Header Ads

နေချင်ဖွယ်မြေကမ္ဘာဖြစ်အောင် ဆောင်ရွက်

နေချင်ဖွယ်မြေကမ္ဘာဖြစ်အောင် ဆောင်ရွက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကမ္ဘာမြေပေါ်တွင်နေထိုင်ကြသော လူသားများအနေဖြင့် သဘာဝ ဘေးဒဏ်များဖြစ်သည့် ကောင်းကင်ပေါ်မှကျလာနိုင်သော ဂြိုဟ်ပဲ့ကြီးများ အန္တရာယ်နှင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် မျိုးသုဉ်းပျောက်ကွယ် နိုင်မှုများ၊ ကူးစက်ရောဂါအန္တရာယ်များ၊ လူဦးရေတိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ကမ္ဘာမြေပေါ်တွင် လက်ရှိနေထိုင်ကြသည့် လူသားများ မျိုးမသုဉ်းချင်လျှင် လာမည့်နှစ် ၁ဝဝ အတွင်း ဤကမ္ဘာမြေကို စွန့်ခွာကာ ကမ္ဘာသစ်တွင် ပြောင်းရွှေ့နေထိုင်ရန် ရူပဗေဒပညာရှင် ပါမောက္ခ စတီဖင် ဟော့ကင်းက သတိပေးထားသည်ကို ရိုက်တာသတင်း တစ်ပုဒ်တွင် ဖတ်ရှုလိုက်ရသည်။

သိပ္ပံပညာရှင် ဟော့ကင်း၏ အနာဂတ်ကမ္ဘာမြေတွင် မလွဲမသွေ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်နှင့် ဆိုးကျိုးခန့်မှန်းသုံးသပ်ချက်ကို လက်ခံနိုင်ပါသည်။ သို့သော် ကမ္ဘာသူ ကမ္ဘာသားအများစုနှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျကျ လက်တွေ့ဆောင်ရွက်ချက်အရမူ ကမ္မနိယာမတရားနှင့် ဖြစ်ခြင်းပျက်ခြင်း မမြဲသောသဘောတရားကိုရှုမြင်ကာ လက်ရှိဘဝတွင် ကောင်းသောအမှုကိုပြု၍ တန်ဖိုးရှိသောလူ့ဘဝအဖြစ် အကောင်းဆုံးနေထိုင်သွားကြရမည်ဖြစ်သည်။

ဖြစ်ခြင်း၊ ပျက်ခြင်းသဘောတရားအရ မည်သည့်အရာမျှ မြဲသည်ဟူ၍မရှိချေ။ အရာမှန်သမျှမှာ ကနဦးအစ ဖြစ်တည်လာကြသလို တစ်နေ့နေ့တွင်လည်း ပျက်စီးကြရမည်မှာဓမ္မတာတည်း။ ပုထုဇဉ်လူသားများအဖို့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောတို့ကို မလွဲမသွေရင်ဆိုင်ကြရမည်သာဖြစ်သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောမှာ ရှောင်လွဲ၍ မရနိုင်ချေ။ ရှောင်လွှဲရန်လည်း ကြိုးပမ်းခြင်းအား မပြုသင့်ပေ။

ဤကမ္ဘာလောကကြီးကို နေချင်စဖွယ်ဖြစ်အောင် လူတို့ကပင်ဖန်တီးခဲ့ကြသည် မဟုတ်ပါလော။ ဤကမ္ဘာလောကကြီးကို ဒုက္ခပင်လယ်ဝေအောင် လူတို့ကပင် ဖျက်ဆီးခဲ့ကြသည် မဟုတ်ပါလော။ နာကျင်နေသော ဤမြေကို ပြန်လည်လန်းဆန်းတင့်တယ်အောင် လူတို့ကပင် ပြန်လည်ကုစားပေးကြရမည်ဖြစ်သည်။ လူတို့ကပင် ပြန်လည်ပြုစုယုယပေးကြ ရမည်ဖြစ်သည်။ လူသားများကို အကျိုးပြုခဲ့သော၊ ကျေးဇူးရှိခဲ့သော ဤကမ္ဘာမြေကို မည်သည့်နည်းနှင့်မျှ ပစ်ပယ်ရန်မသင့်ချေ။

ဤကမ္ဘာလောကတွင် နေထိုင်သူများအချင်းချင်း မေတ္တာတရားဖြင့် ဆက်ဆံကြရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရိုင်းပင်း ကူညီကြရမည်။ မာန်မာနများ၊ ဒေါသ၊ မောဟများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများကို နည်းသထက်နည်းအောင် အားထုတ်ကြရမည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ထူထောင်ကြရမည်။ အေးချမ်းသာယာလှပသော လူ့ဘောင်လောကကို တည်ဆောက်ကြရမည်ဖြစ်သည်။

လူသားများအား အကျိုးပြုသော ဤကမ္ဘာမြေကို ဖျက်ဆီးခြင်းမှ လျော့နည်းအောင်၊ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ဤကမ္ဘာမြေနှင့် ဝန်းကျင်တစ်ခွင် ပျက်စီးယိုယွင်းစေနိုင်သည့် လုပ်ဆောင်မှုများကို လျှော့ချကြရမည်။ ကမ္ဘာမြေကြီးကို ထောက်ကန် ပံ့ပိုးထားသော အရာမှန်သမျှ မပျက်စီးအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်။ ကမ္ဘာမြေကို အကြောင်းပြု၍ ဖြစ်ပေါ် လာသော လောဘ၊ မောဟတရားများ လျော့ပါးအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ကြရမည်။

ယခုအခါ ကမ္ဘာမြေနှင့်သဘာဝပတ်ဝန်းကျင်များ လူတို့လောဘကြောင့် တစ်စတစ်စပျက်စီးယိုယွင်းလာချေပြီ။ လူတို့တွင် လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းမှုကြောင့် ကမ္ဘာမြေနှင့်အတူ လူအများ ပျက်စီးခြင်း များ ဖြစ်ပေါ်နေသည်။ သလေဆန်စားကာ မြေဆီသြဇာတက်ခဲ့သော ကမ္ဘာမြေကြီးမှာ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်သောကြောင့် အဆီအနှစ်ကင်းမဲ့၍ နေချေပြီ။

စတီဖင်ဟော့ကင်း သတိပေးပြောကြားသကဲ့သို့ အနှစ်တစ်ရာအတွင်း ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ သို့သော် ကမ္ဘာ့လူသားများအနေဖြင့် စိုးရိမ်ထိတ်လန့်ဖွယ်ရာ အကြောင်းမရှိချေ။ ဤကမ္ဘာမြေကြီးကို အကောင်းဆုံးပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြသလို မိမိတို့ကိုယ်ကို မိမိတို့လည်း ကောင်းသောကိုယ်ကျင့်တရားများနှင့် မေတ္တာတရားများ မွေးမြူနိုင်ကြမည်ဆိုလျှင် ဤကမ္ဘာကြီးမှာ အနှစ်တစ်ရာမက နှစ်ပေါင်း ထောင်ချီ သာယာလှပအောင် တည်ဆောက်ထားနိုင်မည်ဖြစ်ပါသည်။ ။



Ref - MOI


No comments