြ၊ အပ်ကြလုပ်နေခဲ့ကြရာက ဘဏ် တချို့ပြိုလဲကာ ငွေတွေ ပြန်ထုတ် ကြ၊ ပြန်ယူကြ လုပ်ကြရပြီးတဲ့ နောက် ဘဏ်တွေနဲ့ ဆက်ဆံနေခဲ့ ကြပေမယ့် တထိတ်ထိတ်နဲ့ပါ။ ဘယ်နေ့ ဘာဖြစ်မလဲပေါ့။
ဒါဟာ လူထုရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်ဦး နေ၀င်းရဲ့ လက်ထက်မှာ နိုင်ငံ တော်ဟာ သူထုတ်ထားတဲ့ ပိုက် ဆံတွေကို သူကိုယ်တိုင်က တရား မ၀င်ပါဘူးဆိုပြီး သုံးကြိမ်သုံးခါ လုပ်ထည့်လိုက်တဲ့အခါ မနက်က အိမ်ရောင်းတဲ့ပိုက်ဆံကလေး ကိုင်ထားတဲ့မိသားစုဟာ ညနေမှာ အခြေအနေမဲ့ဖြစ်သွားခဲ့ရတာမျိုးတွေကြောင့် မြန်မာလူထုဟာ ကိုယ့်ပိုက်ဆံကို ကိုယ်မယုံပါဘူး။ မြတ်လည်း မမြတ်နိုးပါဘူး။
ဒါဟာ တိုင်းပြည်တစ်ပြည် အတွက် သိပ်ကို ကြေကွဲစရာ ကောင်းတဲ့ အခင်းအကျင်းပါ။
(သုံး)
ဘဏ်တစ်ခုမှာ အမေရိကန် ဒေါ်လာနဲ့ မြန်မာငွေသွားလဲတဲ့အခါ ဒေါ်လာကို အလယ်ကခေါက်ထားတာကြောင့် သိပ်မယူချင်ပါဘူး။ နည်းနည်းပါးပါးပေကျံစွန်းထင်းနေလို့ကတော့ ပြန်ပေတော့ပါပဲ။
ကျွန်တော်တို့ ပိုက်ဆံတွေ က စက္ကူနဲ့ ကပ်၊ တိပ်နဲ့ကပ်။ လုံ ခြုံရေးကြိုးကို ဖြဲပြီး ဆွဲထုတ်ထား ကြ။ ကဆုန်လဆန်းသုံးရက်ဆို တာလည်း ပါရဲ့။ အေးအေးကို ချစ်တယ်ဆိုတာလည်း ပါရဲ့။ ပိုက်ဆံပေါ်မှာ စာမျိုးစုံနဲ့။ လက် မှတ်ထိုးထားတာတွေရော။ အ ရွက်ရေတွေရော။
ပိုက်ဆံဆိုတာ နိုင်ငံတော်ရဲ့ လိပ်ပြာ၊ နိုင်ငံတော်ရဲ့ဝိညာဉ်၊ နိုင်ငံတော်ရဲ့ သင်္ကေတ။ ချစ်ကြ ရ၊ မြတ်နိုးကြရ၊ တန်ဖိုးထားကြရ မှာပေါ့။
အမေရိကန်ဒေါ်လာပေါ်က သူတို့သမ္မတတွေ၊ တရုတ်ပိုက်ဆံ ယွမ်(Yuan) ပေါ်က မော်စီတုံး၊ ထိုင်းပိုက်ဆံ ဘတ်(Baht)ပေါ်က ဘုရင်ဘူမိဘော၊ ကမ္ဘောဒီးယား ပိုက်ဆံရီး(Riel)ပေါ်က အန်ကော ၀ပ်ကျောင်းတော်ဆိုတာတွေဟာ သူတို့နိုင်ငံရဲ့ လိပ်ပြာလည်းဖြစ်၊ ၀ိညာဉ်လည်းမည်၊ သင်္ကေတ လည်း ဟုတ်တယ်မဟုတ်လား။
အခုတော့ ကျွန်တော်တို့ ပိုက်ဆံက ညစ်ပတ်ပေလူးလို့၊ စုတ်ပြတ်ဖာထေးလို့၊ ဒါဟာ နိုင်ငံတော်ရဲ့ သင်္ကေတပါလို့ဆို ရင် မခက်ဘူးလား။ သူတို့လို မြတ်နိုးရတဲ့ ပိုက်ဆံတွေဖြစ် အောင်ပြန်လုပ်ဖို့ မသင့်ဘူးလား။
ပြီးတော့ ယုံကြည်ဖို့၊ စိတ်ချ ဖို့။ ငါတို့ပိုက်ဆံဟာ ငါတို့ကို ဘယ်တော့မှ ပဋိညာဉ်မဖျက်ဘူး ဆိုတဲ့ ယုံကြည်မှု။ ငါတို့ပိုက်ဆံကို ဘယ်နေရာမှာ သွားထားထား၊ သူ့ဘာသာသူ လွတ်လွတ်လပ် လပ် ဘယ်နေရာကိုပဲ စီးဆင်း သွားနေပါစေ၊ ငါ့ပိုက်ဆံက ငါ့ ပိုက်ဆံပါပဲဆိုတဲ့ ပဋိညာဉ်ခိုင်မာ မှု။
Currency တဲ့။ သွေးလိုပါ ပဲ။ မှန်မှန်ကန်ကန် သန့်သန့်ရှင်း ရှင်း လှည့်ပတ်စီးဆင်းနေပါမှ၊ စီးဆင်းပုံပျက်ရင် လူ့အဖွဲ့အ စည်း ပျက်ပါတယ်။ ။
Credit - 7daydaily
Post a Comment