Header Ads

အစာအိမ်များပေါ်တွင်ရှော့ဖြစ်လာသောမိုးရေစက်များ



ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို ဇွန်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သူ၏ ဤရက်သတ္တပတ်များသည် အလုပ်များသော ရက်သတ္တပတ်များပင် ဖြစ်သည်။ ကာလကြာရှည်စွာ ထမ်းဆောင်ခဲ့ပြီးသော တာဝန်များက ယခုအခါ ပြန်လည်တာဝန်ကျလာခဲ့ပြန်ပြီ။ ထိုတာဝန်များကို သူနှင့်အတူ သူ့အဖွဲ့သားများအားလုံး ပြုလုပ်ချင်သော ဆန္ဒလုံးဝမရှိပါ။ ယင်းကို သူ ယတိပြတ် ငြင်းဆိုခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယခု ငြင်းဆိုခွင့်မသာတော့ပါ။ ထို့ကြောင့် ယခု ထိုတာဝန်ကို ထမ်းဆောင်ရလေပြီ။ သူနှင့်အတူ အပေါင်းအပါများအားလုံး စိတ်မပါလက်မပါနှင့် ပြုလုပ်ကြရတော့သည်။ ယခုကဲ့သို့ပင် နှစ်ကာလများစွာ သူတို့ ပြုလုပ်လာခဲ့ကြရသည်မှာ ကြာပါပြီ။ နောက်သက္ကရာဇ်များတွင်လည်း ထိုသို့ပင် ပြုလုပ်ရလေမလား သူစိုးထိတ်နေမိသည်။ နောက် သူတို့အပေါ် ကြည်ဖြူလေမလား၊ မကြည်ဖြူဘူးလားဆိုသည်မှာ သူတို့ အနေဖြင့် မှန်းဆရခက်သောကိစ္စပင် ဖြစ်သည်။

ကမ္ဘာကြီးသည် သူတို့ကဲ့သို့ အစုအဖွဲ့များနှင့် ဖွဲ့စည်းထားသော ရပ်ဝန်းကြီးတစ်ခု ဖြစ်နေသည်ကို သူသတိပြုမိပါသည်။ သို့သော်လည်း အချိန်၊ ကာလယန္တရား၊ စံနှုန်းများနှင့်တော့ နေရာပေးထားပါသည်။ သို့သော်လည်း ထိုစံနှုန်းများထက် ကျော်လွန်သောအခါ ကျော်လွန်ရ၊ လိုနေသောအခါ လိုနေရနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါ သူနှင့်အတူ အပေါင်းအပါများအားလုံး စိတ်ထဲမကောင်းကြတော့ပါ။ သူတစ်ခါတစ်ရံ သူ့ကိုယ်သူ မေးခွန်းထုတ်နေမိသည်။ “ငါတို့ အခုလို ဘာလို့ လွန်ကျူးစွာ တာဝန်ထမ်းဆောင်ကြပြီး တစ်ခါတစ်လေကျတော့ ဘာလို့မထမ်းဆောင်နိုင်ကြရတာလဲ” ဟူ၍ မေးခွန်းများ ထုတ်နေမိသည်။ ထိုမေးခွန်းကို သက္ကရာဇ်တိုင်း၌ သူ မေးနေခဲ့သည်။ သို့သော် အဖြေမထွက်ခဲ့ပါ။ ရလဒ်လည်း မကောင်းခဲ့ပါ။ သူ့အပေါင်းအပါများကတော့ သူ့အလိုအတိုင်းသာ လိုက်လျောညီထွေစွာ ပြုလုပ်ခဲ့ကြမြဲ ဖြစ်သည်။ ယခုရက်သတ္တပတ်မှာလည်း ထိုတာဝန်ကို မထမ်းဆောင်ချင်လျက်နှင့် ထမ်းဆောင်နေရသည်။ မဖန်တီးချင်ဘဲနှင့် ဖန်တီးနေရသည်။ ထို့ကြောင့် သူတို့၏ အကျိုးသက်ရောက်မှုများက သူတို့နှင့် ဆက်စပ်နေသော နေရာရပ်ဝန်းတိုင်းဆီမှာ ထင်ထင်ရှားရှား ဖြစ်ပျက်ပေါ်ပေါက်လာတော့သည်။

သူတို့နှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသော အသံများက မည်ကဲ့သို့များ ဖြစ်နေမည်နည်းဟု သူ အမြဲနားစွင့်နေခဲ့သည်။ ယခင် သက္ကရာဇ်များကဲ့သို့ အသံများသာဖြစ်မည်ဟု သူ နားလည်ယုံကြည်ထားသော်လည်း ယခုရက်သတ္တပတ်များအကြောင်းလည်း နားစွင့်မြဲစွင့်နေခဲ့မိသည်။ သူ ထင်ထားသည့်အတိုင်းပင် ကြားရသော အသံများက သူတို့ကို ထိတ်လန့် တုန်လှုပ်သွားစေတော့သည်။ သူတို့ တာဝန်ထမ်းဆောင်နေစဉ် အတွင်းမှာပင် သူတို့ကို အပြစ်တင်သံများ၊ ဆဲဆိုသံများ၊ ကဲ့ရဲ့သံများ နားနှင့်မဆံ့အောင် ကြားလာရတော့သည်။ သူတို့လည်း တာဝန်ထမ်းဆောင်နေရုံမှအပ ဘာမျှမတုံ့ပြန်နိုင်ခဲ့ပါ။ စိတ်မကောင်းစွာနှင့်သာ တာဝန်ကို ဆက်လက် ထမ်းဆောင်နေရတော့သည်။

သူတို့နှင့် ဆက်စပ်နေသောရပ်ဝန်းကိုတော့ သူ အမြဲလေ့လာ ကြည့်ရှုနေခဲ့ပါသည်။ အချို့လူစုလူဝေးများသည် သူတို့ဘေးမှလွတ်အောင် အမိုးအကာလေးတစ်ခုအောက်၌ ခိုလှုံနေကြသည်ကိုများ တွေ့မြင်နေရသည်။ အချို့ကား ထီးများမိုးရင်း ပါးစပ်မှ တတွတ်တွတ် မြည်တွန်တောက်တီးကာ လမ်းမများပေါ်မှာ သွားလာနေကြပြန်သည်။ အချို့ကျတော့ သူတို့၏ ကားမှန်ပြင်များပေါ်ကျလာသော သူ့အပေါင်းအပါများကို အတံလေးများနှင့် ဖယ်ချပစ်နေသည်ကို တွေ့နေရပြန်သည်။ အချို့ကတော့ တုန်တုန်ယင်ယင်နှင့် သူ အပေါင်းအပါများ ခုန်ဆင်းလာသမျှ ဒဏ်ကို အလူးအလဲခံစားနေကြရသည်။ သူ ယင်းအခြေအနေများကိုတွေ့ပြီး စိတ်ထဲ ပိုမိုမကောင်းဖြစ်လာတော့သည်။ သို့နှင့် သူ သူ့အပေါင်းအပါများကို တာဝန်များ အမြန်ဆုံးပြီးအောင် ထမ်းဆောင်ရန် မကြာမကြာ ဖိအားပေးနေတော့သည်။

သူနှင့်အတူ အပေါင်းအပါများအားလုံး ပို၍စိတ်မကောင်းဖြစ်ရသည်က သူ့ရပ်ဝန်းထဲမှ အပါအ၀င်ဖြစ်သော စပါးအသီးအနှံများ အပေါ်သူတို့၏ သက်ရောက်မှုများ ဖြစ်ပါသည်။ သူတို့၏ လုပ်ရပ်များကြောင့် စပါး အသီးအနှံများကို ထိန်းမတ်ပေးထားသော အပင်များမှာ မြေပြင်ပေါ်တွင် ပြားပြားဝပ်ကုန်ကြတော့သည်။ စပါး အသီးအနှံများ ချည်း အပုံလိုက်ရှိသော အပုံများမှာလည်း သူတို့ကြောင့် အပျက်အစီး များလာသည်ကို သူဝမ်းနည်းစွာ တွေ့မြင်နေရသည်။ အချို့က သူတို့ကို ဆဲဆိုကြ၊ ရပ်တန့်ခိုင်းကြနှင့် ယောက်ယက်ခတ်နေကြသည်ကို သူမြင်တွေ့လေတိုင်း ထိုရပ်ဝန်းဆီမှနေ၍ သူ့အဖွဲ့သားများနှင့်အတူ အမြန်ပြေးထွက်သွားလိုက်ချင်မိသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ဖို့ရာ လုံးဝ လုံးဝမဖြစ်နိုင်မှန်း သူ သိနေတော့ ပိုပြီးစိတ်မကောင်းဖြစ်ရပြန်သည်။ ယခုကဲ့သို့ အတွေ့အကြုံမျိုးများ သူတို့ ကျန်ခဲ့သော သက္ကရာဇ်များ အတော်များများ၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ သို့သော်လည်း မည်ကဲ့သို့ ပြုပြင်ဖန်တီးနိုင်စွမ်း မရှိခဲ့ပါ။ တစ်နှစ်ထက်တစ်နှစ် ပိုမို၍သာ ဆိုးရွားသော အခြေအနေများကို ကြုံတွေ့လာရလေသည်။

သူ တစ်ခါတစ်ရံ စဉ်းစားကြည့်နေမိသည်။ ယခုကဲ့သို့ သူတို့၏ အဖြစ်အပျက်များက သူတို့၏ ပယောဂသက်သက်ကြောင့် မဖြစ်နိုင်ဘူးဆိုသည်ကတော့ သူ ယုံကြည်နေမိသည်။ သို့ဆိုလျှင် မည်သည့်အရာများကြောင့် ထိုသို့အဖြစ်မျိုးများ ကြုံတွေ့နေရသနည်းဟု သူ့ကိုယ်သူ မေးခွန်းထုတ်နေမိသည်။ စောစောက သူနှင့်ဆက်စပ်နေသော ရပ်ဝန်းက သူများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေမည်ဟုလည်း သူ သံသယ ဖြစ်လာခဲ့သည်မှာ ရာစုနှစ်များ အတော်ကြာခဲ့ပါပြီ။ သို့သော်လည်း ထိုအကြောင်းအချက်များက လတ်တလောအနေအထားတွင် အကျုံးမ၀င်မှန်း သူ သတိထားမိလိုက်၍ ဘယ်အရာကို အပြစ်တင်ရမှန်း သူ ဝေခွဲမရ ဖြစ်နေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိ ဖန်တီးနေသောနေရာ၌ ရောက်ရှိနေသူများက သူတို့ပင် ဖြစ်နေသောကြောင့်ပင်။ ယခုကဲ့သို့ သူမေးခွန်းများထုတ် တွေးတောစဉ်းစားနေစဉ်မှာပင် သူတို့နှင့် ဆက်စပ်နေသော ရပ်ဝန်းထဲမှ ပုံရိပ်များ၊ အသံများက တရစပ် ထွက်ပေါ်နေလေသည်။ အစုလိုက် အပြုံလိုက် အမိုးတစ်ခုအောက်၌ ခိုလှုံနေကြသောသူများ၊ သူတို့ကို အပြစ်တင်ရင်း တစ်နေရာရာကို သွားရာတွင် နှောင့်နှေးကြန့်ကြာနေရကြောင်းကို ညည်းညူနေကြလေသည်။ ထီးလေးများ ဆောင်းရင်း လမ်းမများပေါ်၌ လှုပ်ရှားသွားလာနေကြသောသူများကလည်း ပါးစပ်မှ တတွတ်တွတ် ရေရွတ်ကာ သူတို့ကို အပြစ်တင်နေသံများ သူကြားနေရပြန်သည်။ တချို့ကား မှန်သားပြင်များပေါ်၌ အတံလေးများနှင့် သပ်ချနေရသော ကားများပေါ်မှ လူများကလည်း သူတို့အကြောင်း မကောင်းပြောသံများ ကြားနေရသည်။ နောက်ဆုံး အသီးအနှံအပင်များ၊ အသီးအနှံအပုံများနှင့် ဆက်စပ်နေသော သူများထံမှ သူတို့အပေါ်တုံ့ပြန်သံများက အဆိုးရွားဆုံးဖြစ်နေသည်ကို သူ သိလိုက်ရတော့သည်။ သူ စိတ်ထဲမကောင်း ရုံမှလွဲပြီး ဘာမျှမတတ်နိုင်ခဲ့ပါ။

ယခုရက်သတ္တပတ်များလို အဖြစ်အပျက်မျိုးများ၊ သက္ကရာဇ်များတိုင်း သူ တွေ့ကြုံ ရဖန် များလာသောအခါ ထိုအကြောင်းအချက်များကို ကုစားရန် နည်းလမ်းများရှိနေလေမလား သူ တွေးနေမိပြန်သည်။ သူတို့နှင့် ဆက်စပ်နေသော ရပ်ဝန်းက လိုအပ်နေသော အချိန်များတွင် သူတို့ မထမ်းဆောင်နိုင်ခဲ့သော တာဝန်များအတွက် စိတ်မကောင်းဖြစ်ခဲ့ရသကဲ့သို့ မလိုအပ်သောအချိန်တွင် တာဝန်ကို မဖြစ်မနေ ထမ်းဆောင်လာရသော သူတို့ဘ၀များကို သူရင်နာနေမိသည်။ သူ့ အပေါင်းအပါများအတွက်လည်း စိတ်မကောင်းဖြစ်နေမိသည်။ ထို့ကြောင့် ထိုအကြောင်းအချက်များကို သူ မည်ကဲ့သို့ ကုစား၍ ရနိုင်မည်နည်းဆိုသည်ကို လိုက်လံတွေးတောမိနေခြင်းပင်ဖြစ်သည်။ သူတို့ကိုယ်တိုင်မှာတော့ မတတ်နိုင်သည်မှာ သေချာလှပါသည်။ သူတို့နှင့် ဆက်စပ်နေသော ညည်းတွား အပြစ်တင်ရေရွတ်နေကြသောရပ်ဝန်းမှ သူများလည်း မတတ်နိုင်ကြဘူးလားဟု သူ စဉ်းစားမိပြန်သည်။ နောက် ယခုကဲ့သို့ အဖြစ်အပျက်များနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာသော သူတို့၏ရပ်ဝန်းဆီမှ သူများ၏ အခက်အခဲများ၊ အကျပ်အတည်းများ၊ အဆင်မပြေမှုများကို တစ်နည်းတဖုံ အဆင်ပြေသွားအောင် ကုစားပေးနိုင်မည့်သူများ မရှိဘူးလားဟူ၍သူ ဆက်တိုက်ဆိုသကဲ့သို့ မေးခွန်းများ ထုတ်နေမိတော့သည်။ ဆက်တိုက်တွေးတောနေမိသည်။

သူ ထိုသို့ မေးခွန်းများ ထုတ်နေရင်း တွေးတောနေရင်းနှင့် ပိုမိုပြီး စိတ်မကောင်း ဖြစ်လာကာ မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာတော့သည်။ ထိုမျက်ရည်များက လူတစ်စုစု ပြုံရပ်နေသော အမိုးလေးများ အပေါ်မှာလည်း ကျခဲ့သည်။ လူအချို့ ဆောင်းထားသော ထီးလေးများပေါ်သို့လည်း ကျခဲ့သည်။ အတံလေးများနှင့် သပ်နေသော ကားများ၏ မှန်သားပြင်ပေါ်သို့လည်း ကျနေခဲ့သည်။ စပါး အသီးအနှံအပင်များ၊ စပါးအသီးအနှံအပုံများပေါ်သို့လည်း ကျနေခဲ့သည်။ ထိုရပ်ဝန်းများမှ အစာအိမ်များအပေါ်သို့လည်း ကျနေခဲ့ပါသည်။ သို့သော်လည်း သူတို့၏ ထိုမျက်ရည်စက်များက ရပ်ဝန်းတစ်ခုအပေါ်သို့ ကျမနေခဲ့သည်ကိုတော့ သူအံ့သြစွာ တွေ့မြင်နေရသည်။ ထိုရပ်ဝန်းသည် ဣနြေ္ဒကောင်းပြီး သက္ကရာဇ်အဆက်ဆက် သူတို့၏ မျက်ရည်စက်များနှင့် ဝေးအောင်ရှောင်နေခဲ့သော ရပ်ဝန်းတစ်ခုမှန်း သူသိတော့ သိနေခဲ့ပါသည်။

writer: ပြည်သစ်ဟန်


No comments