Header Ads

ယုံကြည်ချက်နှင့်လူသားအရင်းအမြစ်



မော်လမြိုင်မြို့တွင် ပြုလုပ်သော ကလေးစာပေပွဲတော်၌ ကလေးငယ်များ ပန်းချီရေးဆွဲနေစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

လူတို့သည် မတူကွဲပြားစွာဖြင့် ရပ်တည်နေခဲ့ကြသည်မှာ ကာလအားဖြင့် ကမ္ဘာဦးအစကပင် ဖြစ်လေသည်။ ရုပ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ကွဲပြားကြ၏။ ခြားနားကြ၏။

သို့ရာတွင်ကား လူတို့သည် တူညီသော မကွဲပြားသော၊ မခြားနားသော ဆန္ဒတူများ အစဉ်သဖြင့် ရှိနေတတ်သည်လည်းရှိပေ၏။

ယင်းမှာ စား၊ ၀တ်၊ နေရေးဟူသော တူညီသောဆန္ဒများ ဖြစ်ကြလေသည်။ ဘယ်လူသားမျှ ဤအရေးသုံးပါးနှင့် ကင်းလွတ်နေသည်ဟူ၍ မရှိပေ။ လူတို့သည် စားဝတ်နေရေး ဖူလုံရန်အတွက် နည်းမျိုးစုံ၊ အလုပ်မျိုးစုံတို့ဖြင့် ဘ၀ကို တည်ဆောက်ကြလေ၏။

နည်းမျိုးစုံဆိုရာ၌ ကောင်းသောနည်း၊ မကောင်းသောနည်းဖြင့် ရှိကြသကဲသို့ အလုပ်အကိုင်တို့တွင်လည်း ကောင်းသောအလုပ်၊ မကောင်းသောအလုပ်ဟူ၍ ရှိကြလေသည်။ လူတိုင်းဆိုရာ၌ လူချင်းတူသော်လည်း အသက်ရှုခြင်း မတူကြပေ။ ထို့အတူ ဥာဏ်ရည်ဥာဏ်သွေးတို့လည်း မတူကြပေ။ သို့မတူသောကြောင့်လည်း အကျိုးဖြစ်ထွန်းမှု အကျိုးခံစားမှုတို့သည်လည်း မတူညီနိုင်ပေ။ လူတို့၏ ဆင်းရဲချမ်းသာမှုတို့သည် ထိုလူတို့၏ လုံလ၊ ၀ီရိယ၊ ကံ၊ ဥာဏ်တို့အပေါ်တွင် တည်၏။ ထို့ကြောင့် လူတို့သည် လူတို့ပင်ဖြစ်လင့်ကစား မတူကွဲပြားမှုများရှိလာ ဖြစ်လာခဲ့ခြင်းဖြစ်လေ၏။

ဥပမာတစ်ခုတင်ပြရလျှင် ရေထမ်းရောင်းစားသူနှင့် ရွှေဆိုင်ဖွင့်စားသူတို့သည် အဘယ်မှာလျှင် တူနိုင်ပါမည်နည်း။ ထိုနည်းတူစွာပင် အခြားအခြားသော မတူကွဲပြားသော အကြောင်းအရာ ဖြစ်စဉ်တို့သည်လည်း များစွာရှိနေပါလိမ့်မည်။ ဤနေရာ၌ လူတို့၏ အရေးအကြီးဆုံးအချက်မှာ ယုံကြည်မှုဖြစ်သည်။

ယုံကြည်ချက်၊ ယုံကြည်မှုဟူသည် အခြားသူတွက်မဟုတ် မိမိအတွက်ဖြစ်သည်။ ဘုရားဟောသည့် ‘အတ္တာဟိ အတ္တနောနာထော’ ဟူသော တရားသဘောသည်ပင်လျှင် ကိုယ့်ကိုယ်ကိုယ် အားပေးခြင်း၊ အားကိုးခြင်းဖြစ်၏။ အားကိုးခြင်းသည်ပင်လျှင် ယုံကြည်မှုဖြစ်၏။ ယုံကြည်ချက်ဖြစ်သည်။ မိမိကိုယ်မိမိ မယုံကြည်သောသူသည် သူတစ်ပါးကိုလည်း ယုံကြည်လိမ့်မည်မဟုတ်ပေ။

ယုံကြည်မှုသည် အောင်မြင်မှု၏ လက်နက်ကောင်းဖြစ်၏။ တိုးတက်ဖြစ်ထွန်း အောင်မြင်နေကြသောသူများသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူများဖြစ်ကြ၏။ လွတ်လပ်ရေးရမည်ဟု ယုံကြည်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ယုံကြည်မှု ယုံကြည်ချက်အတိုင်း လုပ်ဆောင်ခဲ့ရာ အောင်မြင်ခဲ့လေ၏။

ယုံကြည်မှု ယုံကြည်ချက်သည် လူသားတိုင်းအတွက်ဖြစ်၏။ ယုံကြည်မှုနည်းလျှင် နည်းနည်းခံစားရသည်။ များများရှိသူကား များများခံစားရ၏။ အချည်းနှီးကား မဖြစ်ပေ။

ဗိုလ်မှူးကြီးဗထူးသည် အလွန်ယုံကြည်ချက် ပြင်းထန်သူဖြစ်၏။ ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ရာ၌ မိမိကိုယ်မိမိ အပြည့်အ၀ ယုံကြည်မှုထားခဲ့၏။ ထိုယုံကြည်ချက်ကြောင့်ပင် အောင်ပွဲခံနိုင်၏။

လူသည် အထူးအားဖြင့် ဘာမဆိုဖြစ်နိုင်စွမ်းသော လုပ်နိုင်စွမ်းသော ဥာဏ်ရည်ဥာဏ်သွေးနှင့် ကာလအားများရှိကြပေသည်။ ဘယ်လူမျိုးမဆို သူ့နေရာနှင့်သူ အသုံးတည့်ကြ၏။ ကောင်းစွာ၊ မွန်စွာတည့်ပေးတတ်သူ လမ်းညွှန်တတ်သူရှိလျှင် ပို၍ပင်အသုံးတည့်ပေ၏။ ဤလောက၌ အလကားလူဟူ၍မရှိ။ သူ့နေရာနှင့်သူ အသုံးတည့်၊ အသုံးဝင်နေကြသူချည်းဖြစ်၏။ ထို့ကြောင့် လူတို့သည် လူတို့ကို အထင်သေးစရာမလိုပေ။

အလကားလူရှိသည်ဆိုလျှင် ထိုလူသည် ‘ရူး’ သူနှင့် ‘မူး’ သူသာဖြစ်ပေလိမ့်မည်။ လူတို့သည် အလွှာအသီးသီး၌ရှိကြ၏။ နိုင်ငံရေးသမားသည် နိုင်ငံတိုးတက်အောင် ဆောင်ရွက်လုပ်ကိုင်ကြ၏။ စီးပွားရေးသမားသည်လည်း စီးပွားဖြစ်ထွန်း အောင်မြင်အောင် လုပ်ဆောင်ကြလေ၏။ မည်သည့်အလွှာပင်ဖြစ်ဖြစ် အလုပ်လုပ်ကြသူချည်းဖြစ်၏။ အကျိုးများခြင်း၊ အကျိုးနည်းခြင်းတို့သာ မတူကွဲပြားခြားနားကောင်း ခြားနားကြပေလိမ့်မည်။ အလုပ်ကား လုပ်ရသည်ချည်းဖြစ်၏။ သူတောင်းစားပင် တောင်းစားသော အလုပ်ကိုလုပ်ရသေး၏။ အပြောကောင်း၊ အဆိုကောင်း၊ အငိုကောင်းသော သူတောင်းစားက အပြောမကောင်း၊ အဆိုမကောင်း၊ အငိုမကောင်းသော သူတောင်းစားထက် အကျိုးများ၏။ ပို၍အောင်မြင် ဖြစ်ထွန်းလေ၏။

တစ်ခါတစ်ရံ အပြောကောင်း၊ အဆိုကောင်း၊ အငိုအလွမ်းကောင်းသော သူတောင်းစားကို ဇာတ်ထောင်၍ ပြဇာတ်မင်းသား လုပ်ခိုင်းလိုက်ရလျှင် ပို၍အကျိုးများလေမလားဟု ထင်မိ၏။ ယုံကြည်မှုသည် မိမိကိုယ်မိမိ ပထမဦးဆုံး ယုံကြည်ဖို့လို၏။ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆိုမိန့်သကဲ့သို့ မိမိကိုယ်မိမိ အရင်ဦးဆုံး ယုံကြည်ဖို့လိုကြောင်း မိန့်ဆိုခဲ့လေသည်။

အလွန်တိကျ၍ မှတ်သားဖွယ်ကောင်းသော စကားတစ်ရပ်ပင်ဖြစ်ပေ၏။ ပထမဦးဆုံးဖြစ်သော မိမိကိုယ်မိမိ ယုံကြည်ခြင်းသည် တစ်နိုင်ငံလုံး၊ တစ်ပြည်ထောင်စုလုံး မိမိကိုယ်မိမိ ယုံကြည်လာကြပေလိမ့်မည်။ မိမိကိုယ်မိမိ ယုံကြည်နေဖို့လိုသည် အပေးအယူလုပ်ဖို့မလို။ သူပေး၊ ကိုယ်ပေးလုပ်ဖို့သာလို၏ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။ ထိုစကားသည် ပညာရှိစကားဖြစ်၏။ မှတ်သားလောက်ပေ၏။ အလုပ်ဖြစ်ထွန်းခြင်း၊ အောင်မြင်ဖြစ်ထွန်းခြင်း၊ စီးပွားဖြစ်ထွန်းခြင်းဆိုရာ၌ ဘုရားဟောစကားရှိ၏။

ယင်းမှ စီးပွားရှာနည်း၊ ဗုဒ္ဓနည်းဟူ၍ဖြစ်၏။ ၎င်းစီးပွားရှာနည်းကို အောက်ပါအတိုင်း ကဗျာဖွဲ့ဆိုဖော်ပြထားပေ၏။

ကြီးပွားပုံဟန်၊ အခြေခံကား

ကံဥာဏ်ထောက်မ၊ ၀ီရိယနှင့်

လုံ့လကြီးစွာ၊ စီးပွားရှာသော်

ရရာမလွဲ၊ ဖြစ်စမြဲတည်း။

လုပ်သောအခါ၊ ရဥစ္စာတွင်

လေးဖြာပုံထား၊ တစ်ပုံစား၍

အခြားနှစ်ပုံ ရင်းနှီးစုံထုတ်

အလုပ်လုပ်တော့၊ တစ်ထုပ်တစ်ပုံ

အရေးကြုံက၊ သုံးကြစေရန်

ဆက်အပ်နှံလျက်၊ လှူရန်တွက်ကား

စားဖို့ထားသည်၊ ရှေ့ဖျားပုံမှ

ခွဲလှူကြဟု၊ ဗုဒ္ဓညွှန်ကြား

မိန့်မှာထားသည်၊ ကြီးပွားလမ်းညွှန်

ဖြစ်စဉ်တည်း။

(မဃဒေ၀) ဟူ၍ ဖြစ်ပေသည်။

ယုံကြည်မှု၏ စစ်မှန်သော မိတ်ဆွေသည် ၀ီရိယနှင့် လုံ့လများဖြစ်၏။ ထိုမိတ်ဆွေတို့သည်သား စစ်မှန်သော ယုံကြည်မှုပေး၏။

လူသည် အစဉ်သဖြင့် အောင်မြင်နေသည်ဟူ၍ မရှိ၊ အနိမ့်အမြင့် အတက်အကျဟူသည်ရှိ၏။

ထိုစကားသည် မှတ်သားအပ်သော အားမာန်တစ်ရပ်ဖြစ်ပေ၏။ အထူးပင် သတိချပ်ဖို့လိုပေ၏။ ယုံကြည်မှုမရှိလျှင် ကျဆုံးမည်။ ယုံကြည်မှုရှိလျှင် အောင်မြင်မည်ဟူသည့် သဘောပင်ဖြစ်လေသည်။

လူတို့၏ တိုးတက်အောင်မြင်မှုတွင် ယုံကြည်ချက်ရှိရမည်။ ထိုယုံကြည်ချက်သည် မိမိကိုယ်မိမိ ယုံကြည်ခြင်းဖြစ်ရမည်။ စည်းကမ်းရှိရမည်။ ယင်းစည်းကမ်းသည်လည်း မိမိကိုယ်တိုင် စည်းကမ်းရှိရမည်ဟူ၍ဖြစ်၏။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ‘ဂျွန်ပေါ’ က “လူမျိုးဆက်တိုင်း သဘောပေါက်ဖို့လိုတာက လွတ်လပ်တယ်ဆိုတာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပိုင်ခွင့်ရှိဖို့သာဖြစ်သည်” ဟူ၍ဆိုမိန့်ခဲ့လေ၏။

ပညာရှိကြီး ‘ကွန်ဖြူးရှပ်’ ကလည်း “နိုင်ငံတစ်နိုင်ငံ၏ အင်အားဆိုတာ တစ်အိုးတစ်အိမ်ချင်း စုစည်းညီညွတ်မှုအပေါ် မူတည်တယ်” ဟူ၍ဆိုခဲ့၏။

ယင်းအဆိုအမိန့်သည် ယုံကြည်ချက်ဖြင့် ဆိုမိန့်သော ပညာရှိစကားပင်ဖြစ်ပေသည်။ လူသားနှင့် ယုံကြည်မှုဆိုသည်မှာ ကောင်းသောအတွေး၊ ကောင်းသောအမြင်၊ ကောင်းသောအလုပ်ကိုသာ ဆိုလိုခြင်းဖြစ်၏။

ကဏန်းကောင်နှင့်တူသော ပုဂ္ဂိုလ်မျိုး။

ပုတ်သင်ညိုကောင်နှင့်တူသော ပုဂ္ဂိုလ်မျိုး။

ကိုင်းပင်နှင့်တူသော ပုဂ္ဂိုလ်မျိုး။

လိပ်ကောင်နှင့်တူသော ပုဂ္ဂိုလ်မျိုး။

နွားသိုးနှင့်တူသော ပုဂ္ဂိုလ်မျိုး။

ခွေးအနှင့်တူသော ပုဂ္ဂိုလ်မျိုးကား မဖြစ်ကောင်းပေ၊ မရှိကောင်းပေ။ မပြုကောင်းပေ။ ယင်းတို့၏ ယုံကြည်မှုကား အညံ့စားအဖျင်းစား တိုင်းပြည်နှင့် လူမျိုးကို ဒုက္ခပေးမည့် ယုံကြည်မှုမျိုးဖြစ်၏။

စစ်မှန်သော၊ ကောင်းမွန်သော၊ လူမျိုးတို့အား အကျိုးပြုသော ယုံကြည်မှုသည်သာ ပြုအုပ်ရာ၏။ ဆောင်အပ်ရာ၏။ လုပ်အပ်ရာ၏။ ယင်းမှသာ ယုံကြည်ချက်နှင့် လူသားရင်းမြစ်တို့၏ စစ်မှန်သော ကောင်းကျိုးချမ်းသာ ဖြစ်နိုင်ပါတော့သတည်း။

Writer: 

အောင်မြင့်မြတ် (ပြည်ရွှေဘို)


No comments