ပြည်သူများ၏သိပိုင်ခွင့်ကိုပါခြိမ်းခြောက်လာသော ၆၆(ဃ)
၆၆(ဃ)ပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှုကို ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ−နစ်ကီ)
လက်ရှိ ဒီချုပ်အစိုးရကာလအတွင်း ကိန်းဂဏန်းအချက်အလက်တစ်ခုမှာ စိုးရိမ်ဖွယ်ရာမြင့်တက်လာခဲ့သည်။ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ကို ကန့်သတ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့် သက်ဆိုင်သည့် ကိန်းဂဏန်းများဖြစ်သည်။
လက်ရှိအစိုးရလက်ထက်တွင် ၆၆(ဃ)ဖြင့် တရားရုံးတင်တရားစွဲဆိုခံရသည့်အမှု ၆၁ မှုရှိလာသည်။ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်အတွင်း ယင်းပုဒ်မဖြင့် တရားစွဲဆိုသည့်အမှုခုနစ်မှုသာရှိခဲ့ခြင်းနှင့် နှိုင်းယှဉ် လိုက်လျှင် တစ်နှစ်ကျော်အတွင်း အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်ဟု ဆိုနိုင်သည်။ ကိုးဆခန့်အထိ မြင့်တက်လာခြင်းဖြစ်သည်။
၆၆(ဃ)ဖြင့် တရားစွဲသည့် အမှု ၆၈ မှုတွင် သတင်းမီဒီယာ သမားများကို တရားစွဲဆိုသည့် အမှုများလည်းပါဝင်ရာ မီဒီယာလောကအတွင်း ရိုက်ခတ်မှုများစွာရှိလာသည်။ အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် ယင်းဥပဒေပုဒ်မမှာ အာမခံမရနိုင်သည့် ပုဒ်မဖြစ်ပြီး တရားစွဲဆိုတိုင်ကြားခံရလျှင်ပင် အချုပ်နှင့်ထောင်ဒဏ်ကျခံရန် သေချာသလောက် ရှိနေ၍ဖြစ်သည်။
လတ်တလော မီဒီယာလောကတွင် ၆၆(ဃ)ဖြင့် တရားစွဲခံရမှုသည် သရော်စာဆောင်းပါးတစ်ပုဒ်ကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဆိုကာ The Voice သတင်းစာအယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ကို ဇွန်လ ၂ ရက်တွင် ဖမ်းဆီးထားသည်။
အထူးသဖြင့် ယင်းပုဒ်မဖြင့် အချိန်မရွေး တရားစွဲဆိုခံရနိုင်သည်ဆိုသော ဖိအားကြောင့် ဆောင်းပါးများ ရေးသားရာတွင် လွတ်လပ်မှုများကျဆင်းလာပြီး Self Censorship ဟုခေါ်သည့် ကိုယ်တိုင်စိစစ်ဖြတ်တောက်ရေး သားနေရသည့် အဖြစ်သို့ ရောက် လာပြီလားဆိုသည်မှာ မေးခွန်းတစ်ရပ်ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုလျှင် လွတ်လပ်စွာ ရေး သားခွင့်ဆုံးရှုံးသည်နှင့်အတူ ပြည်သူလူထု၏ သိမြင်ပိုင်ခွင့်ဆုံးရှုံးလာနိုင်၍ ဖြစ်သည်။
‘‘ကိုယ်တိုင်က ဆောင်းပါး ရှင်တစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် စာရေးဖို့အတွက် အင်မတန်လက်တွန့်အောင် ပြုလုပ်စေတယ်။ တစ်နည်းအားဖြင့် ပြောရရင် အကြောက်တရားဟာ တစ်ယောက်ပြီးတစ်ယောက်ဆီမှာ ကူး စက်စေတယ်’’ ဟု ရန်ကုန်သတင်း စာပညာကျောင်းမှ သတင်းစာဆရာဦးရဲနိုင်မိုးက ဆိုသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန် ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်ဩဇာသုံးခြင်း (သို့ မဟုတ်)ခြိမ်းခြောက်ခြင်းတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ထောင်ဒဏ်သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချ မှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့အပြင် ယင်းပုဒ်မသည် အာမခံမပေးသော ပုဒ်မလည်းဖြစ်သည်။
အယ်ဒီတာချုပ်နှင့်ဆောင်းပါးရှင် တရားစွဲဆိုခြင်းခံရသည့် The Voice Dailyသတင်းစာတိုက်ကိုတွေ့ရစဉ် (ဓာတ်ပုံ−သိန်းဇော်/အေပီ)
သတင်းဌာနကြီးများမှ တာဝန်ရှိသူကို ယင်းဥပဒေပုဒ်မဖြင့် တရားစွဲဆိုလာသည့် နောက်ဆက်တွဲအကျိုးဆက်အဖြစ် သတင်းဌာနအချို့၌ပင် ရေးသားမှုများ တွန့်ဆုတ်လာသည်ဟု မြင်မိကြောင်း Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောသည်။ ၎င်းကိုယ်တိုင်ပင် မဘသဦးဆောင်ဆရာတော် ဦးဝီရသူနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ရေးသားချက်အချို့ကြောင့် ဆရာတော်၏ တပည့်တစ်ဦးက ၆၆(ဃ)ဖြင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။
‘‘၆၆(ဃ)ကြောင့် ဘယ်လိုအကျိုးဆက်ဖြစ်လာသလဲဆိုရင် Eleven, The Voice, Myanmar Now မှာဆိုရင်လည်း အစ်ကိုကိုယ်တိုင်ကြုံတွေ့ရတာတွေရှိတယ်။ တော်တော်များများ အတိုင်းအတာတစ်ခုအထိ တွန့်ဆုတ်နေတာ လည်း တွေ့နေရတယ်။ မေးခွန်းထုတ်သင့်တာတွေ မေးဖို့တွန့်ဆုတ်လာတယ်။ ရေးသင့်တာတွေ ရေးဖို့အတွက် တွန့်ဆုတ်လာတယ်။ သတင်းဌာနတွေမှာ အတိုင်းအတာတစ်ခုအထိ တွေ့ကြုံ နေရတယ်’’ ဟု ကိုဆွေဝင်းက ပြောသည်။
တပ်မတော်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဘာသာရေးဆိုင်ရာလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသတိထားရေးသားလာရကြောင်း ကို ဆွေဝင်းက ပြောသည်။
‘‘အခုလို သတင်းစာအယ်ဒီ တာနဲ့ဆောင်းပါးရှင်ကို ၆၆(ဃ) နဲ့ဖမ်းတော့ လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်စွာပြောဆိုရေးသား ခွင့်ကိုစံနမူနာပြရမယ့် သတင်းစာတွေ ကိုယ်တိုင်က အနည်းငယ် နောက်တွန့်သွားတယ်။ ကိုယ့်အ ရေးအသားတစ်ခုဟာ အများနှစ် သက်လက်ခံသည့်တိုင် တစ်စုံတစ် ဦးမနှစ်မြို့တာနဲ့ တရားစွဲခံရမလို ဖြစ်နေတော့ ဘယ်သူက မရွံ့ တမ်း၊ မဆုတ်တမ်း ရေးသားဝေဖန် ရဲတော့မလဲဗျာ။ နောက်ကျော မလုံတော့ဘူးပေါ့’’ ဟု သရော်စာ ဆောင်းပါးများရေးသားသူ ကို ၀င်းဇော်လတ်က ပြောသည်။
နိုင်ငံရေးဆောင်းပါးများရေးသားသူ ဒေါက်တာရန်မျိုးသိမ်းကလည်း သတင်းစာ၊ဂျာနယ်များတွင် ရေးသားဖော်ပြသည့် အ ကြောင်းများ၌ မမှန်မကန်စွပ်စွဲရေးသားမှုများကို ဥပဒေကြောင်းအရ အသေရေဖျက်မှုဖြင့် တရားစွဲဆို အရေးယူနိုင်သော်လည်း ပိုမိုပြင်း ထန်သည့် ၆၆(ဃ)ဖြင့် တရားစွဲဆိုနေခြင်းသည် လွတ်လွတ်လပ်လပ်နှင့် မှန်မှန်ကန်ကန်ရေးသား နေမှုများကို ပိတ်ပင်သွားနိုင်သည့် အနေအထား တွေ့မြင်နေရကြောင်း ပြောသည်။
သတင်းဌာနများကို တရားစွဲ ဆိုရာတွင် သတင်းစာ၊ ဂျာနယ်စာမျက်နှာများ၌ ရေးသားဖော်ပြသည့် သတင်း၊ ဆောင်းပါးများကို ဦးတည်စွဲဆိုခြင်းမပြုဘဲ ယင်းသတင်းများကို အွန်လိုင်းတင်သည့်အခါကျမှ ၆၆(ဃ) ဖြင့် တရားစွဲမှုများပြုလုပ်လာခြင်း ဖြစ် သည်။ သတင်းဆောင်းပါးများ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မကျေနပ်မှု၊ နစ်နာမှုရှိပါက ရာဇ သတ်ကြီးပုဒ်မများ၊ သတင်းမီဒီ ယာဥပဒေပုဒ်မများဖြင့် တရားစွဲ ဆိုနိုင်သော်လည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်သာတရား စွဲဆိုမှုများလည်း များပြားလာ သည်။
‘‘ဒီပုဒ်မက ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်။ ရဲကနေဒါကို လက်ခံဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ တရားရုံးရောက်ရင်လည်း အာမခံပေးလို့မရတဲ့အမှုဖြစ်တဲ့အတွက်၊ အလွယ်တကူအပြစ်ပေးလို့ရတဲ့အတွက် ဒါကိုသုံးစွဲနေတယ်လို့ မြင်တယ်’’ဟု ကိုဆွေဝင်းက ပြောကြားသည်။
အဆိုပါဥပဒေပုဒ်မကြောင့် ဆောင်းပါးများရေးသားရာတွင် ဖိ အားဖြစ်လာပြီး ရှောင်ရှားရေးသား ရသဖြင့် စာရေးသားမှုကို ထိခိုက်လာကြောင်း သတင်းဌာနများ အတွက် ပြင်ပမှ ဆောင်းပါးများ ရေးသားပေးနေသည့် ဆောင်းပါး ရှင်များက ပြောသည်။
ထို့ကြောင့် ရေးသားတင်ပြ လိုသည့်အကြောင်းအရာ အတိအ ကျကို စာဖတ်ပရိသတ်များထံ တင်ပြနိုင်မှုအားနည်းလာကြောင်း သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများရေးသားသူ ကိုအောင်အောင်(IR) က ပြောသည်။
‘‘ကိုယ်ရေးသားမယ့် အ ကြောင်းအရာတွေကို တွေးကတည်းက သတိထားရမယ့် အ ချက်တွေကိုပါ ထည့်စဉ်းစားရ တော့ တကယ်စစ်မှန်တဲ့၊ကိုယ်ပေး ချင်တဲ့ အကြောင်းအရာကို မပေး နိုင်တော့ဘူး။ ကျွန်တော့်အနေနဲ့ ဒီလိုခံစားမှုမျိုးတော့ ဖြစ်မိတယ်။ တစ်ခါတလေရေးဖို့ စိတ်ထဲမှာ မပါတော့ဘူးဖြစ်သွားတယ်။ အခု ဆို ကိုယ်အရင်ကရေးခဲ့ဖူးတာတွေ အပေါ်မှာတောင် စိုးရိမ်စိတ်တွေ ဖြစ်မိတယ်’’ ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ဥပဒေပုဒ်မတစ်ရပ်၏ ဖိအားကြောင့် သတင်းစာဆရာ များက ထိန်းသိမ်းရေးသားလာ ခြင်း၊ ရှောင်ရှားရေးသားလာခြင်းများမှာ ဆုတ်ယုတ်မှုကိုဦးတည်စေကြောင်း သရော်စာဆောင်းပါးများ ရေးသားသူ ကိုစိုပြေက ပြောသည်။
‘‘သတင်းစာဆရာ၊ စာရေး ဆရာတွေထဲမှာလည်း အခုလိုမျိုးကိစ္စတွေကြောင့် ကြောက်တဲ့သူတွေ ကြောက်ကုန်ကြမှာပေါ့လေ။တချို့ကလည်း အေးအေးဆေး ဆေး နေချင်ကြသူတွေ မဟုတ်လား။ သူတို့ရေးတဲ့စာတွေကို ထိန်းရေးကုန်မယ်။ တချို့မပြောမ ဆိုဖြစ်မယ်။ ဒါတွေဟာ တိုးတက်မှုကိုဦး မတည်ဘူး။ ဆုတ်ယုတ်မှုပဲ’’ ဟု ကိုစိုပြေကဆိုသည်။
ယခုအစိုးရလက်ထက်များ ပြားလာသည့် ၆၆ (ဃ) အမှုများထဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်စပ်သည့် အမှုများ၊ အာဏာရဒီချုပ်ပါတီ၏ ထိပ်ပိုင်းပါတီဝင်များက စွဲဆိုသည့်အမှုများ အများအပြားပါဝင်နေခြင်းက သတင်း စာဆရာများအတွက် သတင်းလွတ်လပ်ခွင့်ကို ပိုမိုစိုးရိမ်စေ သည်။
ဆက်သွယ်ရေးဥပဒေဆိုင် ရာသုတေသနအဖွဲ့မှ ထုတ်ပြန် သည့် အချက်အလက်များအရ ဇွန်လ ၅ရက်အထိ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှု ၆၈ မှုရှိသည်။ လက် ရှိအစိုးရလက်ထက်တွင် တရားရုံး ၌ တရားစွဲဆိုခံရသည့် အမှု ၆၁ မှုရှိပြီး ပြစ်ဒဏ်ချမှတ် ပြီးအမှု ၁၁ မှု၊ လတ်တလောအာမခံချက်မရရှိ ဘဲ အချုပ်ကျနေသည့် အမှု ခုနစ်မှုရှိသည်။ ယင်းအမှုများတွင် တပ်မ တော်က တရားစွဲဆိုသည့်အမှု ခုနစ် မှု၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ကြား လူများက တရားစွဲသည့်အမှု ရှစ်မှုနှင့်ဒီချုပ်ပါတီက တရားစွဲသည့် အမှုခြောက်မှုပါဝင်သည်။
‘‘ဒီပုဒ်မကို မြန်မြန်မပြင်ရင် အခုအစိုးရဟာ အဲဒီပုဒ်မကိုလက်ကိုင်တုတ်သဖွယ်သုံးရင် အာဏာရှင်ဖြစ်သွားမှာတောင် စိုးရိမ်မိတယ်’’ ဟု ကိုစိုပြေက မှတ်ချက်ပြုသည်။
အမှန်တကယ်ဒီမိုကရေစီ ခေတ်သို့ပီပီပြင်ပြင်ရောက်သည့် နိုင်ငံတွင် ယခုကဲ့သို့ သတင်းစာဆရာများကို တရားစွဲခြင်းများမှာ မရှိသင့်ကြောင်း စာရေးဆရာ မောင်သာချိုကဆိုသည်။ ယခင်ပါလီမန်ဒီမိုကရေစီခေတ်က ဝန်ကြီး ချုပ်ဦးနုကို သတင်းစာဆရာများကထောက်ပြရေးသားမှုများ အများအပြားရှိသော်လည်း တရားစွဲဆိုအရေးယူမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့်လက်ရှိအစိုးရလက်ထက်တွင် ၆၆ (ဃ) က ဖိအားပေးမှုမှာ တစ်နှစ်ကျော်အတွင်း သိသိသာသာမြင့်မားလာပြီး သတင်းလွတ်လပ်ခွင့်ဆုံးရှုံးလာကြောင်း ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် အစိုးရ လက်ထက်တွင် မဖြစ်သင့်သည့်အ ကြောင်းအရာဖြစ်ကြောင်း ၎င်းက ဆိုသည်။
၆၆ (ဃ) ကြောင့်ထိန်းသိမ်း ရေးသားလာလျှင် စာဖတ်သူ ပြည် သူများ၏ သိပိုင်ခွင့်ဆုံးရှုံးလာပြီး လွတ်လပ်၍ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကို အခက်အခဲ ဖြစ်ပေါ်စေကြောင်း ဒေါက်တာရန်မျိုးသိမ်းကဆိုသည်။ ယင်းမှာ ဒီမို ကရေစီဖော်ဆောင်ရေးကို အဟန့် အတားဖြစ်စေကြောင်း ၎င်းက ထောက်ပြသည်။
သတင်းစာဆရာများ၏ ထုတ်ဖော်ရေးသားမှုများ ဆုတ်ယုတ်လာလျှင် အာဏာရှိသူများ ကို စိတ်တိုင်းကျအုပ်ချုပ်လုပ်ကိုင် ခွင့်ပြုလိုက်သည့် သဘောဖြစ်နေ ကြောင်း သတင်းစာဆရာဦးရဲနိုင် မိုးကပြောသည်။
‘‘တကယ်တမ်းက သတင်းစုံစမ်းထောက်လှမ်းမှုကို ဒီတိုင်းပြည်မှာ အခုမှစတင်မိတ်ဆက်တဲ့အဆင့်ပဲရှိသေးတယ်။ ဒီလောက်ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေရရင် ပြည်သူတွေအတွက် အမှန်တရား တွေကို ကျွန်တော်တို့ ဘယ်လို ဖော်ထုတ်ရဲတော့မလဲ။ ဒီတော့ အကျိုးကျေးဇူးကဘာလဲဆိုတော့ အာဏာရှိတဲ့သူတွေကပဲ လူ့အဖွဲ့အစည်းထဲမှာ သူတို့အုပ်ချုပ်ချင်သလို အုပ်ချုပ်မယ်။ သူတို့ပြုမူချင်သလို ပြုမူဆောင်ရွက်ခွင့်ကို ပေး လိုက်တဲ့သဘောပဲ။ ပြည်သူတွေက သိခွင့်မရှိတော့ဘူးလေ’’ ဟု ၎င်းကဆိုသည်။
သို့သော်သတင်းစာဆရာအများစုသည် မကြောက်မရွံ့သူများ ဖြစ်၍ ပြောသင့်၊ ရေးသင့်သည်များကို ရေးနေဦးမည်ဖြစ်ပြီး ပို၍ပင် ရေးသားထောက်ပြလာနိုင် ကြောင်းကို ကိုစိုပြေကပြောသည်။
၆၆ (ဃ) ကိုပြင်ဆင်ရန်တာဝန်ကို ဥပဒေပြုလွှတ်တော်အမတ်များကလည်း ပျက်ကွက်နေကြောင်း ကိုဝင်းဇော်လတ်က ထောက်ပြပြောကြားသည်။
‘‘၆၆ (ဃ) ကြောင့်သတင်း စာဆရာတွေရေးစရာရှိတာ မရေးရဲရင် သတင်းစာဆရာတွေရဲ့ ပျက်ကွက်မှုပဲ။ ၆၆ (ဃ) ဟာဖျက်သိမ်းသင့်ပါလျက်နဲ့ အမြန်မဖျက်သိမ်းရင် အဲဒါဒီနေ့လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ ပျက်ကွက်မှုပဲ’’
Ref ; 7daydaily
Post a Comment