Header Ads

ပြည်ထောင်စုအစိုးရရဲ့ စီးပွားရေးမူဝါဒနဲ့တိုင်းပြည်တိုးတတ်မှာလား



ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများက ကောက်ခံခွင့်ရှိသော၊ ပိုင်ဆိုင်မှုအခွန် ကောက်ခံရန် ပညာရှင်များက ထောက်ပြနေသည့် ရန်ကုန်မြို့၏ နေအိမ်တိုက်ခန်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်)

NLD အစိုးရအဖြစ် တက်လာပြီးချိန်မှာ မြန်မာ့သမိုင်းမှာ အစိုးရ အဆက်ဆက် မရေးဆွဲခဲ့တဲ့ စီးပွားရေး မူဝါဒတစ်ရပ်ဟာ အချက် ၁၂ ချက်နဲ့ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်တွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ ကိုယ်ပိုင်ငွေရှာနိုင်ဖို့ အခွင့်အလမ်းနည်းပါးနေပြီး မြန်မာနိုင်ငံသားတွေ ဘတ်ဂျက်ကို စတင်သိတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်ကနေ လက်ရှိဘဏ္ဍာနှစ်အထိ ပြည်ထောင်စုဘတ်ဂျက်ကနေ ထောက်ပံ့ခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းရှိနေပေမယ့် ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေဟာ လုပ်ကိုင်ခွင့်ရမယ့် စီးပွားရေးအခွင့်အလမ်းတွေတော့ အများကြီး ရှိနေပါသေးတယ်။ ဒီလို လုပ်ကိုင်ခွင့်တွေ ရထားတာရှိပေမယ့် ပြည်ထောင်စုကို တင်ပြချိန်မှာ နှောင့်နှေးကြန့်ကြာတာတွေကြောင့် လုပ်ခွင့်မရတဲ့ အခြေအနေတွေလည်း တွေ့မြင်နေရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်လိုက်တဲ့ စီးပွားရေး မူဝါဒ ၁၂ ချက် ကလည်း အားနည်းချက်တွေရှိပြီး ဝေေ၀၀ါးဝါး ဖြစ်နေတဲ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ ချိတ်ဆက်မှုလည်း အားနည်းနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အလိုက်ဒေသ ထွက်ကုန်၊ ဒေသ အခွင့်အလမ်း၊ ပြည်နယ်တွေရဲ့ အားသာချက်တွေကို ဗဟိုအစိုးရရဲ့စီးပွားရေးမူဝါဒတွေနဲ့ ချိတ်ဆက်ပြီးပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် စီးပွားရေးမူဝါဒတွေ ထွက်ပေါ်ဖို့ လိုအပ်လာတာကို တွေ့မြင်နေရပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အားသာချက်တွေနဲ့ စီးပွားရေး မူဝါဒတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံလုံးမှာ ဘက်ညီ ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်တဲ့အပြင် ဖက်ဒရယ်ပြည်ထောင်စုရဲ့ အနှစ်သာရတွေကိုလည်းအကောင်အ ထည်ဖော်နိုင်လာမယ့် အခွင့်အလမ်းတွေ ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေတဲ့ ရေမြေတောတောင်ကွာခြားမှုတွေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေကိုသာ စီးပွားရေးမူဝါဒချမှတ်ပြီး ဖွံ့ဖြိုးရေးကိုသာ ဆောင်ရွက်နိုင်မယ်ဆိုရင် လာ မယ့်အနှစ် ၂၀ မှာ စင်ကာပူစီးပွားရေးကို ကျော်တက်မယ်ဆိုတဲ့ ရည်မှန်းချက်ထက် CLMV လေးနိုင်ငံအဆင့်ကနေ မြန်မာကို ကျော်တက်သွားတဲ့ ဗီယက်နမ်လောက်ကို ပြန် ကျော်တက်နိုင်မယ့် အခြေအနေပါ။

တရုတ်နိုင်ငံမှာဆိုရင် ပြည်နယ်တွေကို စီးပွားရှာခွင့်ပေးလိုက်ချိန်မှာ ပြည်နယ်အများစုက တိုးတက်သွားပြီး နောက်ဆုံးမှာဆိုရင် ဗဟိုအစိုးရကတောင် ပြည်နယ်တွေဆီက ဗဟိုအစိုးရကို ပြန်ထောက်ပံ့ဖို့ တောင်းဆိုရတဲ့ အဆင့်အထိ ရောက်သွားခဲ့ပါတယ်။

တစ်ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ စီးပွားရှာခွင့်ကို တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်သာကိုင်သာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုအပြီးမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ စီးပွားရှာနိုင်စွမ်း တိုးတက်လာတာ၊ စီးပွားရှာဖို့ လုပ်ဆောင်လာတာ ဟုတ္တိပတ္တိမမြင်ရဘဲပြည်ထောင်စုဘတ်ဂျက်က လက်ဖြန့်နေရတုန်းပါ။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဘက်စုံတိုးတက်အောင် မြှင့်တင်ရေးနဲ့ ပြည်ထောင်စုဘတ်ဂျက်ကို မှီခိုနေရတဲ့အဖြစ်က လွတ်အောင် မလုပ်နိုင်ကြတော့ဘူးလား။

 

■ ဗဟိုအစိုးရရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်

စီးပွားရေးဦးတည်ချက် လေးရပ်နဲ့ မတိုးတက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အာဏာရပါတီ NLD လက်ထက်မှာတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းက စီးပွားရေးမူဝါဒ အချက် ခြောက်ချက်အပြင် ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်လည်း ထွက်ပေါ်လာခဲ့ပြီး မူဝါဒ အခိုင်အမာရှိတဲ့ နိုင်ငံအဖြစ် ကနဦးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မူဝါဒတွေ ချမှတ်ပြီး အကောင် အထည်ဖော်နိုင်မှု နှောင့်နှေးနေတဲ့ အာဏာရပါတီ NLD ရဲ့ စီးပွားရေး မူဝါဒတွေကတော့ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းတဲ့  ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ တိုးတက်ပွားများလာအောင် ဆောင်ရွက်မယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ ဆောင်ရွက်မယ်။ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ပြီး အလုပ်အကိုင်ရရှိရေးနဲ့ စီးပွားရေး တိုးတက်မှု အထောက်အကူပြုတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အချက်တွေကို အဓိကအချက်အနေနဲ့ မူဝါဒချမှတ်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ခေတ်မီဖွံ့ဖြိုးတဲ့ စီးပွားရေး ဖြစ်ထွန်းစေနိုင်တဲ့ လူ့အရင်းအမြစ်တွေ မွေးထုတ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်။ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စတဲ့ အခြေခံစီးပွားရေးအဆောက်အအုံတွေ လျင်မြန်စွာတိုးတက်လာဖို့ ဦးစားပေးဆောင်ရွက်မယ်။ Data ID Card System၊ Digital Government Strategy နဲ့ e-Government System ထူထောင်ပြီး ပြည်တွင်းနေ နိုင်ငံသားတွေနဲ့ပြည်ပက ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးပြီး  အလုပ်အကိုင် အခွင့်အလမ်း မြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေ ကာလတိုအတွင်း ပိုမိုဦးစားပေးလုပ်ဆောင်ပြီးတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနဲ့ စက်မှုကဏ္ဍတွေ ဘက်ညီတိုးတက်အောင် လုပ်ဆောင်မယ်။ လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီတဲ့ စီးပွားရေးပုံစံ ဖော်ထုတ်မယ် ဆိုပါတယ်။

နံပါတ် ၇ မှာဆို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖို့ နိုင်ငံသားတိုင်း မိမိလုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိဖို့နဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ မူဝါဒတွေ သီးခြားရေးဆွဲဆောင်ရွက်မယ်။ မူပိုင်ခွင့်တွေနဲ့ တရားဥပဒေစိုးမိုးမူ ရှိစေဖို့ တိုးမြှင့်ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။      

ဒါ့အပြင် အိမ်ထောင်စုတွေ တောင်သူလယ်သမားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုပေးမယ့် ငွေရေးကြေးရေးစနစ်နဲ့ ဘဏ္ဍာရေး တည်ငြိမ်ဖို့ ဆောင်ရွက်မယ်လို့ အာဏာရပါတီ NLD အစိုးရရဲ့ ရှစ်ချက်မြောက် မူဝါဒက ဆိုပါတယ်။ ဒီအချက်တွေအပြင် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ လိုက်လျောညီထွေဖြစ်စေမယ့် မြို့ပြတွေတည်ထောင်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ အဆင့်မြှင့်မယ်။ အများပြည်သူနဲ့ ဆိုင်သည့်နေရာတွေ တိုးချဲ့ဖော်ထုတ်ပြီး ယဉ်ကျေးမှု အမွေအနှစ်တွေ ပိုမိုစောင့်ရှောက် ထိန်းသိမ်းမယ်။ နိုင်ငံတော်ရဲ့ ၀င်ငွေတိုးတက်ဖို့ အကျိုးသက်ရောက်မှု ရှိပြီး မျှတတဲ့ အခွန်စနစ်ထူထောင်ပြီး ပြည်သူ့အခွင့်အရေးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ကာကွယ်ပေးမယ် ဆိုပါတယ်။

အလားတူပဲ တီထွင်မှုစွမ်းရည် နဲ့ အဆင့်မြင့်နည်းပညာတွေ တိုးတက်မှုကို အားထုတ်ကြိုးပမ်းနိုင်စေမယ့် အသိဥာဏ် ပစ္စည်း မူပိုင်ခွင့်ဥပဒေတွေ ပြဋ္ဌာန်းပြီး စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဆီယံ ဒေသတွင်းမှာမက အခြားဒေသတွေမှာပါ တိုးတက်ပြောင်းလဲ လာနိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကိုဖော်ထုတ်ပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမြော်အမြင်ကောင်းတွေနဲ့ အခြေတည် ထူထောင်ရေး လုပ်ဆောင်သွားမယ်လို့ အာဏာရပါတီ NLD ရဲ့ စီးပွားရေးမူဝါဒတွေက ဆိုပါတယ်။

ဒီလိုမူဝါဒ ၁၂ ချက်ကို အကျယ်ဖွင့်ဆိုပြီး ဦးတည်လုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေကလည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုထွက်ပေါ်လာတဲ့ စီးပွားရေးမူဝါဒ အကျယ် ဖွင့်ဆိုချက်တွေမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်တွေကတော့ မရှိသလောက် ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ ဒီလိုတွေ့မြင်နေရချိန်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့ရဲ့ စီးပွားရေး မူဝါဒတွေအကြောင်း မေးမြန်းကြည့်ရာမှာတော့ ဗဟိုအစိုးရရဲ့ စီးပွားရေးမူဝါဒတွေကို မှီပြီးတော့ အကောင်အထည်ဖော်နေတယ်လို့ပဲ ဆိုကြပါတယ်။ ဒီလိုအားနည်းတဲ့ အကောင်အထည်ဖော်မှုက ဖြစ်သင့်ရဲ့လားဆိုတာကို ပြန်သုံးသပ်ဖို့ လိုအပ်မှာပါ။

 

■ ဦးသိန်းစိန်လက်ထက်၊ ဦးထင်ကျော်လက်ထက် ဘတ်ဂျက်နဲ့ ပြည်ထောင်စုက ထောက်ပံ့ရမှု အခြေအနေ

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကနဦး ဘတ်ဂျတ်လိုငွေပေါင်း ကျပ်ဘီလျံ ၁၃၀၀၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလတွေအထိ တွက်ချက်မှုတွေ အရဆိုရင် ၂၀၁၁-၂၀၁၂ ကနေ ၂၀၁၄-၂၀၁၅ အထိ ဘတ်ဂျက်လိုငွေတွေက မူလခန့်မှန်းခြေမှာ ပျမ်းမျှ ၄ ဒသမ ၄၂ ရာခိုင်နှုန်း ရှိပေမယ့် အမှန်စာရင်းမှာဆိုရင် ၂ ဒသမ ၀၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါတွေက ဘာ့ကြောင့် ဖြစ်ရတာလဲဆိုတော့ အမှန်တကယ် မလုပ်နိုင်ဘဲ ဘတ်ဂျက်ဆိုတာ ပိုတင်ရမယ်။ ဖြတ်ချတာနဲ့မှ အကိုက်ပဲဆိုတဲ့ ၀န်ကြီးဌာနတွေရဲ့ မပြောင်းလဲနိုင်သေးတဲ့ စိတ်ဓာတ်တွေနဲ့ အမှန်တကယ် လိုအပ်မှု ရှိ မရှိ မဆန်းစစ်နိုင်ဘဲ အနည်းငယ်သာ ဖြတ်ချပြီး တောင်းသလောက် ခွင့်ပြုလိုက်ရတဲ့ လွှတ်တော်ရဲ့ အားနည်းချက်ကြောင့်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာနှစ် တစ်နှစ်ကုန်ဆုံးလို့ ဘတ်ဂျက်အမှန်စာရင်း ထွက်လာတိုင်းမှာ လိုငွေပမာဏဟာ ကနဦးတွက်ချက်မှုတွေတိုင်းထက် လျော့နည်းခဲ့တာ တွေ့ရမှာဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ လိုငွေစုစုပေါင်းဟာ ကျပ် ၈၀၂၈ ဘီ လျံခန့်သာ ရှိခဲ့ပါတယ်။ လက်ရှိ ဦးထင်ကျော်အစိုးရလက်ထက် ပထမ သက်တမ်းမှာတင် လိုငွေက ကျပ် ဘီလျံ ၄၀၀၀ ကျော်ဖြစ်လာခဲ့လို့ ပထမ သက်တမ်းမှာတင် အရင်အစိုးရရဲ့ ငါးနှစ်တာရဲ့ထက်ဝက်ကို ကျော်ဖြတ်သွားပြီဆိုရမှာပါ။ ဒီနေရာမှာ အမှန်စာရင်းကျရင် ဘတ်ဂျက်လိုငွေဟာ ကျပ် ၄၀၂၅ ဘီလျံထက် လျော့ကျသွားနိုင်တယ်ဆိုပေမယ့် တိုင်းပြည်က ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ငွေရိုက်ထုတ်ပြီး ဖြည့်စွက်ရတာတွေကို လုပ်ခဲ့ရလို့ ငွေဖောင်းပွမှု မြင့်တက်လာတာ ကုန်ဈေးနှုန်းမြင့်တက်လာတာတွေက ဖြစ်လာနေခဲ့ပြီးဖြစ်လို့ အခြေခံလူတန်းစားတွေကတော့ ကုန်ဈေး နှုန်း မြင့်တက်မှုမှာ လက်ရှိမှာကို အရင်အစိုးရလက်ထက် နောက်ဆုံးနှစ်ကထက် အထိနာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘတ်ဂျက်လိုငွေတွေမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၆၃၀၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁၂၅၁ ဘီလျံ၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၇၀၆ ဘီလျံ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၈၂ ဘီလျံရှိခဲ့ပြီး ၂၀၁၅- ၂၀၁၆ ရွေးကောက်ပွဲနှစ်မှာ ကျပ် ၃၆၅၉ ဘီလျံအထိ လိုငွေဖြစ်ခဲ့လို့ ရွေးကောက်ပွဲနှစ်ဟာ လိုငွေအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကို ဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမသက်တမ်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ  လိုငွေကျပ် ၄၀၂၅ ဘီလျံကျော်ဖြစ်လို့ လိုငွေအများအဖြစ် စံချိန်တင်ခဲ့တဲ့နှစ်လည်း ဖြစ်နေပါတယ်။

ဒီလို လိုငွေ စံချိန်တင်များပြားမှုမှာ ပြည်ထောင်စုဘဏ္ဍာ ရာခိုင်နှုန်း ၉၀ ကျော်က ၀န်ကြီးဌာနတွေကြောင့် ဖြစ်တယ်ဆိုပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဘတ်ဂျက်လိုငွေကို ပံ့ပိုးပေးရမှုတွေက လည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလို ဖြည့်ဆည်းရမှုကလည်း နှစ်စဉ်မြင့်တက်နေတာကို တွေ့နေရပြီး နှစ်အလိုက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဘတ်ဂျက် လိုငွေအတွက် ပြည်ထောင်စုက ထောက်ပံ့ရမှုတွေ ကြည့်မယ်ဆိုရင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၆၀၂၀၁ ဒသမ ၅၅၆ အထိ လိုငွေ ဖြည့်ဆည်းပေးခဲ့ရပါတယ်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၄၆၇၁၄၂ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ် သန်းပေါင်း ၈၆၄၁၂၂ အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်း ပေါင်း ၄၃၇၀၃၇ ဒသမ ၇၃၆ ကို ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၆၃၄ ၉၆၇ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ် သန်းပေါင်း ၁၂၄၀၉၈၉ အထိရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်း ပေါင်း ၄၉၈၂၈၀ ဒသမ ၃၅၀ အထိ ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၂၁၉၃၃၅ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ် သန်းပေါင်း ၂၇၀၂၄၅၁ အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၁၅၂၉၂၀၀ ဒသမ ၇၂၄ အထိ ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၇၇၇၈၇၂ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ် သန်းပေါင်း ၂၄၈၄၃၉၈ အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်း ပေါင်း ၁၇၀၂၂၇၅ ဒသမ ၉၀၇ (မူလ ခန့်မှန်းခြေ) ကို ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မူလ ခန့်မှန်းခြေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကျပ်သန်းပေါင်း ၅၆၁၅၁၂ ကိုပဲ ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ်သန်းပေါင်း ၂၂၄၉၇၃၁  အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၁၆၈၈၂၁၉ ကို ပြည်ထောင်စုက ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ မူလခန့်မှန်းခြေက အမှန်စာရင်း မဟုတ်တဲ့အတွက် အတိုးအလျော့တွေရှိနိုင်ပြီး လက်ရှိမှာတော့ ပြည်ထောင်စုက ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေကို ခွဲဝေပံ့ပိုးပေးရမှုဟာ ၁၆၈၈ ဘီလျံကျော် မကတော့ပါဘူး။ ဒီလို ပြည်ထောင်စုကနေ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဆီ ခွဲဝေပေးရမှုကို လေ့လာမယ်ဆို ရင်လည်း နှစ်စဉ်လိုငွေ ဖြည့်ဆည်းပေးရမှု ပုံမှန်မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှာဆိုရင်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ ရငွေ ၇၆၇ ဘီလျံကျော်သာ ရှိနေပြီး လိုငွေမှာဆိုရင် ၁၇၀၇ ဘီလျံကျော်အထိ ရှိနေတာဖြစ်လို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ အစိုးရနှစ်ဆက်မှာ ဗဟိုအစိုးရ ဘတ်ဂျက်မရှိရင် မဖြစ်တဲ့ အခြေအနေဖြစ်နေပြီး နှစ်တိုင်းရှာနိုင်တဲ့ ရငွေနဲ့ လိုငွေဟာ မနီးရိုးစွဲတွေချည်း ဖြစ်နေတာ မြင်ရမှာဖြစ်ပါတယ်။ ဒီလိုတိုးတက်မှုမရှိတဲ့ ရငွေရှာဖွေမှုကို အဖြေမရှာနိုင်ရင် ဗဟိုအစိုးရရဲ့ တစ်ပြေးညီဖွံ့ဖြိုးရေးအိပ်မက်ဟာ အဖြေမှန်ထွက်လာမှာ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အခွန်ငွေအပါအ၀င် ရငွေရှာဖွေမှု အားနည်းနေတယ် ဆိုပေမယ့် တချို့ကဏ္ဍတွေမှာတော့ မလုပ်နိုင်တာလား၊ မလုပ်တာ လားဆိုတာကို ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ကောက်ခံခွင့်ရှိနေတဲ့ လုပ်ပိုင်ခွင့်တွေထဲကနေ ပိုင်ဆိုင်မှုအခွန် ကောက်ခံမယ်ဆိုတာမျိုး အမြန်ဆုံး လုပ်ဆောင်သင့်သလို ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းက တင်သွင်းခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ငန်းခွင်မှာ စံချိန်စံညွှန်းပြည့်မီစွာ အနီးကပ်အဆင့်ဆင့် ကြီးကြပ်စစ်ဆေးရန် တတိယပါတီ (Third Party) ထားရှိခြင်းနဲ့ နိုင်ငံတော် အခွန်ဘဏ္ဍာ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ဆွေးနွေးမှုတွေဟာ အတည်ဖြစ်သင့်ပြီး ပြည်ထောင်စုကို မှီခိုနေရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ကိုယ့်လုပ်ပိုင်ခွင့်ထဲက ရငွေပိုမိုရှာ ဖွေနိုင်တဲ့အခွင့်အလမ်း ဖြစ်နေတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ပိုင်ဆိုင်မှုအခွန်နဲ့ ငွေရှာလို့ရတယ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပုဒ်မ ၁၈၈ မှာဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ဇယား ၂ အရ   ဥပဒေပြုခွင့်ပြုထားပြီး ဇယား ၂ မှာဆိုရင်  မြေယာခွန်၊ အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်စတဲ့ စည်ပင်သာယာရေးဆိုင်ရာ အခွန်အခတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ခရိုနီတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အရင်စစ်အာဏာရှင်ခေတ်မှာ စက်မှုဇုန် တစ်ကွက်ဖော်ရင်၊ မြို့သစ်တစ်ခုဖော်ရင် အချက်အချာကျတဲ့ အကောင်းဆုံးနေရာမှာ မြေကွက်တွေ ခွဲဝေယူတတ်တဲ့ စစ်အာဏာရှင်ဟောင်းတွေနဲ့ မြေဈေးကစားဖို့ လက်ဝါးကြီးအုပ်ထားသူတွေကို နောက်ကြောင်းပြန်စေမှု မရှိဘဲ ထိန်းကျောင်းမယ်ဆိုရင် ဥပဒေနဲ့ ထိန်းကျောင်းတာ အကောင်းဆုံးပါ။

ဒီလို ဥပဒေနဲ့ ထိန်းကျောင်းမယ်ဆိုရင် မြေဈေးကစားမှုတွေ ထိန်းချုပ်ဖို့အတွက် Property Tax နဲ့ ချမ်းသာကြွယ်ဝမှုတွေ အတွက်ဆိုရင် Wealth Tax တို့ကို ပြဋ္ဌာန်းဖို့ လိုမှာဖြစ်ပါတယ်။ ဒီနေရာမှာ ၀ိဝါဒ ကွဲစရာဖြစ်နေတာက လက်ရှိအချိန်မှာ Property Tax ကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက ကောက်ခံနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ကောက်ခံတယ်ဆိုရာမှာ ဥပဒေပြဋ္ဌာန်းပြီး ကောက်ခံနေတာ မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ် စည်ပင်က ဥပဒေတစ်ခုပြဋ္ဌာန်းပြီး ကောက်ခံတာ မဟုတ်ဘဲ စည်ပင်ဥပဒေမှာပါတဲ့ ပုဒ်မတစ်ခုရဲ့ ကန့်သတ်ချက် တစ်ခုအနေနဲ့ ကောက်ခံနေတာပဲ ဖြစ်ပါတယ်။

ဥပမာဆိုရရင် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ ပုဒ်မ (၂) ပုဒ်မခွဲ (ဘ) နဲ့ ပစ္စည်းခွန်ဆိုပြီး ပြဋ္ဌာန်းထားတာ တွေ့ရပြီး  ပစ္စည်းခွန်ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊မြေ နှင့် အဆောက်အအုံဖြစ်စေ ၎င်းတို့၏ နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ကောက်ခံသော အခွန်ကိုဆိုသည်။ ယင်းစကားရပ်တွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ပါဝင်သည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မခွဲ (ဘ) မှာ ပုဒ်မခွဲ ၄ ခုနဲ့ အဓိပ္ပာယ် ထပ်ဖွင့်ဆိုထားတာ တွေ့ရပြီး (၁)မှာဆိုရင် အထွေထွေခွန် ဆိုသည်မှာ အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ ဈေးများ၊ ပန်းခြံများ၊ အားကစားကွင်း စသည်များ တည်ဆောက်ခြင်း၊ ဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ကုန်ကျစရိတ်များ ကာမိစေရန် စည်းကြပ်သည့်အခွန်ကို ဆိုသည်။ (၂) မှာဆိုရင် မီးခွန်ဆိုသည်မှာ အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများတွင် မီးထွန်း ပေးခြင်းအတွက် စရိတ်ကျခံနိုင်စေရန် စည်းကြပ်ကောက်ခံသော အခွန် ကိုဆိုသည်။ (၃) မှာဆိုရင် ရေခွန်ဆိုသည်မှာ ကော်မတီက ရေဖြန့်ဝေပေးခြင်းအတွက် ကောက်ခံသည့်အခွန်ကို ဆိုသည်။ (၄) မှာဆိုရင် အမှိုက် နှင့် အညစ်အကြေးခွန်ဆိုသည်မှာ အမှိုက်နှင့် အညစ်အကြေးများ စုစည်း သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ မိလ္လာ သန့်စင်ခြင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ရှင်းလင်းခြင်းတို့အတွက် ဆောင်ရွက်ရသည့် စရိတ်များအား ကျခံနိုင်စေရန် စည်းကြပ်သည့် အခွန်ကို ဆိုသည်ဆိုပြီး ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

ဒီလို ပြဋ္ဌာန်းချက်ဟာ မြို့နယ် တစ်ခုနဲ့တစ်ခု အလိုက် တူညီမှု မရှိတာကို တွေ့နေရပြီး တချို့သော မြို့နယ်တွေမှာ စည်ပင်ဝန်ထမ်းတွေက အိမ်အခြေအနေကို ကြည့်ပြီး စိတ်မှန်းနဲ့ ကောက်ခံတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ပိုင်ဆိုင်မှု အခွန်ဥပဒေ ရေးဆွဲနေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်လောက်မှာ ရေးဆွဲတဲ့ ယှဉ်ပြိုင်မှု ဥပဒေလိုမျိုး နောက်အစိုးရတက်မှ အသက်ဝင်အောင် အချိန်ဆွဲရေးဆွဲနေတာမျိုး ဖြစ်သွားခဲ့မယ်ဆိုရင် ဒီ ငါးနှစ်ကုန်လည်း ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက ပြည်ထောင်စု ဘတ်ဂျက်ကနေပြီး လက်ဖြန့်ရတဲ့ အဆင့်မှာပဲ အချိန်ကုန်နေပါမယ်။ အိမ်ခြံမြေ ဈေးကစားသူတွေကို ထိန်းကျောင်းနိုင်မယ်။ ဒီလို ထိန်းကျောင်းနိုင်ခြင်းအားဖြင့် မြန်မာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကပဲ အိမ်ပိုင်၊ ၀ိုင်းပိုင်နေနိုင်တယ်ဆိုတဲ့ စစ်တမ်းတွေက လွတ်ပြီး မြန်မာနိုင်ငံသားတိုင်း ကိုယ်ပိုင်အိမ် အိပ်မက် မက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချက်တွေအပြင် အဓိကအကျဆုံးက ပိုင်ဆိုင်မှုအခွန်သာ ပြဋ္ဌာန်းပြီး ကောက်နိုင်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ ပြည်ထောင်စုဘတ်ဂျက်က ထောက်ပံ့ငွေကို လက်ဖြန့် တောင်းနေရတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဘက်စုံကောင်းမွန်မှု ပေးစွမ်းနိုင်တဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်လည်းဖြစ်တဲ့ ပိုင်ဆိုင်မှု အခွန်ဥပဒေကိုသာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လုပ်ကိုင်ခွင့်သာ ဗဟိုအစိုးရက ပေးအပ်လိုက်မယ်ဆိုရင် အာဏာခွဲဝေမှု ပီပြင်တဲ့ အစိုးရအဖြစ် အသွင်သစ်တစ်ခုကို မြင်ရနိုင်မှာဖြစ်ပါတယ်။

Writer: 

ဖြိုးဝေ


No comments