Header Ads

မြန်မာပြည်တောင်ဘက်စွန်းဆီကပျိုမြစ်ဆဲအလှတရားများ


                                                 သဲပလုတ်အော်ကမ်းခြေအလှ (ဓာတ်ပုံ-စိုးမိုးအောင်)


မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ  ထားဝယ်ဒေသအတွင်း နာမည်ကျော် မြိတ်ကျွန်းစုများနည်းတူ ပြည်တွင်း၊ ပြည်ပခရီးသွားများကို  ဆွဲဆောင်နိုင် သည့် သဘာဝရင်းမြစ်များ ကြွယ်ဝဆဲကျွန်းစုများစွာ ရှိနေပါသေးသည်။ ယင်းတို့အနက် သဘာဝဂေဟစနစ်များ   ကြွယ်ဝလှပဆဲလောင်းလုံးဘုတ်ကျွန်းမှာ တစ်ခု အပါအ၀င်ဖြစ်သည်။

ထားဝယ်ဒေသသည် သဘာဝရှုခင်းများ ပေါများသည့် ဒေသတစ်ခုဖြစ်သည့် အားလျော် စွာ ပြည်ပဧည့်သည်များ အပန်း ဖြေ အနားယူနိုင်သည့်နေရာများ ထက် လေ့လာမှုများ၊ မှတ်တမ်း များ ပြုလုပ်နိုင်သော နယ်မြေသစ် များကို သွာေးရာက်လည်ပတ်ရန် စိတ်ဝင်စားလာကြသည်။ ထို့ ကြောင့် ၂၀၁၃ မှစ၍ မောင်း မကန်ကမ်းခြေ၏ အနောက်ဘက် ကပ္ပလီပင်လယ်ပြင်အတွင်းရှိ ကျွန်း များကို ခရီးစဉ်အသစ်တစ်ခုအ နေဖြင့် သွားရောက်လည်ပတ်ရန် စိတ်ဝင်စားခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး သည် ကပ္ပလီပင်လယ်ပြင်အတွင်း ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့ စည်းထားသော ကမ်းရိုးတန်း ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ ကျွန်းအများစုသည် တိုင်းဒေသ ကြီးတောင်ပိုင်းရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း ပါဝင် ပြီး ယင်းတို့အနက် အဏ္ဏ၀ါဘေး မဲ့တော သတ်မှတ်ထားသော လန် ပိကျွန်း အမျိုးသားဥယျာဉ်၊ ဆလုံ တိုင်းရင်းသားများ နေထိုင်သော ကျွန်းများ၊ နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ရှိ သည့် သူဌေးကျွန်းစသည့် ကျွန်း များသည် ထင်ရှားသည်။

ထားဝယ်ခရိုင်မှာမူ တိုင်း ဒေသကြီး၏ မြောက်ပိုင်းတွင် တည်ရှိပြီး ခရိုင်အတွင်း ကျွန်းအ နည်းငယ်သာ ပါဝင်သည်။ အနည်းငယ်သာ ရှိသည့်ကျွန်းများကို စုစည်းကာ ကိုလိုနီခေတ်က မော့စ ကော့ (Mosco) ကျွန်းများဟု ခေါ်တွင်ခဲ့သည်။ အဆိုပါ မော့စကော့ ကျွန်းများတွင် ဟိဇ္ဇဲဘုတ်ကျွန်း၊ မောင်းမကန်ဘုတ်ကျွန်းနှင့် လောင်းလုံးဘုတ်ကျွန်းဟူ၍ နယ်မြေ သုံးခုသတ်မှတ်ထားသည်။

ဘုတ်ဆိုသည်မှာ ထားဝယ် ဒေသခံများ၏ ဒေသန္တရ အခေါ်အ ဝေါ်တစ်ခုဖြစ်ပြီး ကျွန်း(သို့ မဟုတ်)ကျွန်းစုဟု အဓိပ္ပာယ်ရ သည်။

အဆိုပါ ကျွန်းများသည် ရာ သီဥတုအခြေအနေ ဆိုးရွားပါက  ကမ်ဝေးငါးဖမ်းလှေများ ရပ်နားကြလေ့ရှိသော ကျွန်းများသာ ဖြစ်သည်။ ထို့ကြောင့် လှေလုပ် သားများသာ ယင်းကျွန်းများသို့ ရောက်ဖူးကြသည်။

၂၀၁၀ နောက်ပိုင်းနယ်မြေ အေးချမ်းမှုရှိလာခဲ့ပြီး ထားဝယ် သို့ ခရီးသွားဧည့်သည်ဝင်ရောက် မှု မြင့်တက်လာချိန်တွင် ယခင်က လူသူအရောက်အပေါက် နည်း သော သဘာဝကျွန်းစုများမှာ လည်း ခရီးသွားဧည့်သည်များအ တွက် စိတ်ဝင်စားစရာ နေရာသစ် များဖြစ်လာခဲ့သည်။ မော့စကော့ ကျွန်းများသို့ ၂၀၁၃ တွင် နိုင်ငံ ခြားသား ခရီးသွားများ စတင်သွား ရောက်ခဲ့ကြပြီး လောင်းလုံးဘုတ်  ကျွန်းကို လည်ပတ်ခဲ့ကြသည်။

ဘုတ်ကျွန်းနယ်မြေ သုံးခုအနက် ဟိဇ္ဇဲဘုတ်ကျွန်းသည် အနည်းငယ် အလှမ်းဝေးခြင်း၊ မောင်းမ ကန်ဘုတ်ကျွန်းတွင် မောရ၀တီ ရေတပ်စခန်းတပ်ချထားခြင်းတို့ ကြောင့် ကမ်းခြေနှင့် အနီးဆုံးဖြစ် သည့် လောင်းလုံးဘုတ်ကျွန်းကို ဧည့်သည်အများစုက ရွေးချယ် လည်ပတ်ခြင်းလည်း ဖြစ်သည်။

လောင်းလုံးဘုတ်ကျွန်းသည်မော့စကော့ကျွန်းများ၌ တောင်ဘက်ဆုံးအပိုင်းတွင် ပါဝင်ပြီးထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ တီဇစ်၊ စမ်းလှမ်း ကမ်းခြေကျေးရွာများမှ ရေမိုင် ၁၀ မိုင်ကျော် ကွာဝေးသည့် ကပ္ပလီပင်လယ် ပြင်တွင် တောင်နှင့်မြောက် သွယ်တန်းတည်ရှိသည်။ ထို့ကြောင့် ကမ်းပနီကျေးရွာ၊ မျှော်ရစ်ဘုရားအနီးရှိ ဆိပ်ကမ်းမှ မြင်းကောင်ရေ ၂၀ အားရှိ စက်လှေဖြင့် ထွက်ခွာမည်ဆိုပါက နှစ်နာရီကျော်သာ ကြာမြင့်မည်ဖြစ်သည်။

လောင်းလုံးဘုတ်ကျွန်းတွင် အထက်ဘုတ်၊ အလယ်ဘုတ်နှင့် အောက်ဘုတ်ဟူ၍ ကျွန်းသုံးကျွန်း ပါဝင်သည်။ ကျွန်းများအားလုံး သည် သဘာဝပေါက်ပင်များနှင့် ဖုံးလွှမ်းထားသော်လည်း အထက် ဘုတ်နှင့် အလယ်ဘုတ်ကျွန်းများ သည် မတ်စောက်သော ကျောက် ကမ်းပါးများသဖြင့် လှေများဆိုက် ကပ်ရန် မလွယ်ကူလှပေ။ အောက်ဘုတ်ကျွန်းတွင်မူ လှေ ဆိုက်ကပ်နိုင်သော သဲပလုတ် အော်၊ ထောင့်နတ်အော်၊ ငရုတ် ကောင်းအော် အပါအ၀င် ကမ်း ခြေအော် ခြောက်ခုရှိသည်။ သို့ သော် သွားရောက်လည်ပတ်သူ များသည် ကျွန်း၏ အရှေ့မြောက် အပိုင်းတွင် ရှိသည့် သဲပလုတ် အော်ကမ်းခြေသို့သာ ဦးတည်ကြ သည်။

သဲပလုတ်အော် ကမ်းခြေ သည် မျှော်ရစ်ကမ်းခြေမှ လာ ရောက်ပါက အနီးဆုံးအော်တစ် ခုဖြစ်ကာ လှေများ အလွယ်တကူ  ဆိုက်ကပ်နိုင်ပြီး ခရီးသွားများ လေ့လာအပန်းဖြေရန် အဆင်ပြေ သည့် နေရာတစ်ခုလည်း ဖြစ် သည်။

ယင်းအော်ကမ်းခြေမှ ပေ ၅၀၀ ကျော် ကွာဝေးသည့် ပင် လယ်ပြင်သည် ရေစူးအနက် ၁၂၀ပေ၀န်းကျင်ရှိ ကမ်းဝေးငါးဖမ်း လှေများ ငါးရှာနိုင်ပြီး ပေ ၂၀၀ အကွာခန့်တွင် သန္တာကျောက် တန်းများနှင့် ပြည့်နှက်နေသည့် စိမ်းပြာရောင် ပင်လယ်ပြင်တည် ရှိသည်။ အဆိုပါ နေရာတွင် ပင် လယ်ရေပြင်သည် ကြည်လင်နေ ပြီး ကျောက်ငါးများအပါအ၀င် ရေနေသတ္တ၀ါများကို လွယ်ကူစွာ တွေ့မြင်နိုင်သည်။ ထို့အတူ ယင်း သန္တာကျောက်တန်းများ ရှိသည့် နေရာမှ ကမ်းခြေအထိ ညီညာ ပြန့်ပြူးသော ဆင်ခြေလျှောကမ်း ခြေတွင် ဖြူဖွေးသန့်စင်နေသည့် သဲများ ပြည့်နှက်နေသည်။

ထို့အပြင် သဲပလုတ်အော် ကမ်းခြေသည် အော်ဖြစ်သည့်အ တွက် သာမန်ကမ်းခြေများကဲ့သို့ လှိုင်းမကြမ်းဘဲ ရေကူးအပန်းဖြေ မည့်သူများအတွက် ပိုမိုအဆင် ပြေစေသည်။ ပင်လယ်ရေသည် မောင်းမကန်ကမ်းခြေ၏ ပင်လယ်  ရေထက် အနည်းငယ်ပိုငန်သော် လည်း ကျွန်းပေါ်တွင် ရေချိုအ လွယ်တကူရရှိနေသောကြောင့် ခရီးသွားများအတွက် အဆင်ပြေ သည်။

‘‘နိုင်ငံခြားသားတွေက ဒီနေ ရာကို အပန်းဖြေဖို့ထက် ရေကူး ဖို့၊ ရေငုပ်ဖို့ ပိုပြီးစိတ်ဝင်စားကြ တယ်။ ဒီနေရာက ပင်လယ်ရေ နဲ့ ရေအောက်ကြမ်းပြင်က သဲတွေ လည်း မောင်းမကန်ကမ်းခြေနဲ့ အရမ်းကွာခြားတယ်ဆိုတော့ ခရီး သွားတွေကို ဆွဲဆောင်နေတာ ပေါ့’’ဟု လောင်းလုံးဘုတ်ကျွန်း သို့လှေအငှားလိုက်နေသော ဒေသခံတစ်ဦးက ပြောကြားသည်။

လောင်းလုံးဘုတ်ကျွန်းသို့ လည်ပတ်ရန် နိုဝင်ဘာမှ ဧပြီအထိသာ အဆင်ပြေပြီး ၂၀၁၃ အတွင်း  ယင်းကျွန်းသို့ နိုင်ငံခြားသားခရီးသွားများဖြင့် ၁၅ ခေါက်သာလာရောက်နိုင်ခဲ့သော်လည်း ၂၀၁၅ ဒီဇင်ဘာလလယ်အထိ ခြောက်ခေါက်ပို့ဆောင်ပေးထား ရကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ သို့သော် လောင်းလုံး ဘုတ်ကျွန်း အပါအ၀င် မော့စ ကော့ကျွန်းသည် တပ်ပိုင်မြေအ ဖြစ် ကြေညာထားသည့်မြေ ဖြစ် သည်။

ဘုတ်ကျွန်းသုံးခုအပါအ၀င် ဧရိယာ ၁,၂၁၆ ဧက အကျယ်အ ၀န်းရှိ မော့စကော့ကျွန်းများကို ၁,၉၂၇ တွင် ကိုလိုနီအစိုးရက သဘာဝဘေးမဲ့တောအဖြစ် သတ် မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် အစောဆုံးသတ်မှတ် ခံရသည့် သဘာဝဘေးမဲ့နယ်မြေ တစ်ခုလည်း ဖြစ်သည်။

သဘာဝဘေးမဲ့ နယ်မြေများ သည် သစ်တောဦးစီးဌာန၏ လက်အောက်တွင်ရှိသော်လည်း ယင်းကျွန်း၏ ပထ၀ီအနေအထား အရ လုံခြုံရေးကို မောရ၀တီ ရေတပ်စခန်းက တာဝန်ယူထားသည်။ လောင်းလုံးဘုတ်ကျွန်း၏ အနောက်ဘက်တွင် ကပ္ပလီပင်လယ်သာ ရှိတော့သည်။

ကမ်းလွန်ပင်လယ်ပြင်ကျွန်း ပေါ်တွင် တည်ရှိနေသော်လည်း သဘာဝပေါက်ပင်များသည် ဒီရေ တောများမဟုတ်ဘဲ အမြဲစိမ်း တောများ ပေါက်ရောက်နေ သည်။ ယနေ့အချိန်အထိ ပျဉ်းမ၊ သစ်တို၊ တောင်သရက်၊ ကြိမ်၊ ၀ါး များစသည့် သစ်တောသယံ ဇာတများ သဘာဝအတိုင်း ရှိနေ ဆဲဖြစ်ပြီး သစ်တောကြိုးဝိုင်းအ ဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် ဖွတ်၊ ကဏန်းစား၊ တံငါမျောက်၊ ဒရယ်၊ လိပ်နှင့် ကမ္ဘာ့ရှားပါးတိရစ္ဆာန်သင်းခွေချပ် များနှင့် ငှက်မျိုးစိတ်များ၊ တွား သွားသတ္တ၀ါမျိုးစိတ်များ ကျက် စားနေထိုင်ကြောင်း သစ်တောဦး စီးဌာနမှတ်တမ်းများအရ သိရ သည်။ ယင်းသို့ သဘာဝဂေဟ စနစ်များဖြင့် ပြည့်နှက်နေသော ကျွန်းပေါ်တွင် ၂၀၁၃ တွင် ထားဝယ်ဒေသခံကုမ္ပဏီတစ်ခုက ဟိုတယ် ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။ စီ မံကိန်းလုပ်ငန်းများ လုပ်ဆောင် နိုင်ရန် အဆောက်အအုံအချို့ သွားရောက်တည်ဆောက်ခဲ့ သည်။ သို့သော် ရေတပ်ဌာနက လာရောက်တားမြစ်ခဲ့သည်။

‘‘ဒီကျွန်းကို ရံဖန်ရံခါ ဘင်္ဂါ လီတွေ ရောက်လာတတ်တယ်။ အဲဒီအချိန်တုန်းက ရေတပ်ကို အ ကြောင်းကြားလိုက်တာပဲ။ သူတို့ ရောက်လာပြီး ပြန်ခေါ်သွားတာ ပဲ။ အခုချိန်မှာလည်း နိုင်ငံခြား သားခရီးသွားတွေ လှေတွေငှား ပြီး လာလည်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်းပေါ်မှာ ညအိပ်ဖို့ အခွင့်မပြုထားဘူး’’ဟု သဲပလုတ် အော်တွင် ကျွန်းစောင့်အဖြစ် နေ ထိုင်သူက ပြောသည်။ ကျွန်း စောင့်မှာ ရေတပ်မှတာဝန်ပေး ထားသူလည်း ဖြစ်သည်။

လောင်းလုံးဘုတ်ကျွန်း၌ အောက်ဘုတ်သည် အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး လှေများရပ်နားနိုင်သော အော်ကမ်းခြေ ခြောက်ခုရှိသည်။

သို့သော် နေရာတိုင်း တွင် လှေ ဆိုက်ကပ်ရန် အဆင်မပြေလှပေ။ လှေများဆိုက်ကပ်ရန် အလွယ်ကူဆုံးဖြစ်သည့် သဲပလုတ်အော်သည် အလျားနှစ်ဖာလုံကျော်ရှိသော်လည်း အိမ်ခြေ(တဲ)ခြောက်လုံးသာ ရှိသည်။ တဲတစ်ဆောင်မှာ ကျွန်းစောင့်များနေ ထိုင်သည့် တဲဖြစ်ပြီး ကျန်တဲများ မှာ ရေလုပ်သားများ ယာယီနားခိုသည့် နေရာများ ဖြစ်သည်။ နွေရာသီတွင် ဒေသခံအချို့လာ ရောက် အခြေချနေထိုင်တတ်သော် လည်းအစဉ်အမြဲနေထိုင်ခွင့်မရှိပေ။

ကမ်းဝေး ငါးဖမ်းလှေများ သည်လည်း ယင်းနေရာတွင် မိုး ရာသီ၌ ရာသီဥတုအခြေအနေ မကောင်းပါက လာရောက်နားခို နေကျ ဖြစ်သည်။ ထို့အပြင် သဲ ပလုတ်အော်မှ ခါးပြတ်( ကျွန်း နှစ်ကျွန်းအကြား)ကို ဖြတ်သန်း ၍ တစ်နာရီနီးပါး သွားပါက ကမ်း ဝေးငါးဖမ်းလှေများ မုန်တိုင်းရန် မှ ရှောင်ရှားရန် နားခိုသည့် ထောင့်နတ်အော် တည်ရှိသည်။

သဲပလုတ်အော်မှ မြင်း ကောင်ရေ ၂၀ အားရှိ စက်လှေ ဖြင့် နှစ်နာရီခွဲကျော်သွားပါက ‘‘သိုင်း’’ဟု အမည်တွင်သော သဲ သောင်တစ်ခုရှိသည်။ ယင်းသဲ သောင်သည် အရှည်ပေ ၅၀၀ ကျော်သာရှိသော်လည်း ခရီးသွား များ သွားရောက်လည်ပတ်လေ့ ရှိသည့်နေရာတစ်ခု ဖြစ်နေသည်။ အဆိုပါ သဲသောင်သည် မြန်မာ နိုင်ငံတွင် ပင်လယ်လိပ် ငါးမျိုးရှိ သည့်အနက် ပြင်သာပင်လယ် လိပ်မျိုးစိတ်များ သားပေါက်သည့် နေရာဖြစ်သည်။

ငါးလုပ်ငန်းဦးစီးဌာန၏ စာ ရင်းများအရ တနင်္သာရီတိုင်းဒေ သကြီးတွင် ပင်လယ်လိပ်မျိုးစိတ် များ သားပေါက်သည့်နေရာ ၁၃ နေရာရှိသည်။ ထားဝယ်ခရိုင် အတွင်း သားပေါက်လေ့ရှိသည့် ဆယ်နေရာရှိရာ သိုင်းပင်လယ် လိပ်ထိန်းသိမ်းရေး စခန်းသည် အအောင်မြင်ဆုံးနေရာတစ်ခုအ ဖြစ် ရပ်တည်နေသည်။ ယခင်က ဗြူကြီးဗျိုက်၊ မောင်းမကန်ဘုတ်၊ ဘ၀ါနှင့် ငပိဒတ်(ယခုထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိ ယာ) ၊ ရှင်မော်စသည့် ကမ်းခြေ သဲသောင်နေရာများတွင် ပင် လယ်လိပ်များ မျိုးပွားကြရာ ယခု အခါ ယင်းနေရာများကို ခရီးသွား များအပါအ၀င် လူသူအရောက် အပေါက်ရှိလာသဖြင့် ပင်လယ်လိပ်များ ဥဥသည့် အခြေအနေလျော့နည်းလာခဲ့သည်။

‘‘ပင်လယ်လိပ်တွေက လူရှိ တဲ့နေရာတွေဆို ဥဥလေ့ မရှိတတ်ဘူး။ သူတို့က ဆူညံမှုနဲ့အလင်း ရောင်တွေရှိရင်လည်း မကြိုက် တတ်ဘူး။ ပြီးတော့ သဲမြေဆို လည်း သန့်ရှင်းတဲ့နေရာကိုပဲ သူ တို့က ရွေးပြီးဥဥတတ်ကြတယ်’’ ဟု တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောကြားသည်။

မောင်းမကန်ကမ်းခြေ၏ အ နောက်ဘက်ပင်လယ်ပြင်ရှိ ကျွန်း များသို့ သွားရောက်လည်ပတ်ရန် ခရီးသွားများ စိတ်ဝင်စားမှုများ ရှိ နေသော်လည်း ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုဦးစီး ဌာနက လောင်းလုံးမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်တစ်လျှောက် ရှိ ကမ်းခြေများကို (Long Beach)ခရီးစဉ်အသစ်များအဖြစ် ဖော်ထုတ်သွားရန် အားပေးထား သည်။ လောင်းလုံးမြို့နယ် တစ်လျှောက်လုံးတွင် မောင်းမကန်၊ တီဇစ်ကမ်းခြေ အပါအ၀င် ကမ်း ခြေ ၁၀ ခုကျော် ရှိနေသည်။

ကမ်းခြေများ၊ သဘာဝအ ပန်းဖြေနေရာအချို့သည် လူတို့ ၏ စည်းမဲ့ကမ်းမဲ့ ပြုကျင့်မှုများ၊ စွန့်ပစ်အမှိုက်များကြောင့် သဘာ ၀ပတ်ဝန်းကျင် ပျက်စီးမှုများရှိ လာတတ်ကြသည်။ သို့သော် လောင်းလုံးဘုတ်ကျွန်းသည် ယနေ့ထိတိုင် သဘာဝဂေဟစနစ် များဖြင့် ပြည့်နှက်နေဆဲ ဖြစ် သည်။
credit-7daydaily

No comments