Header Ads

ဘဝအတွက်သရက်ကပေးတဲ့အသိများ

မန္တလေးတိုင်းဒေသကြီးရှိ သရက်ခြံတစ်ခြံတွင် သရက်သီးများ ခူးဆွတ်နေစဉ် (ဓာတ်ပုံ-အောင်သူ)

အသားမှာ ၀က်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်လို့ ပြောကြတဲ့အတိုင်း သရက်သီးဟာ ကျွန်တော်တို့ အရှေ့တိုင်းသားတွေရဲ့ အသည်းစွဲပါ။ သရက်သီးရဲ့အရသာဟာ အရွယ်ကိုလိုက်ပြီး အမျိုးမျိုးပြောင်းပေးတယ်။ ငယ်ရွယ်စဉ် နုတုန်းက အချဉ်ဓာတ်နဲ့ အဖန်ဓာတ်ပေးတယ်။ ကြီးလာတာနဲ့အမျှ အချဉ်ဓာတ်က ကဲလာတယ်။ ရင့်လာတဲ့အခါမှာတော့ အချိုဓာတ်က ၀င်လာတယ်။ ချဉ်ချိုလေးပေါ့။ အသက်ရလာတာနဲ့ အရောင်အဆင်းကလည်း ပြောင်းလာတယ်။ အစိမ်းကနေ အ၀ါရောင်ကို သန်းလာတယ်။ မှည့်ပြီဆိုရင်တော့ တစ်လုံးလုံး ၀ါဝင်းနေတယ်။ သရက်သီးက အရသာတင်မဟုတ်ဘူး အနံ့ပါဆွဲဆောင်မှုရှိတယ်။ သူများစားတာမြင်ရင် ကိုယ်ကသွားရည်ယိုတယ်။ သရက်သီးနံ့ သင်းသင်းလေးကနေ အနံ့စူးစူးအထိ မွှေးကြိုင်ပါတယ်။ သရက်သီးက ကြီးလေချိုလေဖြစ်ပေမဲ့ အနုအလတ် အရင့်အဆင့်တိုင်းမှာ လူတို့ ကြိုက်နှစ်သက်ကြပါတယ်။

ကျွန်တော်တို့ အာရှကလူမျိုးတွေဟာ သရက်သီးကို ကြိုက်နှစ်သက်ကြသလို လူမျိုးတိုင်းလိုလိုမှာ သရက်သီးနဲ့ပတ်သက်တဲ့ ဇာတ်ကြောင်း၊ သမိုင်းကြောင်း၊ ရာဇ၀င်ကြောင်းတွေ များစွာရှိကြပါတယ်။ အခြားနိုင်ငံနဲ့ လူမျိုးတွေမှာ သရက်ဟာ ဘယ်လောက်အထိ ဆက်စပ်ပတ်သက်နေတယ် အရေးပါနေတယ်ဆိုတာ သေချာမသိပေမဲ့ ကျွန်တော်တို့ မြန်မာ၊ အိန္ဒိယ၊ နီပေါ စတဲ့ ဗုဒ္ဓနွယ်ဝင်တွေမှာတော့ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်းကို ရှိလှပါတယ်။ သရက်သီးတစ်လုံး၊ သရက်ပင်တစ်ပင်၊ သရက်တော တစ်တောဟာ ဗုဒ္ဓဘာသာဝင်လူမျိုးများနဲ့ ဗုဒ္ဓုပ္ပတ္တိမှာ အထင်ကရရှိပါတယ်။

မြတ်စွာဘုရားနဲ့ အလုပ်အကျွေးဖြစ်တဲ့ မေဃိယမထေရ်တို့ဟာ မိဂဒါဝုန်တောက ဇန္တုမည်တဲ့ရွာကို ဒေသစာရီ ကြွတော်မူတယ်။ ဂင်္ဂါမြစ်ကမ်းကို ရောက်တဲ့အခါ စိမ်းလန်းစိုပြည်လှတဲ့ သရက်တောကိုမြင်တယ်။ အဲဒီအခါ တပည့်ဖြစ်သူ မေဃိယမထေရ်က သာယာလှတဲ့ သရက်တောကိုမြင်ပြီး စိတ်ကူးပေါ်ခဲ့တယ်။ အဲဒီသရက်တောမှာ ရဟန်းတရား အားထုတ်လိုတဲ့အကြောင်း ဘုရားကိုလျှောက်တယ်။ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် တားမြစ်တယ်။ တပည့်ဖြစ်သူက မလိုက်နာဘဲ အဲဒီသရက်တောမှာ တစ်ပါးတည်း ချန်ရစ်နေခဲ့ဖူးတာကိုကြည့်ရင် သရက်တောရဲ့ သာယာကြည်နူးမှု၊ တိတ်ဆိတ်ငြိမ်သက်မှု၊ စိမ်းလန်းစိုပြည်မှုတွေဟာ သူတော်ကောင်းတရား ကျင့်ကြံအားထုတ်ဖို့ ဆွဲဆောင်နိုင်အားကြီးတယ်ဆိုတာ သိနိုင်ပါတယ်။ တစ်နည်းအားဖြင့် သရက်တောဟာ ချိုမြိန်တဲ့အရသာနဲ့ ခွန်အား၊ မွှေးကြိုင်တဲ့ရနံ့ကိုသာမက လူတို့ရဲ့စိတ်နှလုံးကို အေးချမ်းသာယာစေတယ်။ တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ သူတော်ကောင်းတရားတွေကိုပါ အထောက်အပံ့ပေးပါတယ်။

ဗုဒ္ဓသာသနာထွန်းကား ခိုင်မြဲစေရေးနဲ့ အနှောင့်အယှက်တွေကို ရင်ဆိုင်ရာမှာလည်း သရက်က အရေးပါတဲ့နေရာမှာရှိခဲ့တယ်။ မြတ်စွာဘုရားဟာ တိတ္ထိတွေနှိမ်နင်းစေသောငှာ တန်ခိုးပြာဋိဟာပြဖို့ကြုံလာတယ်။ ဗုဒ္ဓဟာလူအများ ထိတ်လန့်အံ့သြဖွယ်တန်ခိုးပြခြင်းကို အားမပေးပေမဲ့ သာသနာအတွက် လိုအပ်လို့သာ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ တိတ္ထိတို့ကလည်း တန်ခိုးပြဖို့ဆိုပြီး မဏ္ဍပ်တွေဆောက်ကြတယ်။ မြတ်စွာဘုရားက သရက်ပင်ရင်းမှာ တန်ခိုးပြာဋိဟာပြမယ်လို့ ကောသလမင်းကြီးကို မိန့်ထားတယ်။ အဲဒီစကားကို တိတ္ထိတွေကြားတော့ မြို့ရွာတွင်းမှာရှိတဲ့ သရက်ပင်တွေကို ခုတ်ထွင်ရှင်းလင်းပစ်ကြတယ်။ သရက်ပင်ပေါက်တောင် ချန်မထားကြဘူး။ ၀ါဆိုလပြည့်နေ့မှာ သာဝတ္ထိပြည်ထဲ ဆွမ်းခံကြွလာတဲ့အခါ ကောသလမင်းရဲ့ သရက်ဥယျာဉ်စောင့်က သရက်ဖြူသီးတစ်လုံး ဆက်ကပ်တယ်။ မြတ်စွာဘုရားက သရက်သီးကို ဘုန်းပေးတော်မူပြီး သရက်စေ့ကို စိုက်စေတယ်။ သရက်စေ့စိုက်ပြီးတဲ့နောက် လက်ဆေးတော်မူတဲ့အခါ အစေ့ကနေ တစ်မုဟုတ်ချင်းဆိုသလို သရက်ပင်ကြီးဖြစ်လာတယ်။ အရွက်အသီးတို့ဝေဆာလို့ သံဃာတော်တွေ စားသုံးရတယ်။ အဲဒီသရက်ပင်ကို ကောသလမင်းကြီးက မင်းချင်းယောက်ျားတို့ အစောင့်ချထားပေးခဲ့ရတယ်။ ဓမ္မနဲ့ အဓမ္မတို့ အားပြိုင်ရာမှာ သရက်ပင်ဟာ ဇာတ်ကောင်တစ်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ရတာပဲဖြစ်တယ်။ ဒါတွေတင်မကတဲ့ ဇာတ်လမ်းတွေ၊ မှတ်တမ်းတွေ ရှိပါသေးတယ်။ သရက်ပင်နဲ့ သရက်သီးဟာ ဗုဒ္ဓအကြောင်း၊ လူ့ဘ၀အကြောင်းတွေမှာ တွဲဆက်လိုက်ပါလာတဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေများစွာ ရှိပါတယ်။

သရက်သီးတစ်လုံးဟာ လူတစ်ယောက်ရဲ့ ဘ၀ကံကြမ္မာ အပြောင်းအလဲကို ဖန်တီးရာမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ လူတစ်ယောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဘုရားလောင်းမျောက်မင်းဘ၀မှာလည်း သရက်သီးတစ်လုံးက ယူဆောင်လာတဲ့ ကံကြမ္မာဆိုးတွေရှိခဲ့တယ်။ ကျွန်တော်တို့ အများသိကြတဲ့ ကာလီဒါသဆိုတာ အိန္ဒိယနိုင်ငံကပါ။ သူက ကျော်ကြားတဲ့ စာဆိုပညာရှင်တစ်ဦးဖြစ်ပြီး သက္ကတကဗျာဆရာလည်း ဖြစ်တယ်။ အေဒီသုံးရာစုခေတ်မှာ ပေါ်ထွန်းခဲ့တယ်။ သူဟာ ငယ်စဉ်က ဆင်းရဲတဲ့မိသားစုမှာဖြစ်တယ်။ မိခင်နဲ့အတူ တဲငယ်မှာနေထိုင်ရတယ်။ သူတို့နေထိုင်တဲ့ တဲငယ်ရှေ့မှာတော့ ဘုရင့်နန်းတော်ကြီးရှိတယ်။ အဲဒီနန်းတော်ကြီး ပတ်လည်မှာ သရက်ပင်တွေရှိတယ်။ သရက်သီးတဲ့ရာသီမှာ အစောင့်တွေလစ်ခိုက် ကာလီဒါသက သရက်သီးခိုးစားတယ်။ အဲဒါကို နန်းတော်ပြတင်းပေါက်ကကြည့်နေတဲ့ ဘုရင်ကမြင်တယ်။ အဲဒီနေ့မှာပဲ ဘုရင်ကလည်း သရက်သီးခွဲစားတယ်။ သူ့လက်ကို ဓားရှသွားတယ်။ ဘုရင်က သူ့ပုရောဟိတ်ပညာရှိတွေကိုမေးတယ်။ နိမိတ်ဖတ်ခိုင်းတယ်။

ပုရောဟိတ်တွေက မင်းကြီး အခုလိုမဖြစ်ခင် ဘယ်လိုအဖြစ်အပျက်တွေ မြင်ခဲ့သလဲဆိုတော့ ဘုရင်က ကာလီဒါသ သရက်သီးခိုးစားတာကိုမြင်ကြောင်း ပြောတယ်။ သူတို့က အဲဒီမြင်ကွင်းဟာ အလွန်မင်္ဂလာမဲ့တယ်။ ထိုကလေးက မင်းကြီးဆီကို ဆိုးသောကံ ယူဆောင်လာလိမ့်မယ်။ ထိုကလေးကို သုတ်သင်ရှင်းလင်းပါလို့ လျှောက်တယ်။ မင်းကြီးလည်း ကာလီဒါသကို ဖမ်းဆီးခေါ်ဆောင်စေတယ်။ သူ့ကိုအခုလို ဖမ်းဆီးသတ်ဖြတ်ရတာက ဘုရင်ထံကို ဆိုးသောကံ ယူဆောင်လာတဲ့အတွက်ဖြစ်ကြောင်း ရှင်းပြတယ်။ မသတ်ခင် ပြောချင်တာပြောလို့လည်း ခွင့်ပေးတယ်။ ကာလီဒါသက ပြန်ပြောတယ်။ သူကဘုရင့်ဆီကို ဆိုးသောကံယူလာမိလို့ အခုလို အသတ်ခံရတယ်ဆိုရင် သူ့ဆီကိုလည်း ဆိုးသောကံယူလာတဲ့ ဘုရင်ကိုလည်း သတ်သင့်တယ်လို့ လျှောက်တယ်။ မင်းကြီးလည်း အံ့သြကျေနပ်သွားတယ်။ ကာလီဒါသကို သားအဖြစ်မွေးစားလိုက်တယ်။ ကာလီဒါသလည်း သရက်သီးကြောင့် တဲငယ်ကနေ နန်းတော်ရောက်သွားတယ်။ ကာလီဒါသဟာ စာပေအနုပညာတွေ လေ့လာလိုက်စားနိုင်ပြီး ကျော်ကြားသူတစ်ယောက်ဖြစ်လာတာကို ကြည့်ရင်လည်း သရက်သီးရဲ့ ဆက်စပ်ပတ်သက်မှုကို မြင်ရတယ်။ သရက်သီးကြောင့် သူ့ဘ၀ အပြောင်းအလဲဖြစ်ခဲ့တယ်လို့ ပြောနိုင်တယ်။ သရက်သီးခိုးမစားခဲ့ရင်၊ ဘုရင်မမြင်ခဲ့ရင် ကာလီဒါသရယ်လို့ ဖြစ်ချင်မှဖြစ်လာလိမ့်မယ်။

သရက်သီး၊ သရက်ပင်နဲ့ပတ်သက်ပြီး ဘ၀မှာ အမှတ်တရဖြစ်စေခဲ့တာ၊ တစ်မျိုးတစ်ဖုံ ထူးခြားပြောင်းလဲစေခဲ့တာ၊ ဘ၀အတွက် ခွန်အားနဲ့ သတိသံဝေဂရသွားတာတွေ များစွာရှိကြပါလိမ့်မယ်။ ထိုဘ၀ထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာလည်းရှိတယ်။ ငယ်ရွယ်စဉ်အခါတုန်းက သရက်သီးစားချင်လို့ အပင်ပေါ်တက်တာ ခါချဉ်အကိုက်ခံရလို့ အနာတရဖြစ်တာ၊ ပျားတုပ်ခံရတာ၊ သရက်ကိုင်းကျိုးကျလို့ ခြေထောက်နာသွားတာ၊ လူကြီးတွေ ဆူဆဲခံရတာ၊ အရိုက်ခံရတာ၊ ပြေးလွှားခဲ့ရတာ၊ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ မိုးတွင်းအခါ ရေစီးသန်တဲ့ မြောင်းပေါက်မှာ ရေကူးနေရင်း ကြွေကျမျောပါလာတဲ့ သရက်သီးတစ်လုံးကို လိုက်ဆယ်ရင်း ရေနစ်ခဲ့တာ။ ကံကောင်းထောက်မလို့ မသေခဲ့တာတွေလည်း သရက်သီးနဲ့ ဆက်စပ်ဇာတ်လမ်းတွေ၊ မှတ်တမ်းတွေ ဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ သရက်သီးဟာ ငယ်ဘ၀၊ လူငယ်ဘ၀မှာ မှတ်မှတ်ရရဖြစ်စေတဲ့ နီးကပ်မှု ဆက်စပ်မှုတွေရှိပါတယ်။ သရက်သီးမှည့်ချိန်ရောက်တိုင်းလည်း အမေ့ကိုသတိရတယ်။ သရက်သီးစားတိုင်းလည်း အမေ့ကိုလွမ်းမိတယ်။ အမေ၊ ကျွန်တော်နဲ့ သရက်တို့ရဲ့ ဘ၀တစ်ကွေ့က မှတ်တမ်းတွေ ပြန်ပြန်ပေါ်လာတယ်။ အဲဒီရှေးဟောင်းနှောင်းဖြစ်တွေကနေ အမေ့ကို ကျေးဇူးတင်တယ်။ သနားတယ်၊ ဘ၀အတွက် ခွန်အားသစ်တွေရအောင်လည်း မွေးယူခဲ့ပါတယ်။ ရှစ်တန်း၊ ကိုးတန်းအရွယ်လောက်က စီးပွားရေးအဆင်မပြေလို့ အမေက သရက်သီးရောင်းကျွေးတယ်။ သိမ်ကြီးဈေးဘေးက (၂၆) လမ်းမှာ နံနက် ၃၊ ၄ နာရီလောက် အိမ်ကထွက်တယ်။ ကီလီကမ်းနားကိုသွားတယ်။ အမေက ကျွန်တော့်ကို ခေါ်သွားတယ်။ တောင်းတစ်တောင်း သားအမိနှစ်ယောက် ဗိုက်ပူကြီး စီးသွားကြတယ်။ ကီလီကမ်းနားရောက်တော့ သရက်သီးသမ္ဗာန်တွေဆီ ဆင်းဝယ်တယ်။ လှေဝမ်းထဲရောက်ရင် သရက်သီးမှည့်အနံ့က ထောင်းခနဲထွက်လာတယ်။ ခေါင်းကိုက်အောင် အီနေအောင်ကို မွှေးတယ်။ သရက်သီးဝယ်ပြီးရင် ကမ်းနားကနေ မှတ်တိုင်ဆီသွားတယ်။ သိမ်ကြီးဈေးကို ကားစီးတယ်။ ကုန်ဈေးတန်းမှတ်တိုင်ရောက်ရင် ဆင်းကြတယ်။ တစ်ရက်မှာ ကားနောက်ပေါက်ကနေ သရက်သီးတောင်းကိုအချ၊ ကားသမားက မောင်းအထွက်မို့ ကတ္တရာလမ်းပေါ် သရက်သီးတွေ ပြန့်ကျဲကုန်တယ်။ နောက်ကကားတွေ ၀င်ကြိတ်တာရယ်၊ လူတွေ တက်နင်းတာရယ်ကြောင့် သရက်သီးတွေ ကွဲအက်ကုန်တယ်။ အဲဒီနေ့က အမေ့မျက်နှာပျက်ခဲ့တယ်။ အရှုံးပေါ်တယ်။ မနက်ဖြန်အတွက် အရင်းပြုတ်လို့ ညနေမှာ အပေါင်ဆိုင်ကို အမေသွားတာ မှတ်မိပါတယ်။

တစ်ရက်မှာတော့ သရက်သီးက ကျွန်တော်တို့ဘ၀ကို အပြောင်းအလဲဖြစ်စေခဲ့တယ်။ ဈေးရောင်းနေတဲ့ ကျွန်တော်တို့သားအမိကို ယခင်ကသိခဲ့ဖူးသူ သူဌေးကတွေ့တယ်။ အဖေ့အကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်းမေးတယ်။ မိသားစုရေးတွေးဆပြီး အလုပ်လုပ်ဖို့ပြောတယ်။ လိုအပ်တဲ့အကူအညီနဲ့ အရင်းအနှီးထုတ်ပေးတယ်။ အဖေနဲ့ ကျွန်တော်တို့အကြောင်းကြောင်းကြောင့် မလုပ်နိုင်ခဲ့တဲ့ ကိုယ်ပိုင်အလုပ်လေးပြန်လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အမေ သရက်သီးသည်ဘ၀က လွတ်မြောက်ခဲ့တယ်။ မနက်စောစော သရက်သီးကြိုစရာ၊ အော်စရာမလိုတော့ဘူး။ အရင်းပြုတ်လို့ အပေါင်ဆိုင်သွားစရာလည်း မလိုတော့ဘူး။

ကျွန်တော့်အတွက်ကတော့ ကတ္တရာလမ်းပေါ် ပြန့်ကျဲနေတဲ့ သရက်သီးတွေကို လိုက်ကောက်ရင်း ၀ဲခဲ့တဲ့မျက်ရည်စတွေနဲ့ အမေ့ကိုသနားတဲ့စိတ်က အိပ်မက်ကို ခိုင်မာစေခဲ့တယ်။ စိတ်ဓာတ်တွေ မာကျောစေခဲ့တယ်။ စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်က သတင်းစာတစ်စောင်မှာ ရေးတဲ့ဆောင်းပါးကို သတိရမိတယ်။ ဆောင်းပါးမှာရေးခဲ့တာက “ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ အသံတွေကြားနေရတယ်။ ဘာသံတွေလဲ၊ သာယာသံလား၊ ဆူညံသံလား၊ ရယ်သံတွေလား၊ ငိုသံတွေလားမျိုးစုံပါပဲ။ ကိုယ့်နိုင်ငံကလား၊ သူများနိုင်ငံတွေကလားဆိုရင် နှစ်ခုစလုံးပါပဲ”။

အဲဒီဆောင်းပါးမှာ ရေးခဲ့ပါတယ်။ မြန်မာနဲ့ကမ္ဘာအတွက် အခက်ကြုံလာနိုင်တာတွေ။ အဲဒီပြဿနာနဲ့ အခက်အခဲတွေဟာ နည်းနည်းလေး၊ သေးသေးလေးက စခဲ့တဲ့ပြဿနာတွေပါပဲ။ ဒါကြောင့် သေးသေးနည်းနည်းရယ်လို့ မပေါ့ဆ၊ အထင်မသေးသင့်ပါဘူး။ တန်ဖိုးမရှိဘူး။ အလေးဂရုမထားလောက်ပါဘူးဆိုတဲ့ သရက်သီးတစ်လုံးကြောင့် ဘ၀တွေပျက်၊ အသက်တွေသေ၊ ဇာတိတွေလည်း ပျောက်ခဲ့ရတဲ့ အဖြစ်အပျက်ဇာတ်လမ်းတွေ ရှိခဲ့ကြောင်းလည်း ပါပါတယ်။

ဘုရားလောင်းမျောက်မင်းဘ၀မှာ မျောက်အပေါင်းကိုခေါင်းဆောင်ပြီး တောအုပ်တစ်ခုရဲ့ သရက်ပင်ကြီးမှာနေခဲ့ကြတယ်။ အဲဒီသရက်ပင်ကြီးရဲ့ အသီးကအရသာထူးကဲ ကောင်းမွန်လွန်းလို့ နောင်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်တွေးဆမိခဲ့တယ်။ ဒါကြောင့် သရက်ပင်ကြီးရဲ့ မြစ်ကမ်းပေါ်က အသီးတွေကိုဖယ်ရှားပစ်ဖို့ မျောက်တပည့်တွေကိုခိုင်းတယ်။ ပေါ့လျော့လွန်းတဲ့ နောက်လိုက်မျောက်တွေကြောင့် သရက်သီးတစ်လုံး ရေချိုးနေတဲ့ ဘုရင်တစ်ပါးဆီ ရောက်သွားတယ်။ သရက်သီးအရသာကလည်း ထူးကဲကောင်းမွန်လွန်းလို့ အကြောပေါင်းတစ်သောင်း စိမ့်နေအောင်ခံစားရတယ်။ ဒီသရက်သီးကို စားရတဲ့ဘုရင်ဟာ စွဲမက်လွန်းတာကြောင့် သရက်ပင်ရှာပုံတော်ဖွင့်ခဲ့တယ်။ နောက်ဆုံးမှာ မျောက်တို့ရဲ့ သရက်ပင်ဆီရောက်လာတယ်။ မျောက်တို့ကို ခြောက်လှန့်မောင်းထုတ်ပစ်ခဲ့လို့ မျောက်အပေါင်း ဘ၀ပျက်ခဲ့ရတယ်။ ကိုယ့်ရဲ့ မွေးရပ်ဇာတိသရက်ပင်ကို စွန့်ခွာထွက်ပြေးခဲ့ရတာဟာ တန်ဖိုးမကြီးတဲ့ သရက်သီးတစ်လုံးကြောင့် ပေးဆပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲဒီဆောင်းပါးမှာ အဆုံးသတ်ခဲ့တာက မြန်မာနဲ့ ကမ္ဘာရဲ့အဖြစ်အပျက်တွေဟာ တာဝန်မဲ့မှု၊ ပေါ့ဆမှု၊ အတ္တဆန်မှု၊ အမြော်အမြင်နည်းမှု၊ မသမာမှုတွေကြောင့် ဖြစ်ရတယ်။ ဒါကြောင့် လူကြီးသူမတွေက မျက်တောင်တစ်ဆုံးမကြည့်နဲ့ မျက်စိတစ်ဆုံး မြင်အောင်ကြည့်၊ အမှိုက်ကစ ပြာသာဒ်မီးလောင်တတ်တယ်၊ သတိဆိုတာပိုတယ်မရှိ၊ စေတနာဟာ လူတိုင်းနဲ့မတန်၊ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ဆိုတာမျိုးတွေနဲ့ ဆုံးမသွန်သင်ခဲ့တာဖြစ်တယ်။ အသီးလေးတစ်လုံး၊ အပေါက်လေးတစ်ပေါက်၊ တစ်မျက်နှာလေးပါဆိုပြီး အလေးမထားပေါ့ဆခဲ့လို့၊ အမြော်အမြင်နည်းခဲ့ကြလို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဘယ်လောက်ကြီးတယ်ဆိုတာ သင်ခန်းစာယူကြ၊ ပြင်ကြဖို့ တိုက်တွန်းရေးသားခဲ့ပါတယ်။

သရက်သီးလေးတစ်လုံးက လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲစေခဲ့တယ်။ သရက်သီးကြောင့် စိတ်ခံစားမှုနဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့တယ်။ သရက်သီးလေးတစ်လုံးကြောင့် ဘ၀တွေ၊ ဇာတိတွေ ပြောင်းစေခဲ့တယ်။ သေးသေးမွှားမွှားက ကြီးကြီးမားမားတွေကို အစပျိုးနိုင်တယ်ဆိုတဲ့ အသိနဲ့သတိကို သရက်သီးလေးက ပေးပါတယ်ဆိုတာကို ပြောချင်တာပဲ ဖြစ်ပါတယ်။

writer: သန်းထိုက် (သာကေတ)


No comments