တောင်သူလယ်သမားတွေရဲ့ဝန်ထုပ်ဝန်ပိုး
ဧရာဝတီတိုင်း အတွင်းရှိ ရေကြီးနစ်မြုပ် လယ်မြေတွင် ခက်ခဲပင်ပန်းစွာ ထွန်ယက်နေသည့် တောင်သူလယ်သမား တစ်ဦးအား ၂၀၁၆ ခုနှစ် စိုက်ပျိုးရာသီက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
တောင်သူလယ်သမားများထံမှ သီးနှံများ ရောင်းချရာတွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား ကောက်ခံရေးအတွက် သတင်းစကားများ ပေါ်ထွက်လာပြီးနောက် တောင်သူလယ်သမား လူတန်းစားအကြား ငိုညည်း မကျေနပ်သံတွေ နေရာအနှံ့ ထွက်ပေါ်လာပါတယ်။ ဥပဒေကို နားမလည်၊ အခွန်အခဆိုတာမသိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ချေးငွေ အတိုးကိုတောင်မှ မတွက်တတ်တဲ့ တောင်သူများအတွက်က အခွန်ဆိုတာ ထူးဆန်းနေတဲ့ အရာပါ။ ကျေးလက်နေသူပီပီ အခွန်ဆိုတာ ကိုလိုနီခေတ် မြန်မာဗီဒီယို ဇာတ်လမ်များထဲကလို ကျေးရွာသူကြီးကနေ မောင်းထုပြီး တောင်းမှာလားလို့တောင် ထင်မှတ်သူတွေက ထင်မှတ်နေကြပါတယ်။ ၀င်ငွေခွန်တို့ ကုန်သွယ်ခွန်တို့ဆိုတာ မြို့ပေါ်ရောက်တုန်းလေး မုန့်ဆိုင်လေးကနေ ကောက်ယူဖတ်တဲ့ သတင်းစာတွေထဲမှာ ပါဝင်နေကျ၊ မြင်ဖူးနေကျ စာသားများလို့သာ သိရတဲ့ တောင်သူတွေအတွက် ကြိုတင်ဝင်ငွေခွန်ဆိုတာ သူတို့နားမလည်တာ မဆန်းကြယ်လှပါဘူး။
မည်သည့်နေရာက ကြိုတင်ဝင်ထားတဲ့ ငွေရှိလို့ ငါတို့က ပေးရမှာလဲဆိုပြီး ပြန်လည်မေးခွန်းထုတ်တဲ့ တောင်သူများက ဒုနဲ့ဒေးပါပဲ။ နှစ်စဉ်လိုလို အရှုံးနဲ့ရင်ဆိုင် အကြွေး သံသရာမှာ လည်ပတ်နေရတဲ့ တောင်သူများအတွက် ကြိုတင်ဝင်ငွေခွန်ဆိုတာ ဘာကိုဆိုလိုမှန်း မသိကြရှာပါဘူး။ အစိုးရမင်းတို့ ကောင်းမယ်ထင်လို့လုပ်တာ ငါတို့က ခံရမှာပေါ့လို့သာ ညည်းညူနေသံတွေက သောင်းထိုက်ကနေ နားရှိရင် ကြားနိုင်ပါလိမ့်မယ်။
တောင်သူလယ်သမား တစ်ယောက်ဟာ မိုးရာသီ စပါးစိုက်ပျိုးချိန်ကာလမှာ အဓိက စိုက်ပျိုးလေ့ရှိတာဟာ ပေါ်ဆန်းကဲ့သို့သော စပါးမျိုးနဲ့ မနောသုခလို စပါးမျိုးတွေပါပဲ။ လယ်ယာမြေ တစ်ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ဟာ လယ်ယာမြေ ပြုပြင်တာကနေ စပြီးတော့ သီးနှံရင့်မှည့်လာလို့ သိမ်းဆည်းပြီး ဆန်စက်များကို ရောင်းချရတဲ့ အချိန်ထိဆိုလျှင် တစ်ဧက ပျမ်းမျှသွင်းအားစု ကုန်ကျစရိတ်ဟာ တစ်သိန်းခွဲကနေ နှစ်သိန်းအကျော်မှာ ရှိပါတယ်။ ရှားပါးလာတဲ့ လယ်ယာလုပ်သား ပြဿနာတွေကြောင့်လည်း ကုန်ကျမှု ပိုမိုများပြားကာ ပိုမိုအခက်တွေ့ရပါတယ်၊ စနစ်တကျ လယ်ယာမြေ ပေါင်းစည်းလယ်ယာမြေ တွေမှာလည်း စက်ကိရိယာတွေ ငှားရမ်းတာမှာ ရေမြေအရ လိုက်ပါပေးလိုတဲ့ စက်ပိုင်ရှင်တွေ နည်းပါးနေပါသေးတယ်။ အချိန်တန် ကံကောင်းထောက်မစွာနဲ့ ပိုးမကျ၊ သဘာဝဘေးမဖျက်လို့ စပါးပေါ်ထွက်လာပြီ ဆိုရင်လည်း တစ်ဧကရဲ့ ပျမ်းမျှအထွက်ဟာ တင်း ၆၀ ပါပဲ။ နှစ်စဉ် အာမခံချက်မရှိတဲ့ စပါးဈေးနှုန်းများအရ စပါးပေါ်ပြီ ဆိုတာနဲ့ ဈေးကျတာကြောင့် ပေါ်ဆန်းကဲ့သို့သော စပါးမျိုးရဲ့ ဈေးနှုန်းဟာ ပျမ်းမျှ ခြောက်သိန်းခွဲသာသာပဲ ဈေးရပါတယ်။ မနောသုခလို စပါးမျိုး အတွက်ကတော့ လေးသိန်းခွဲသာသာလောက်ပဲ ဈေးရပါတယ်။ တစ်ဧက ကုန်ကျစရိတ်နဲ့ တစ်ဧက အထွက်နှုန်းနဲ့ စပါးဈေးနဲ့ အချိုးချကြည့်ရင် ကံကောင်းစွာနဲ့ သီးနှံအောင်တဲ့ နှစ်မှာတောင် တောင်သူတစ်ယောက်အတွက် တစ်ဧက အမြတ်ဟာ ပျမ်းမျှ ကျပ်တစ်သိန်းပါပဲ။ ဒါတောင်မှ စိုက်ပျိုးချိန်တိုင်းမှာ အချိန်မီမရတဲ့ စိုက်ပျိုးစရိတ် ချေးငွေများကြောင့် ပြင်ပကနေ အတိုးနှုန်းကြီးစွာနဲ့ စိုက်ပျိုးစရိတ် သွင်းအားစုတွေကို ၀ယ်ယူထားရတဲ့ အတိုးနှုန်းတွေကို ထည့်မတွက်ထားသေးပါဘူး။
နိုင်ငံတော်က သတ်မှတ်ထားတာဟာ တောင်သူတစ်ယောက်အတွက် ၁၀ ဧကအထိသာ ချေးငွေထုတ်ပေးဖို့ပါ။ ဒါ့ကြောင့် ၁၀ ဧကနှုန်းထားနဲ့ပဲ တွက်ချက်ရမယ်ဆိုလျှင် လယ် ၁၀ ဧက ပိုင်ဆိုင်တဲ့ တောင်သူတစ် ယောက်ဟာ သီးနှံပေါ်ချိန်မှာ အမြတ်ငွေဟာ ၁၀ သိန်းလို့ပဲ ယာယီသတ်မှတ်ထားလို့ ရပါမယ်။ သီးနှံတစ်ရာသီဟာ မိုးဆိုလျှင် အချိန်ငါးလနီးပါး ရှိပါတယ်။ ဆောင်းရာသီဆိုရင် သုံးလရှိပါတယ်။ မြန်မာနိုင်ငံမှာ တစ်သီးစား တောင်သူတွေသာ များပြားပေမယ့် နှစ်သီးစား စိုက်ပျိုးနိုင်တဲ့ တောင်သူအနေနဲ့ပဲ အရင်ဆုံး ပြောပြချင်ပါတယ်။ လယ် ၁၀ ဧက ပိုင်ဆိုင်တဲ့ တောင်သူဟာ တစ်နှစ်မှာ အမြတ်ငွေ ကျပ်သိန်း ၂၀ ရတယ်ပဲ ဆိုပါစို့။ တောင်သူတစ်ဦးမှာ မိသားစုဝင် လေးဦးသာရှိတယ် ဆိုပါစို့။ ဒီမိသားစုဝင်တွေထဲမှာ နှစ်ဦးဟာ ကျောင်းနေအရွယ်လေးတွေ ဖြစ်နေမယ် ဆိုပါစို့။ တောင်သူတစ်ဦးဟာ ရထားတဲ့အမြတ်ငွေထဲကနေ လစဉ်သုံးစွဲဖို့ဟာ ငွေကျပ် ၁၆၀၀၀၀ ပဲ ဖြစ်နိုင်ပါတယ်။ ကျောင်းသားတစ်ဦးရဲ့ ကျောင်းစရိတ်ဟာ တစ်ဦးကို လစဉ် ကျပ် ၂၀၀၀၀ ဆိုလျှင်တောင်မှ လစဉ် ကျပ် ၄၀၀၀၀ ကို တောင်သူတစ်ဦးဟာ ကုန်ကျနေရပါပြီ။ မိသားစု စားသောက်စရိတ်ဟာ လူလေးယောက်အတွက် လစဉ် ကျပ် ၈၀၀၀၀ ပဲ ကုန်တယ်ဆိုရင်တောင်မှ သူ့ရဲ့အမြတ်ငွေထဲကနေ ကျပ် ၁၂၀၀၀၀ ကို သူသုံးစွဲခဲ့ရပါပြီ။ ကျန်းမာရေး အသုံးစရိတ်တွေ၊ သာရေးနာရေး အသုံးစရိတ်တွေဆိုတာ ဘယ်မှာလဲလို့ မေးရတော့မှာပါ။ ဒါဟာ ကံကောင်းထောက်မစွာနဲ့ အကြွေးလည်း ကင်းမယ်၊ သီးနှံဈေးလည်းကောင်းမယ်၊ သီးနှံလည်းပိုးမကျ၊ သဘာဝဘေးလည်း မထိခိုက်တဲ့ရာသီ နှစ်တွေမှာ တောင်သူတစ်ယောက်ရဲ့ အမြတ်ပါ။
“နှစ်နှစ်ဆက်တိုက်ရှိပြီ ရေကြီးလို့ စိုက်ထားပြီးတဲ့ စပါးတွေ အကုန်ရေနစ်ပြီး ပျက်ကုန်တယ်။ ထောက်ပံ့ကူညီတာ မရတာတော့ မဟုတ်ဘူး။ ရေပြန်ကျပြီး တစ်ပတ်ကျော် လောက်ကြာတော့ မျိုးစပါးတွေ ဝေပေးတယ်။ မျိုးစပါး တစ်ခုတည်းနဲ့က ပြန်စဖို့မလွယ်ဘူး။ အကုန်လုံး ချေးငှားပြီးတော့ ပြန်ကြဲရတာ။ အထွက်လည်း နောက်ကျကုန်တယ်။ ရင်းထားသမျှ ကုန်ပေမယ့် စိုက်ဘဏ်ကြေါးကတော့ မဆပ်ဘဲနေလို့ မရဘူး။ တစ်နှစ်ပျက်တာတောင် အိမ်တိုင်တွင်းစွပ် မပျောက်ရုံပဲရှိတာ နှစ်နှစ်ကျတော့ လုပ်လို့သာ ဆက်လုပ်ရတယ်။ ဒီအလုပ်ကလွဲလို့သာ ဆက်လုပ်ရတာ အကြွေးတွေကို ပတ်လည်ဝိုင်းနေတော့တာပဲ။ ဒါကိုမှ ဆရာတို့ပြောသလို မပျက်လို့ ကျန်နေသေးတဲ့ စပါးလေး ရောင်းရတာကို အခွန်ပေးရဦးမယ် ဆိုရင်တော့ဗျာ ကျွန်တော်တို့ လယ်သမားတွေက ဘာနဲ့စားပြီး နေရတော့မှာလဲ” ဟု ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူ ဦးမြင့်သန်းက ပြောကြားသည်။
အခုနောက်ပိုင်းမှာ မကြာခဏကျလာတဲ့ ဖျက်ပိုးတွေ၊ ရောဂါတွေအတွက် ဆေးဖိုးတွေ၊ မကြာခဏရေကြီးလို့ ပျက်စီးရတဲ့သွင်းအားစု တန်ဖိုးတွေဟာ တစ်ဧကကို ပျမ်းမျှသွင်းအားစု ကျပ်နှစ်သိန်းနဲ့သာ တွက်ချက်ရ မယ်ဆိုရင် လယ် ၁၀ ဧကအတွက် ကျပ်သိန်း ၂၀ ဆုံးရှုံးရတာပါပဲ။ ဒါဆိုရင်တော့ တောင်သူဟာ ဘ၀ပျက်ပါပြီ။ ဘယ်သူကမှ လာစိုက်မပေးတဲ့ ဆုံးရှုံးသွားတဲ့ သွင်းအားစု တန်ဖိုးအတွက် သူဟာ အကြွေးတွေကို အတိုးကြီးကြီးနဲ့ ယူရပါပြီ။ ကံကောင်းလို့ သီးနှံအောင်တဲ့နှစ်မှာတောင်မှ တစ်လကို ကျပ် ၁၆၀၀၀၀ ၀င်ငွေ ရတဲ့တောင်သူဟာ ဘယ်ကပိုက်ဆံတွေနဲ့များ ဒီအကြွေးတွေကို ပြန်ဆပ်မလဲ။ ဘယ်သူကများ တာဝန်ခံမလဲဆိုတာ တောင်သူတွေဘ၀ကို သင်္ချာကိန်းဂဏန်းတွေနဲ့ ဆုံးဖြတ်ကြည့်ကြပါဦး။ အပေါင်းရလဒ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မထွက်လာနိုင်ပါဘူး။ သီးနှံအောင်တဲ့ နှစ်မှာတောင်မှ သီးနှံပေါ်ချိန်မှာ သီးနှံဈေးဟာ သွင်းအားစုတန်ဖိုးထက် လျော့ကျနေမယ်ဆိုရင် ဒီတောင်သူဟာ အရှုံးနဲ့ ရင်ဆိုင်ရတာပါပဲ။ ဒါကိုရော ဘယ်သူက အရှုံးခံပြီး တောင်သူတွေကို ၀ယ်ပေးနေသလဲ။ မိုးလွန်မှထွန်ချတတ်တဲ့ အစီအမံတွေက တောင်သူတွေအတွက် မဟုတ်ဘဲ စက်ပိုင်ကုန်သည်ပွဲစားတွေကိုပဲ အကျိုးဖြစ်စေတာပါ။
ဒီလိုမျိုး နှစ်စဉ်ရပ်တည်နေထိုင်ရတဲ့ တောင်သူတွေအတွက် အစိုးရအဆက်ဆက်က တောင်သူတွေကို အကျိုးပြုဖို့ဆိုပြီးတော့ ဥပဒေတွေ ရေးဆွဲခဲ့ပါသေးတယ်။ အနီးစပ်ဆုံးသော ဥပဒေကတော့ ၂၀၁၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါပဲ။ ၂၀၁၅ ခုနှစ် မေ ၂၉ ရက်မှာ နည်းဥပဒေကိုပါ ထုတ်ပြန်ပြီးဖြစ်ပေမယ့် အခုချိန်အထိ ဥပဒေပါ အကျိုးအပြစ်တွေကို တောင်သူတွေ ခံစားနေရပြီလား။ ဥပဒေမှာ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်လို့ လယ်သမားအရေး လှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေက ထောက်ပြခဲ့ပေမယ့် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်တဲ့ ဥပဒေပါ အချက်အလက်တွေကိုတောင်မှ တောင်သူလယ်သမားတွေ ခံစားနေရပြီလား မေးခွန်းထုတ်ရပါလိမ့်မယ်။ ဥပဒေပါ ပုဒ်မ ၅ ပုဒ်မခွဲ (ဂ) မှာ တောင်သူလယ်သမားများအား စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအတွက် လိုအပ်သည့် အချိန်၌ ချေးငွေနှင့် အကူအညီများ စီစဉ်ဆောင်ရွက်ပေးခြင်းရယ်လို့ ပါဝင်ပါတယ်။ အချိန်မီချေးငွေတွေကို ပြည့်စုံလုံလောက်စွာ တောင်သူတွေအားလုံး ရရှိနေကြပြီလား။ ပုဒ်မ ခွဲ (စ) မှာ တောင်သူလယ်သမားများအား လယ်ယာထုတ်ကုန်များကို အာမခံထားသည့် စနစ်၊ ကုန်လှောင်ရုံများတွင် အပ်နှံသည့်စနစ်၊ သီးနှံအပေါင်ထားသည့် စနစ်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စနစ်တို့နှင့် အလေ့အကျင့်များ ရရှိစေရန် အားပေးကူညီခြင်းလို့ ထည့်သွင်းရေးဆွဲ ထားပါသေးတယ်။ လယ်ယာထုတ်ကုန်တွေကို တောင်သူတွေဟာ ဘယ်မှာများ သွားရောက် အာမခံ ထားရမှာလဲ။ ဘယ်သူတွေက အာမခံစနစ်ကို အကောင်အထည် ဖော်ပေးနေပြီလဲ။ ကုန်လှောင်ရုံတွေမှာ အပ်ဖို့ကိုရော ဘယ်ကုန်လှောင်ရုံမှာများ သွားရောက်အပ်နှံရမှာလဲ။ မလုံတလုံ စပါးကျီလေး လေဒဏ်မိုးဒဏ်ကြောင့် ပြိုလဲခဲ့ရင် ဘ၀ပျက်ရမှာ တောင်သူလယ်သမားတွေပါပဲ။ ထပ်ပြီးတော့ ပုဒ်မခွဲ (ဆ) မှာ တောင်သူလယ်သမားများ၏ လယ်ယာထုတ်ကုန်များကို သင့်တင့်မျှတသည့် ဈေးနှုန်းရရှိစေရန် ဈေးကွက်နှင့်ချိတ်ဆက် ဆောင်ရွက်ပေးခြင်းလို့ ပြဋ္ဌာန်းထားပါသေးတယ်။ သီးနှံပေါ်ချိန်ရောက်တိုင်း စပါးဈေးကျလို့ စပါးအိပ်ကို ကျောမှီထိုင် အကြေါးစာရင်း စာအုပ်လေး လက်ကနေဆုပ်လို့ မှိုင်တွေနေရတဲ့ တောင်သူကြီးတွေကို မမြင်မိုလို့လော။ ပုဒ်မခွဲ (ဌ) မှာ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ ပိုးမွှား၊ ရောဂါကျရောက်မှုနှင့် အခြားသော အကြောင်းများကြောင့် သော်လည်းကောင်း လယ်ယာမြေနှင့် စိုက်ပျိုးသီးနှံ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ရသော လုပ်ကွက်ငယ် တောင်သူလယ်သမားအား အထူးဦးစားပေး ကူညီထောက်ပံ့ခြင်းလို့ ဆိုပြန်ပါတယ်။ ယမန်နှစ်မှာ ဧရာဝတီတိုင်းဒေသကြီးက တောင်သူလယ်သမားတွေဟာ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီး လယ်ယာမြေတွေ ဆုံးရှုံးခဲ့ရပါတယ်။ အစိုးရပိုင်းကလည်း ထောက်ပံ့ပါတယ်။ မျိုးစပါးနဲ့ ငွေစကြေးစ အနည်းငယ်ပါ။ တစ်ဧကကို ကျပ်နှစ်သိန်းနီးပါး သွင်းအားစုရှိတဲ့ လယ်သမားကို အခုလို ထောက်ပံ့တာ ပြည့်စုံသွားပြီလား။ ကနဦးကတည်းက ရှားပါးပါတယ်ဆိုတဲ့ လယ်ယာလုပ်သားတွေကို ဘယ်လိုမျိုး ပြန်လည်ရှာဖွေရမှာတဲ့လဲ မေးခွန်းတွေက တသီတတန်းကြီးပါပဲ။ တောင်သူလယ်သမား ဦးကြီးများအတွက် ရည်ရွယ်ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ခုတောင်မှ ပြည့်စုံအောင် မဆောင်ရွက်နိုင်သေးဘဲ ကြိုတင်ဝင်ငွေခွန်ဆိုတဲ့ ဥပဒေကတော့ တောင်သူတွေအတွက် အသက်ဝင်လာမယ် ဆိုရင်တော့ ၁၉၃၀ ပြည့်နှစ်က တောင်သူဦးကြီးတွေကို ပြန်လည်အမှတ်ရစရာ ဖြစ်လာနိုင်ပါတော့မယ်။
“အခု ကြိုတင်ဝင်ငွေခွန်ဆိုတာ တောင်သူဆီက တိုက်ရိုက်ကောက်ဖို့ မလွယ်လှဘူး။ တောင်သူတွေ စပါးရောင်းတဲ့ ဆန်စက်တွေမှာ လာရောင်းတာနဲ့ စားသောက်ဆိုင်တွေလို အခွန်ဆိုတာမျိုး တစ်ခါတည်း ဖြတ်မှရမယ်။ ဒီလိုမျိုးကျတော့ အရင်လို ကုန်သွယ်လယ်ယာ စနစ်မဟုတ်တော့ ဆန်စက်တွေကို တောင်သူတွေကိုနှိမ်ဖို့ အခြေအနေ အသစ်တစ်ခု ဖန်တီးပေးလိုက်သလိုမျိုး ဖြစ်သွားမယ်။ ဒီဈေးပဲရမယ်။ အခွန်လည်း ရှိသေးတယ် ဆိုတာမျိုး ဖြစ်ကုန်မယ်။ တကယ်လို့ ကောက်ပြီဆိုလည်း အခွန်ပေးဆောင်ထားတဲ့ တောင်သူတွေကို အစိုးရက ဘာပြန်လုပ်ပေးမှာလဲဆိုတာ မေးစရာရှိလာမယ်။ အခွန်ဆောင်ထားတဲ့ နိုင်ငံသား တစ်ယောက်အတွက် သူထိုက်သင့်တဲ့ ပြန်လည်ကြည့်ရှု ခံရတာမျိုး ရသင့်တယ်။ အခုက နင်းပြားပါဆိုတဲ့ တောင်သူတွေကို ပိုပြီးဖိနှိပ်သလို ဖြစ်ကုန်တယ်။ အခွန်အကောက်ဆိုတာ ၀င်ငွေကောင်းမွန်သူတွေကို ကောက်တာမှ ၀န်ထုတ်ဝန်ပိုး မဖြစ်ပေမယ့် ဒီလိုတောင်သူ လယ်သမားတွေကျတော့ အကုန်ခက်ခဲ ကုန်တာပေါ့” ဟု လပွတ္တာမြို့နယ်မှ လုပ်ကွက်ကြီးတောင်သူ ဦးကျော်ငြိမ်းက ပြောကြားသည်။
သီးနှံလေး အထွက်တိုးအောင် မဖြစ်မနေ နေ့စဉ်ကိုင်တွယ်နေရတဲ့ ဆေးဝါးတွေ ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်ကြောင့် လူမသိ သူမသိ လယ်ယာမြေထဲမှာ ဆုံးပါးခဲ့ရတဲ့ တောင်သူတွေ အတွက်ရော ဘယ်သူတွေက စောင့်ရှောက် ကူညီပေးမယ်တဲ့လဲ။ မြန်မာနိုင်ငံမှာ လယ်ယာလုပ်ကွက် ဧက သန်း ၅၀ နီးပါးရှိပြီး ငါးဧကအောက် လုပ်ကိုင်သည့် တောင်သူ ၅၄ ရာခိုင်နှုန်း၊ ၁၀ ဧကအောက် လုပ်ကိုင်သူ ၂၆ ရာခိုင်နှုန်းနှင့် ၁၀ ဧက အထက် လုပ်ကိုင်သူ ၁၅ ရာခိုင်နှုန်းနီးပါး ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။
လုပ်ကွက်နည်း တောင်သူတွေအတွက် နှစ်ရာခိုင်နှုန်းသော အခွန်ငွေကောက်ခံမှုဆိုတာ ထိခိုက်မှု ပြင်းထန်ပါလိမ့်မယ်။ ဆန်စက်တွေမှာ လာရောက်ရောင်းချတဲ့ တောင်သူလယ်သမားတွေထံကနေ ဆန်စက်ပိုင်ရှင်တွေဟာ အခွန်လို့အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေ မလုပ်ဆောင်နိုင်အောင်ရော ကြိုတင်ပြင်ဆင်ထားပြီးပြီလားဆိုတာ သိချင်စရာပါ။
အခွန်ငွေဆိုတာ နိုင်ငံသားတိုင်းဟာ နိုင်ငံသားပီသစွာ ပေးဆောင်ရမယ်ဆိုတာ အားလုံးက သိထားကြပြီး ဖြစ်ပါတယ်။ ပြည်သူတွေထံကရတဲ့ အခွန်အခများနဲ့ပဲ နိုင်ငံတော်ကို တည်ဆောက်ရတယ်ဆိုတာ တောင်သူလယ်သမားတွေ အားလုံးဟာလည်း လက်ခံကြမှာပါ။ ဒါပေမဲ့ အစဉ်အမြဲလိုလို ဒုက္ခဆင်းရဲ ရောက်နေရတဲ့ တောင်သူလယ်သမားတွေအတွက် တကယ်လိုအပ်တဲ့ အကူအညီတွေ၊ ထောက်ပံ့မှုတွေ အခုကြုံတွေ့နေရတဲ့ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးရပြီး အကြွေးတင်နေတဲ့ တောင်သူတွေ၊ စပါးဈေးကျလို့ အကြွေးတင်ရတဲ့ တောင်သူတွေအတွက် ဘာတွေများ ဖြေရှင်းပြီးပြီလဲ။ တောင်သူ လယ်သမားတွေဘ၀ အဆင်ပြေလှပစေပြီလား ဒါလေးတွေတော့ စဉ်းစားသုံးသပ်ပြီးမှ အခွန်အခ ဆိုတာကို ပြည်သူ့အစိုးရအနေနဲ့ တင်းကျပ်မယ်လို့ ထင်ပါတယ်။
“အခု ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းဆိုတာ အန်ကယ်သိတာကတော့ တောင်သူတွေဆီက တိုက်ရိုက်ကောက်မှာ မဟုတ်ဘူး လေ။ ကုန်သည်ပွဲစားတွေကဆီက ကောက်မှာ။ ဒါပေမဲ့ တောင်သူတွေအပေါ် အနည်းနဲ့အများတော့ ထိခိုက်မှာပဲ။ မကောက်နဲ့တော့ မဟုတ်ဘူး။ အခွန်အခဆိုတာ ကောက်ကို ကောက်ရမယ်။ ဒါပေမဲ့ အခုချိန်မှာတော့ စောနေသေးတယ်။ မကောက်သင့်သေးဘူး။ လယ်သမားတွေဘ၀ အဆင်ပြေပြီ၊ ချောင်လည်ပြီဆိုမှ ကောက်ရင်ကောက် ဒီလိုလေ တော့ ဖြစ်သင့်တယ်” ဟု မအူပင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။
မေ ၂ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ယူရေးနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေကို ကြိုတင်ဝင်ငွေခွန် မကောက်ယူဖို့ စီမံညှိနှိုင်းနေပါတယ်လို့ သတင်းစကားကို ကြိုဆိုရပါလိမ့်မယ်။ တောင်သူလယ်သမားတွေဟာ အခွန်တိမ်းရှောင်ချင်လို့၊ အခွန်မဆောင်ချင် လို့မဟုတ်ပါဘူး။ အကြွေးနွံ သံသရာထဲကနေ မရုန်းနိုင်ကြ။ တစ်နေ့တာ စားဝတ်နေရေး မိသားစု အရေးအတွက်တောင် ပြည့်ဝစွာ မရှာဖွေနိုင်ကြတာတွေအတွက် ခက်ခဲနေကြလို့ပါ။ တောင်သူလယ်သမား ဦးကြီးများဟာ နိုင်ငံ့ဘဏ္ဍာအတွက် အခွန်ပေးဆောင်လိုပါတယ်။ တောင်သူလယ်သမားဦးကြီးများ အတွက်လည်း တကယ်အကျိုးရှိစေမယ့် ဥပဒေတွေ အသက်ဝင်အောင် ကူညီမှုတွေ၊ နည်းပညာတွေကိုလည်း အရင်ဦးစွာ ကူညီပေးပါဦးလို့သာ။ တောင်သူလယ်သမားဦးကြီးများကလည်း တာဝန်ကျေစေရပါမယ်လို့သာ။
Writer:
မင်းသူဝင်းထွဋ်
Post a Comment