ဆောင်းခိုငှက်
ဆောင်းခိုငှက်
ပလိပ်အင်းအတွင်းရှိ ဆောင်းခိုငှက်များအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ကျွန်တော် ခုတလော မကြာခဏဆိုသလို ကောင်းကင်ကြီးကိုအော်၍ မော့၍ကြည့် ဖြစ်သည်။ ထိုသို့ကြည့်ရခြင်းမှာ သူတို့လေးတွေကိုများ တွေ့ရလိမ့်မလားဆိုသည့် အတွေးနှင့်ဖြစ်သည်။
သူတို့လေးတွေဆိုသည်မှာ ဆောင်းခိုရအောင် ရောက်လာတတ်သည့် ပျံလွှားငှက်ကလေးတွေကို ဆိုလိုခြင်းဖြစ်သည်။ ကျွန်တော်တို့အရပ်တွင် ဒီလိုအချိန် ဆောင်းဦးပေါက်လျှင် ပျံလွှားငှက်ကလေးတွေ ရောက်လာတတ်၏။ သည်ကစ၍ ဆောင်းတွင်းတစ်တွင်းလုံး သူတို့ရှိနေတတ်ပြီး နွေပေါက်လျှင် သူတို့၏ အစအနကိုမျှ မမြင်မတွေ့ရလေတော့ပြီ။ ပြောရသော် ပျံလွှားငှက်သည် ကျွန်တော်တို့ မြန်မာပြည်မှာမွေး၍ မြန်မာနိုင်ငံအတွင်းမှာပင် ကြီးပြင်းသော ငှက်မျိုးမဟုတ်။ သူ့ဇာတိက ဥရောပ။ တိတိကျကျပြောရလျှင် ဆိုဗီယက်နိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ ပေါက်ပွားကြသော ငှက်မျိုးများသာလျှင်ဖြစ်၏။
မြန်မာနိုင်ငံတွင် ဆောင်းရာသီသို့ ကျရောက်သောအချိန်၌ ဆိုဗီယက်ပြည်ထောင်စု ဆိုက်ဘေးရီးယားဒေသတွင်လည်း ပြင်းထန်ဆိုးရွားသော ဆောင်းရာသီက ၀င်ရောက်လာလေပြီ။ ထိုအခါ ပျံလွှားငှက်ကလေးတို့ သည် မိခင်ဒေသကို စွန့်ခွာ၍ မိုင်ပေါင်း ထောင်ချီပြီးဝေးသော မြန်မာနိုင်ငံသို့ ဆောင်းခိုရအောင် ရောက်လာတတ်ကြ၏။ သူတို့ ဘယ်လိုများရောက်အောင် လာနိုင်ခဲ့ကြပါလိမ့်ဟု တစ်ခါတစ်ရံ အံ့သြစိတ်နှင့် တွေးကြည့်မိသည်။ သူတို့ခန္ဓာကိုယ်လေးက တကယ့်သေးသေးလေး။ နှိုင်းယှဉ်ရလျှင် မြန်မာပြည်ဖွား စာကလေးငှက်လောက်တောင်မှ သူတို့ခန္ဓာကိုယ်က ကြီးလှသည်မဟုတ်။ သို့သော် သူတို့၏ ဇွဲသတ္တိနှင့် စွန့်စားနိုင်စွမ်းသော စိတ်ဓာတ်အရင်းခံကမူ အတော်ကြီးမားပုံရ၏။
ကြည့်လေ မြန်မာနိုင်ငံသို့ရောက်အောင် ပျံခဲ့ရသော ခရီးက နီးလှသည်မဟုတ်။ ရေခဲပြင်ကြီးတွေကို ဖြတ်ကျော်ခဲ့ရသည်။ ပြီးတော့ တောင်တန်းတွေ၊ လွင်ပြင်ကျယ်ကြီးတွေ၊ ပင်လယ်သမုဒ္ဒရာကြီးတွေကို ဖြတ်ပြီး တောင်မှ မရပ်နားသေး မြေလတ်ဒေသက ကျွန်တော်တို့ မြို့ကလေးဆီသို့ ရောက်တော့ သူတို့ခရီးက ပြီးဆုံးသွားဟန့်ထင်။ ပြာလွင်သော ကောင်းကင်ကြီးထဲမှာ မရပ်မနားပျံသည်။ တိမ်တွေထဲကို ထိုးဖောက်ဖြတ်ကျော်သွားသည်။ ပြီးတော့ မြေပြင်အနှံ့ကို ထိလုမတတ် ပျံသန်းရင်းနှင့်ပင် လွတ်လပ်ပျော် ရွှင်စွာ သူတို့မွေးရာဇာတိနှယ် အေးအေးချမ်းချမ်းပင် နားခိုနေထိုင်လေတော့သည်။
မနက်တိုင်း ကျွန်တော် ဈေးသို့သွားလျှင် ဓာတ်ကြိုးတန်းတွေပေါ်မှာ နားနေသော သူတို့ကို အနီးကပ် မြင်တွေ့ရတတ်သည်။ ကိုယ်လုံးကလေးတွေက မည်းမည်းလေးတွေ၊ အတောင်ကလေးတွေက ချွန်ချွန်ကလေးနှင့် သေးသေးပါးပါးကလေးတွေ။ သည်လိုအ တောင်လေးတွေက သူတို့ကို မိုင်ပေါင်းထောင်ချီပြီး ဝေးသောဒေသဆီသို့ ရောက်အောင် သယ်ဆောင်လာခဲ့သည်ဟုဆိုလျှင် ယုံနိုင်စရာပင် ရှိမည်မထင်ချေ။ သို့သော် တကယ် ရောက်အောင် ပျံပြီး လာနိုင်ခဲ့ကြပါသည်။
သူတို့ကို ကျွန်တော်တို့က ဧည့်သည်ငှက်တွေပဲဟု သဘောထား၍ ကောင်းမွန်စွာ ဆက်ဆံပါသည်။ မည်သူကမှ သူတို့ကို ခြောက်လှန့်မောင်းနှင်မထုတ်ကြ။ လေးခွကိုင်ပြီး လက်သရမ်းတတ်သော ကျွန်တော်တို့ကလေးတစ်သိုက်ပင်လျှင်လည်း သူတို့ကိုတော့ ချစ်ခင်စွာနှင့် ဥပေက္ခာပြု၍ ထားတတ်ကြသည်။ ထို့ကြောင့် သူတို့ကလည်း ကျွန်တော်တို့ကို ကြောက်လန့်ခြင်း အလျှင်းမရှိ။ မနက်တိုင်း လမ်းဘေးရှိ ဓာတ်ကြိုးများပေါ်တွင် အေးအေးလူလူ နားနေတတ်ကြ၏။
ဆောင်းရာသီနှင့် အသားကျနေသော ကြောင့်လားမသိ။ ကျွန်တော်တို့ မြန်မာပြည်၏ ဆောင်းရာသီသည် သူတို့အတွက်တော့ နေလို့ထိုင်လို့ ကောင်းရုံလောက်ပဲ ရှိပုံရသည်။ ကျွန်တော်တို့ကား ချမ်းလွန်း၍ အနွေးထည်အထပ်ထပ်နှင့် မီးလှုံနေချိန်တွင် သူတို့ကား အတောင်လေးတွေ တဖျတ်ဖျတ်ခပ်ရင်း တစ်ကောင်နှင့်တစ်ကောင် တို့ကနန်း ဆိတ်ကနန်း ကစား၍ နေတတ်ကြလေသည်။ နံနက်ခင်းနေခြည် နှင်းထုကိုခွဲ၍ ကမ္ဘာမြေပြင်ပေါ်သို့ ရောက်လာချိန်တွင်တော့ သူတို့ကောင်းကင်သို့ ပျံတက်ကြလေပြီ။ တချို့လည်း လမ်းကြိုလမ်းကြားပါမကျန်အောင် တစ်မြို့လုံးအနှံ့ လျှောက်၍ပျံကြ၏။ နေ့လယ်ခင်းအချိန်များတွင်တော့ သူတို့ကို ဟိုးမိုးကောင်းကင်အမြင့်ကြီးတွေဆီမှာ ပျံနေတာသာ တွေ့ရတော့သည်။
အမှတ်မဲ့ဆိုလျှင် ငှက်ကလေးတွေပျံနေသည်ဟုမထင်ရ။ အမှိုက်စကလေးတွေ လွင့်နေသည့်နှယ်ပင်ထင်ရ၏။ ပြာလွင်သော ကောင်းကင်မှာ သူတို့ပျံနေပုံကလည်း ငှက်ပျံနေသည်နှင့် လုံးဝမတူ။ ဘယ်လူးလိုက် ညာလှိမ့်လိုက် အပေါ်သို့တက်လိုက် အောက် သို့ဆင်းလိုက်နှင့် ကြည့်လိုပဲကောင်းသေးတော့ ပြောရလျှင် သူတို့ရောက်လာ၍ ကျွန်တော်တို့အတွက် ဘာမှ စိတ်အနှောင့်အယှက်ဖြစ်စရာမရှိ။ သူတို့ကလည်း ဧည့်သည်ပီပီ အိမ်ရှင်တို့အပေါ်၌ ဆိုးဆိုးရွားရွား ပြုမူ ဆောင်ရွက်သည်ကိုလည်း မတွေ့ရ။ ထို့ ကြောင့် ဆောင်းဦးပေါက်လျှင် ကျွန်တော် တို့တွေက သူတို့ကိုမျှော်မိသည်။
ပြောရလျှင် မြန်မာပြည်ဖွား ငှက်မျိုး စိတ်အတော်များများသည် ကိုယ့်မြေကိုယ့်ရေကိုစွန့်ခွာ၍ တခြားတိုင်းပြည် တခြားနိုင်ငံသို့ ထွက်ခွာသွားသည်ဟု ကျွန်တော်မကြားစဘူး။ မြန်မာပြည်ရာသီဥတုသည် ငှက်မျိုး စိတ်များ စွန့်ခွာသွားရလောက်အောင် ဆိုးရွားလွန်းသည့် ရာသီဥတုမျိုးလည်း မဟုတ်ချေ။ ထို့ပြင် မြန်မာ့ရေမြေတွင် ရာသီအလိုက် ရှာဖွေစားသောက်၍ရနိုင်သော အသီးအနှံများကလည်း ပေါများလှ၏။ စာကလေး၊ ဆက်ရက်၊ ကျီးကန်း အစရှိသော ငှက်များကား လူအနားကပင် သိပ်ပြီးခွာသည်မရှိ။ လူတို့စွန့်ပစ်သော စားကြွင်း၊ စားကျန်ကလေးများကပင် သူတို့အတွက် အသက်မွေးဝမ်းကျောင်းဖြစ်နေပုံရ၏။ ထို့ကြောင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး သူတို့ကို အိမ်အနီးအပါးမှာပင် အမြဲမပြတ်တွေ့ရတတ်၏။
ပျံလွှား၊ ကြိုးကြာ အစရှိသောငှက်များကား မိမိတိုင်းပြည်မှာ ပေါက်ပွားသော မျိုးစိတ်များမဟုတ်ကြ။ သူတို့ခမျာ သူတို့မွေးဖွားရာဒေသတွင် ရာသီဥတု ဆိုးရွားပြင်းထန်လာသောအခါ နားခိုရန် နေရာရှာကြရင်းနှင့် ကျွန်တော်တို့နိုင်ငံသို့ ရောက်လာကြခြင်းဖြစ်သည်။ တစ်ဆောင်းတွင်းလုံး ကျွန်တော်တို့ နှင့်အတူ ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြပြီး ဆောင်းကုန်၍ နွေရောက်သောအခါ သူတို့မွေးဖွားရာ ဇာတိမြေသို့ ပြန်ကြရပြန်လေသည်။
ဘာပဲပြောပြော ခုလိုအချိန်ရောက်လျှင် သူတို့ရောက်လာနေကျမို့ မြင်ရလိမ့်နိုးနှင့် မျှော်၍ကြည့်မိသည်။ သို့သော် ယခု ကျွန် တော်ရောက်နေသောနေရာသည် ကျွန်တော့် ဇာတိမြေနှင့် မိုင်ပေါင်း လေးငါးဆယ်မက ကွာဝေးခဲ့လေပြီ။ ကျွန်တော်ကိုယ်တိုင်ပင် ကိုယ့်ရပ်ကိုယ်ရွာကို ချစ်ပါလျက်နှင့် ဖက်တွယ်၍ နေခွင့်မရ။ လွန်ခဲ့သော အနှစ် ၃၀ ကျော်ကာလက အဖေ၊ အမေနှင့် ချစ်သော ညီအစ်ကိုမောင်နှမ၊ ဦးလေး၊ သားချင်းများကို ကျောခိုင်းပြီး ခွဲခွာလာခဲ့ရ၏။ ထိုသို့ ခွဲခွာလာရခြင်းမှာ ကျွန်တော့်ဇာတိမြေသည် ဆိုက်ဘေးရီးယားလို ဆိုးရွားသော ရာသီဥတုဒဏ်ခံနေရ၍လည်းမဟုတ်။ အခြားအကြောင်းများကြောင့်လည်းမဟုတ် ကျွန်တော့်အတွက်တော့ ကံစီမံရာ ပစ်ချခံရသည်ဟုသာ မှတ်ယူပါသည်။
အခြေအနေပေးလျှင် ကိုယ့်ရပ်ဇာတိမြေသို့ ပြန်ချင်မိ၏။ ကျွန်တော်မွေးဖွားခဲ့ရာ တဲအိမ်ကလေး ကျွန်တော်လွတ်လပ်ပျော်ရွင်စွာ ဆော့ကစားခဲ့ရသည့် လယ်ကွင်းပြင်ကျယ်၊ ကျွန်တော်ပညာသင်ကြားခဲ့ရာ ကျောင်း၊ ကျွန်တော်ဦးချ၍ ကိုးကွယ်ခဲ့ရသည့် စေတီ၊ ဘုရား၊ ကျောင်းတို့ကိုလည်း အမြဲတမ်းအမှတ်ရမိ၏။ သို့သော် ကျွန်တော့်ဘ၀ကား ပျံလွှားငှက်လို အတောင်သာလျှင်ပါသော ဘ၀မဟုတ်။ ကျွန်တော့်မှာ အလုပ်တာဝန်ဝတ္တရားဟူသော နှောင်ကြိုး ဇနီး သားသမီးဟူသော အတွယ်အတာ အနှောင်အဖွဲ့တွေနှင့် ပျံလိုရာကို ပျံခွင့်မရ။ ထို့ကြောင့် မိမိကိုယ်ကိုမိမိ မချင့်မရဲဖြစ်မိသည်။
ထို့ကြောင့်လည်း တစ်ခါတရံ ပျံလွှား ငှက်ကလေးတွေကို အားကျမိ၏။ သူတို့လိုများသာဆို ဆောင်းခိုအပြီး နွေရောက်လျှင် ကိုယ့်ရပ်ကိုယ့်ဌာနေကို ပျော်ပျော်ကြီး ပျံမိမည်လား မပြောတတ်။ ခုတော့ ကျွန်တော့်မှာ ဆောင်းကုန်လည်း မပြန်နိုင်၊ နွေရောက်လို့လည်း မပြန်နိုင်နှင့် ကံပစ်ချရာဘ၀မှာ ဇာတိမြေကိုလွမ်းရင်းနှင့်ပင် ဒီအတိုင်းနေနေရသည်။ ပြောရလျှင် ကျွန်တော်မှ ဆောင်းခိုငှက်အစစ်။ ကျွန်တော့်ဆောင်းကား မကုန်ဆုံးနိုင်သော ကံကြမ္မာဆောင်းလပင်တည်း။
Writer ; ဘစံကောင်း
Post a Comment