Header Ads

သက်​ငယ်​မုဒိမ်းမှုကို​သေဒဏ်​​ပေးပါ



 

ဒေါသထွက်နေတဲ့ အစ်ကိုတွေရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ လက်ပြန် ရိုက်ချက်ကြောင့်အခန်းထောင့်မှာသူခွေ လျက်သားပုံကျသွားတယ်။

အစ်ကိုနှစ်ယောက်က တစ်ယောက် တစ်လှည့်စီ သူ့ကိုစိတ်ရှိလက်ရှိ ရိုက်နှက် နေတော့ သူ့အမေက ပိန်ပါးပါးခန္ဓာကိုယ်နဲ့ သူ့ကိုယ်လုံးပေါ် အုပ်မိုးပေးရင်း မျက်ရည်တွေကျရက် သူ့ရဲ့အရှေ့ကနေ ကာလိုက်ပါတယ်။ ပါးစပ်ကနေ “ငါ့ကိုပဲ သတ်လိုက်ပါတော့၊ ငါအထိန်းမတတ်ခဲ့လို့˘ဆို ပြီး ငိုနေခဲ့တယ်။ အဲသည်နေ့ကို သူအခုအထိ မမေ့နိုင်သေးပါဘူး။

လွန်ခဲ့တဲ့ ၁၈နှစ်ကျော်က ဆောင်းတွင်းကာလတစ်ခုမှာ ခုနစ်တန်းကျောင်း သူဖြစ်တဲ့သူဟာ ကျူရှင်တက်ပြီး တစ်ဦးတည်းပြန်လာခဲ့ပါတယ်။ အခါတိုင်းဆိုရင် သူ သည် လမ်းက ပြန်နေကျမဟုတ်ပါဘူး။ အိမ်ကို အမြန်ပြန်ရောက်ချင်တဲ့စိတ် ကြောင့် လူပြတ်တဲ့လမ်းက ပြန်လာမိခဲ့ တာပါ ။ ဘေးနားက စူးရှတဲ့အနံ့တစ်ခု ရတာကြောင့် သူကြည့်မိလိုက်တဲ့ အချိန်မှာပဲ အမျိုးသားနှစ်ဦးက ကြမ်းတမ်းစွာနဲ့ ဘေးတစ်ဖက်တစ်ချက်စီ ဆွဲခေါ်သွားတာကိုပဲ သူနောက်ဆုံးမှတ်မိလိုက်ပါတယ်။

နောက်တစ်ရက် မနက်ခင်းအချိန်မှာ တော့ သတိဝင်စဖြစ်နေတဲ့သူ့ကို ရှမ်းပြည် နယ်အတွင်း သူတို့မြို့လေးရဲ့ လူခြေပြတ်တဲ့ မြို့စွန်နေရာမှာ ပစ်ထားခဲ့ပါတယ်။ မနက်ခင်း လမ်းလျှောက်ထွက်လာတဲ့ လူတစ်စုက စတင်တွေ့ရှိခဲ့တာကြောင့် ရပ်ကွက်လူကြီးတွေကတစ်ဆင့် အိမ်ပြန်ရောက်ခဲ့တာပါ။

သူဆေးရုံပေါ် ရောက်နေချိန်မှာ သည် သတင်းကိုကြားလိုက်တဲ့ ကျောင်းအုပ် ဆရာမကြီးက သူ့ကို ကျောင်းကနေထွက်ဖို့ သူ့အမေကို ကျောင်းထွက်လက်မှတ်ပေးခဲ့ပါတယ်။

သူ့သူငယ်ချင်း မိဘတွေကလည်း သူနဲ့မပေါင်းဖို့ မှာကြားနေတာကို သူသိ လိုက်ရတဲ့ အချိန်မှာ သူအားငယ်ဝမ်းနည်းစွာ ငိုကြွေးခဲ့ဖူးတယ်လို့ ပြန်ပြောပြတယ်။

ကျူးလွန်ခဲ့တဲ့ သူတွေကို ရဲစခန်းမှာ အမှုဖွင့်ဖို့ထက်လူတွေ သည်သတင်းကြား မှာစိုးလို့ ဇာတိမြေကနေ ဝေးတဲ့တစ်နေရာ မှာ ဇာတ်မြှုပ်ပြီး နေထိုင်ဖို့သာ ဆွေမျိုးတွေကလည်း ဖိအားပေးခဲ့တယ်လို့ ငယ်စဉ်က မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ မသက်မွန် (အမည်လွှဲ)က ပြောပြတယ်။

သူက ‘အခု ကျွန်မကိုချစ်နေတဲ့သူရှိ တယ်၊ ပြန်မကြိုက်ရဲတဲ့ဘဝ ၊ ကိုယ့်ဟာ ကိုယ် သတ်သေဖို့ကြိုးစားခဲ့တာ မအောင် မြင်ခဲ့လို့ ဒီချိန်အထိ အသက်ရှင်နေတာ˘လို့ ပြောရင်းနဲ့ပဲ စကားမဆုံးခင်  ပါးပြင်ပေါ် မျက်ရည်စတွေ ကျလာပါတယ်။ အဲသည် အချိန်က အစ်ကိုနှစ်ယောက်ရဲ့ ရိုက်နှက် တဲ့ မျက်ခုံးပေါ်က ဒဏ်ရာဟာ သူ့အတွက် သည်လိုကျူးလွန်ခံခဲ့ရဖူးတယ်ဆိုတာ မမေ့နိုင်တဲ့ သေရာပါ ဒဏ်ရာတစ်ခုပါပဲ။ မှန်ကြည့်လိုက်တိုင်း ဒဏ်ရာကိုမြင်ရင် အနာဟောင်းကို တုတ်နဲ့ ပြန်ဆွသလို ခံ စားရတယ်လို့ ဆိုတယ်။

ပြစ်ဒဏ်တိုးမြှင့်ပါ

အရင်ကတော့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူ အများစုဟာ ရှက်လို့ ရဲစခန်းကို မတိုင်ကြားကြဘဲ သည်အတိုင်း ပြီးသွားခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ တော့ ကျူးလွန်ခံခဲ့ရသူရဲ့ မိဘတွေကိုယ်တိုင် ရဲစခန်းမှာ တိုင်ကြားကြပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ချမှတ်တဲ့ပြစ်ဒဏ်တွေ နည်းပါးနေတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအတွက် လက်ရှိအချိန်အထိ အများဆုံးထောင်ဒဏ် ကခုနစ်နှစ်သာ ကျခံနေကြတာကြောင့် လူတွေ မကြောက်ကြတာလို့ တရားလွှတ် တော်ရှေ့နေ ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုပါတယ်။

သူက’ကျူးလွန်သူတွေကို သေဒဏ် ပေးပြီး လူ့အဖွဲ့အစည်းကနေ ထုတ်လိုက်တာ အကောင်းဆုံးပဲ”လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ကျခံနိုင်တဲ့ ဥပဒေကြမ်းကို ဦးသိန်းညွှန့်က ပြီးခဲ့တဲ့ လွှတ်တော်သက် တမ်းငါးနှစ်အတွင်း လွှတ်တော်မှာ သုံး ကြိမ်တိုင်တိုင် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့ တာပါ။ အဲသည်အချိန်တုန်းက မအောင် မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ သက်ငယ်မုဒိမ်းမှု ကျူး လွန်ခံခဲ့ရသူတွေထဲမှာ အသက်နှစ်နှစ်အရွယ်ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေထဲမှာ အများအားဖြင့် ဆွေမျိုးတော်စပ်သူ၊ အိမ်နီးနားချင်း၊ ကျောင်းဆရာ ၊ အသက်မ ပြည့်သေးတဲ့ ကလေးငယ်အချို့ပါ ပါဝင် နေတယ်လို့ မှတ်တမ်းတွေအရ သိရပါ တယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူတွေဟာ ပြစ်ဒဏ်တစ်နှစ်၊  နှစ်နှစ်လောက်ကျပြီး ပြန်လည်လွတ်မြောက်လာတာတွေ၊ နိုင်ငံတော်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက် လာတာကို မြင်ဖူးတယ်လို့ ရှေ့နေဦးရော ဘတ်စန်းအောင်က သူ့ရဲ့အတွေ့အကြုံ ကို ပြောတယ်။

သူက’ပြစ်ဒဏ်များများ ချရင်ချ၊ မချ ရင် သေဒဏ် ပေးသင့်တာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း ဧရာဝတီတိုင်းအတွင်းမှာ   ရှစ်တန်းကျောင်းသူနှစ်ဦးကို အဓမ္မပုကျင့်တဲ့ ကျောင်းဆရာကို ဖမ်း ဆီးအရေးယူပေးဖို့ မိဘတွေက ရဲစခန်းမှာ တိုင်ကြားပါတယ်။

ကူညီဖေးမပါ

အသက်၁၄နှစ်အရွယ် မမိုးမိုး(အမည်လွှဲ)ကို မိဘတွေက မန္တလေးတိုင်းအတွင်း မှာရှိတဲ့ ဘက ကျောင်းတစ်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားအဖြစ် နေထိုင် စေပါတယ်။ ကျောင်းတက်နေချိန်မှာပဲ မုဒိမ်းကျင့်ခံခဲ့ရတာကြောင့် ကိုယ်ဝန်ရတဲ့ အချိန်မှာမှ မိဘတွေ သိရှိသွားခဲ့တာပါ။

မိဘတွေကတော့ အသက်ငယ်ရွယ်သေးပြီး နွမ်းပါးတာကြောင့် ကလေးကို မမွေးစေချင်ပါဘူး။ ရရှိထားတဲ့ကိုယ်ဝန်က ဖျက်ချလို့မရတဲ့အဆင့် ရောက်နေတာ ကြောင့် ဆေးရုံတက်ပြီး ကလေးကို မွေးဖွားခဲ့ရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူကတော့ ထောင် ကျသွားပါပြီ။ ကောင်မလေးကတော့ အခု ချိန်အထိ ဆေးရုံတက်နေရဆဲဖြစ်ပြီး မွေးလာတဲ့ ကလေးကလည်း ကျန်းမာရေးမ ကောင်းတာကြောင့် လူမှုကူညီရေးအ သင်းတွေက ဝိုင်းပြီးစောင့်ရှောက်ထားရတယ်လို့ ကူညီပေးနေတဲ့ ကိုဝမ်းက ပြောပါတယ်။

သူက’မိဘတွေကတော့ ဆင်းရဲနွမ်းပါးတော့ မွေးလာတဲ့ကလေးကို မွေးစားဖို့ ပေးချင်တာ၊ ကောင်မလေးကတော့ မိခင် ဆိုတော့ ကလေးကိုချစ်တာပေါ့၊ မပေးချင် ဘူးလေ”လို့ လက်ရှိ သူကူညီပေးနေတဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံခဲ့ရတဲ့ ခုနစ်တန်းကျောင်းသူ အကြောင်းကိုပြန်ပြောပြပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့အဖြစ်တွေက တစ်နိုင်ငံလုံး နေရာအနှံ့ ဖြစ်ပွားနေတာကြောင့် သမီးမွေးထားတဲ့ မိခင်တွေက စိုးရိမ်နေကြပါတယ်။

တာမွေမြို့နယ်မှာ အင်္ဂလိပ်စကား ပြောသင်တန်းပေးနေတဲ့ ဆရာမခင်သော်တာလင်းက “ပြစ်မှုကျူးလွန်သူကို ပြစ် ဒဏ်ပေးရုံသာမကဘဲ ရပ်ကွက်တွေထဲ မှာ ပညာပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်၊ ပြစ်မှုကျူးလွန်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ကိုယ်တိုင် ပါဝင်နေတာကို တွေ့ဖူးတာ ကြောင့်ပါ”လို့ ဆိုပါတယ်။

သူက’အစ်မသိတဲ့ ပတ်ဝန်းကျင်မှာလဲ တွေ့နေရတာ၊ ကိုးတန်းကျောင်းသား က မူကြိုကျောင်းသူကို ကျူးလွန်တာ၊ ကလေးဆိုတော့ စမ်းတာလဲဖြစ်မှာပေါ့၊ အစ်မဆို သမီးလေးကို ခုကတည်းက ဘယ်လိုပုံစံနဲ့နေရမယ်၊ မသိတဲ့ ယောကျာ်းလေးတွေနဲ့ဆို ဘာတွေ ဖြစ်တတ်တယ်ဆိုတာ ခုကတည်းက သင်ပေး နေတယ်၊ သားကိုလဲ ပြောပြထားတယ်˘လို့ ပြောပါတယ်။

ပိုမိုများပြားလာ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှာ မူကြိုတက်နေတဲ့ အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သည်လအတွင်း မုဒိမ်းကျင့်ခံခဲ့ရပြီး ကျူးလွန်သူဟာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ကလေးငယ်ဟာ ဆီးမသွားနိုင်ဘဲ ဗိုက်ကတစ်ဆင့် ဆီး သွားဖို့ ပိုက်နဲ့ထုတ်ထားရတယ်လို့ သိရတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၅ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ခိုးယူမှုအပါအဝင် အမှု ၁၁၀မှုရှိခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာတော့ နှစ်မကုန်မီ အောက် တိုဘာလအထိ ၁၆၉မှု ဖြစ်ပွားခဲ့တယ်လို့ လွှတ်တော်မှတ်တမ်းတွေအရ သိရပါ တယ်။

သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မှုခင်း အားပေးတဲ့ ညစ်ညမ်းဗီဒီယို၊ လိင်စိတ်ကြွ ဆေးဝါး၊ မူးယစ်ဆေးဝါးတွေကို စီမံချက်နဲ့ ဖမ်းနေတယ်လို့ သိရပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာလည်း လက်ရှိ အချိန်အထိ တင်သွင်းသူ မရှိသေးဘူးလို့ ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်ကတော့ လက်ရှိအချိန်မှာ လွှတ်တော် ကိုယ်စားလှယ် မဟုတ်တော့တဲ့အတွက် သူတင်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဥပဒေကြမ်းကို ဆက်လက်တင်သွင်းမယ့် ပါတီ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးကို ကူ ညီဖို့ အသင့်ရှိတယ်လို့  ပြောတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေကြမ်း ကို ၂၀၁၇ ခုနှစ်မှာ ထွက်ရှိနိုင်ဖို့ လူထု သဘောထားဆန္ဒတွေ နည်းအမျိုးမျိုးနဲ့ရ ယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။

သူက ‘ဒီတိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးသူငယ်တွေရဲ့တန်ဖိုးကို သိဖို့လိုမယ်၊ သူတို့ဘဝရဲ့ လုံခြုံရေးအတွက် ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုတယ်၊ တို့တိုင်းပြည်မှာက အပြောတွေပဲ များနေတယ်၊ လက်တွေ့လုပ်တာ နည်းနေတဲ့ အတွက် တိုင်းပြည်က ကလေးတွေ ကံဆိုးနေတယ်လို့ပဲ ပြောရတော့မယ်”လို့ လက်ရှိ ဖြစ်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ အမြင်ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု  ကျူးလွန်သူကို အာမခံပေးပြီး လွှတ်ထားတာ၊တိုင်ကြားခဲ့ရင်လည်း ချက်ချင်းမဖမ်းတာတွေက ကျူးလွန်သူတွေ ထွက်ပြေးအောင် အချိန်ပေး လိုက်သလို ဖြစ်နေတယ်လို့ ကူညီပေးနေ သူတွေက ထောက်ပြပါတယ်။

စက်တင်ဘာလအတွင်းကလည်း ရန်ကုန်၊ ကမာရွတ်၊ လှည်းတန်းက ကိုး တန်းကျောင်းသူကို အချိုရည်ထဲ ဆေးဝါး တစ်မျိုးခတ်ပြီး တည်းခိုခန်းကိုခေါ်ပြီး အဓမ္မကျင့်သူကို ဖမ်းဆီးထားပေမဲ့ သည် ပြစ် မှုကျူးလွန်တဲ့ အထဲမှာ ပါဝင်တဲ့သူတွေကို မဖမ်းတာဟာ ရဲတွေအမှုတည်ဆောက် တဲ့နေရာမှာ အားနည်းနေတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဝေဖန်ပါတယ်။

လက်ရှိ ကျူးလွန်သူကို ဖမ်းဆီးထား ပြီး တရားရုံးမှာ တရားရင်ဆိုင်နေရဆဲ ဖြစ် ပါတယ်။ ကျူးလွန်ခံခဲ့ရတဲ့ ကလေးရဲ့ မိခင်ဖြစ်သူကတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျဖို့ အဆင့်ဆင့် အယူခံဝင်မယ်လို့ ဆိုပါတယ်။

ကျူးလွန်ခံခဲ့ရတဲ့ ကိုးတန်းကျောင်း သူဟာ ကျူးလွန်ခံရပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ခံစားနေရတယ်လို့ ဆိုပါတယ်။ အရင်လို မဟုတ်ဘဲ စိတ်မရှည်တာ၊ မိခင်ကို ပြန်အော်ပြောတာ၊ တစ်ခါတစ်ရံ ငြိမ်သက်နေတာတွေကြာင့် ဆေးခန်းကို အပတ်စဉ်ပြနေရတယ်လို့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းချိုက ပြောတယ်။

ခွင့်မလွှတ်နိုင်

သူက’ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ် များများ ချပေးပါ၊ ခွင့်လွှတ်ပေးလို့ မရဘူး၊ ဒီလိုလူမျိုးတွေက ထွက်လာတဲ့အချိန် အခြားကလေးတွေအတွက် အန္တရာယ်ရှိနိုင်တယ်၊ အန်တီကတော့ ပြစ်ဒဏ်များ များ ချပေးဖို့ အဆင့်ဆင့် အယူခံဝင်မယ်၊ လုံးဝမကျေအေးပေးဘူး”လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု များတာဟာ ညစ် ညမ်းဗီဒီယိုကားတွေ၊ လိင်စိတ်ကြွဆေးတွေ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်တာများ တယ်လို့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဗိုလ် မှူးကြီး တင်အောင်ထွန်းက ပြောကြောင်း သိရပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံခဲ့ရတဲ့ မိသားစုတွေက  အမိန့်မချမချင်း တရားရုံး ကို သွားနေရတာကြောင့် အလုပ်အကိုင် ပျက် ၊ အချိန်ကုန်ပါတယ်။ အမှုကို မြန်မြန် ပြီးပြတ်အောင် တရားသူကြီးတွေက ဆောင်ရွက်ပေးစေချင်တယ်လို့ အမှုရင် ဆိုင် နေရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မော်လမြိုင်မြို့မှာ ဖြစ်ခဲ့တဲ့ အသက် သုံးနှစ်အရွယ် ကလေးငယ်ကို အသက် ၇၀ အရွယ် အိမ်နီးချင်းအမျိုးသားတစ်ဦးက အဓမ္မကျင့်မှုမှာ တရားရင်ဆိုင်နေရတာ တစ်နှစ်ကျော် ကြာနေပါပြီ။ ကျူးလွန်သူ ကို ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်နဲ့ အာမခံပေးထားတယ်လို့ သိရတယ်။ အခုချိန်အထိ ပြစ်ဒဏ်ကျခံရတာ မရှိသေးဘူးလို့ ကျူးလွန်ခံခဲ့ရသူ ကလေးငယ်ရဲ့ အဘိုးဖြစ်သူ ဦးငွေဘော်က ပြောပါတယ်။

သူက’ကျူးလွန်သူကို လွှတ်ထားတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ရင်မော နေ ရတယ်၊ ကလေးကိုလဲ မူကြို ကျောင်းပေး မတက်တော့ဘဲ အိမ်မှာပဲ ထားရတယ်၊ ကလေးကို တစ်ခုခုလုပ်မှာစိုးရိမ်လို့ ရုံး ချိန်းခဏခဏသွားနေရတာကြောင့် စီး ပွားရေး ပျက်နေပြီလို့တောင် ပြောလို့ရ တယ်˘လို့ လက်ရှိကြုံနေရတဲ့ အခက်အခဲ ကို ပြောပြပါတယ်။

အသက်ငယ်ရွယ်တဲ့ ကလေးတွေအတွက် ကျူးလွန်ခံရတာကို တရားရုံးတွေမှာ ပြန်လည်ရှင်းပြရတာ ပြဿနာမဟုတ် ပေမဲ့ အပျိုဖော်ဝင်စအရွယ်တွေကတော့ ကျူးလွန်ခံခဲ့ရတာတွေကို ရဲစခန်းတွေ၊ ရပ်ကွက်ရုံးတွေက အမျိုးသားတွေရဲ့ အရှေ့မှာ ပြန်လည်ရှင်းပြရတာ ရှက်စိတ်ကြောင့် မတိုင်ကြားချင်ကြဘူးလို့ ကူညီ ပေးနေသူတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ကလေးသူငယ် အခွင့်အရေးတွေကို ကူညီပေးနေတဲ့ ဒေါ်အမာနီ က မြန်မာလူမျိုးတွေ အသက်နဲ့အရှက်တောင် လဲရဲတယ်ဆိုပြီး အရင်ကတည်း က ပြောကြတယ်။ ပြစ်မှုကျူးလွန်ခံခဲ့ရရင်တောင် ထိန်ချန်တာတွေ ရှိခဲ့တာတွေက သည်ဘက်ခေတ်မှာတော့ ပွင့်လင်းစွာ ပြောပြစေချင်တယ်။ ဒါမှ အမှုမှန်ကို ဖော် ထုတ်လို့ရမှာလို့ သူ့အမြင်ကို ပြောပါ တယ်။

သူက’အရှက်ရတာတော့ အမှန်ပဲလေ၊ အမျိုးသားတွေရဲ့ ရှေ့မှာပြောဆိုရ တာတွေရှိတော့ အမျိုးသမီးကိုမေးရင်တော့ အမျိုးသမီးတရားသူကြီးနဲ့ ဘေးမှာ အမျိုးသမီးသက်သေတွေကို ထားစေချင်တယ်၊ ခုနောက်ပိုင်းရဲစခန်းတွေမှာ အမျိုး သမီးရဲအုပ်တွေနဲ့ စစ်ဆေးနေတာတွေရှိတယ်”လို့ ပြောပါတယ်။

သေဒဏ်တောင်းဆို

မြန်မာပြည်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို စံပြအနေနဲ့ သေဒဏ်ချ မှတ်ပေးမှသာ ပြစ်မှုတွေ လျော့ကျသွားနိုင် မယ်လို့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူတွေက ပြောကြပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ဖို့လည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ ကျေးရွာအချို့ မှာဆိုရင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကိုရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ရွာက ဘုန်းကြီးတွေရဲ့ရှေ့မှာဝန်ခံကတိနဲ့ ပြန်လွှတ်ပေးတာတွေ ရှိတယ်လို့ ဒေသခံတချို့ရဲ့ ပြောကြားချက်အရ သိရ ပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်က ‘မုဒိမ်းမှုဆိုတာ ရပ်ကွက်ရုံးနဲ့ ပြီးလို့မရဘူး၊ ရပ်ကွက်ရုံးမှာ ညှိနှိုင်းတယ်ဆိုတာ မှား နေတယ်၊ ညှိပေးတဲ့သူကိုပါ အရေးယူရ မယ်”လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ရှေ့ဆက်ရမယ့်အနာဂတ် ဘဝအာမခံချက်ရှိဖို့ကို ပြင်ပအကူအညီပေးနေတဲ့ အဖွဲ့တွေအပြင် လူမှုဝန်ထမ်း နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက ဦးဆောင်ပြီး ကူညီပေးသင့်နေပြီလို့ ကလေးသူငယ်တွေရဲ့အရေးဆောင်ရွက် ပေးနေသူတွေက ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့် က “ဖခင်အရင်းဖြစ်သူတွေကိုယ်တိုင် မုဒိမ်းကျင့်ခံရတဲ့ ကလေးတွေဆို လူ့ လောကမှာ ဘယ်လိုဆက်ပြီး ရင်ဆိုင်ရဲမ လဲ၊ ကိုယ့်ကိုယ်ကို မသတ်သေပေမဲ့လဲ သေတဲ့အဖြစ်ကို ရောက်သွားပြီပေါ့၊ အဖွဲ့ အစည်းတွေက စေတနာသန့်သန့်နဲ့ ကူညီ တယ်ဆိုရင်တော့ ကောင်းတာပေါ့”လို့ ပြောတယ်။

မသက်မွန်ကတော့ “ကလေးဘဝက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကို နောက်ကလေးငယ်တွေကို မကြုံစေချင်ဘူး၊ ဒီလိုကျူးလွန်ခံခဲ့ရတဲ့ သူတွေကို ဆွေ မျိုးတွေက ပစ်မထားဘဲ နွေးထွေးစွာ ဆက်ဆံစေချင်တယ်၊ ပြစ်မှုကျူးလွန်သူကိုလဲ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးစေချင်တယ်”လို့ ပြောပါတယ်။

သူက’အဖေက ကျွန်မရဲ့သတင်း ကြားပြီးကတည်းက နယ်စပ်အလုပ်သွားလုပ်တဲ့ နေရာကနေ ပြန်မလာတာ အခုချိန် အထိပဲ၊ ကျွန်မကို မတရားပြုကျင့်တဲ့သူကိုသာအခုချိန်သိခဲ့ရင် ကျွန်မကိုယ်တိုင်သတ်မိမလားပဲ၊ ရှင်နေလျက်နဲ့ သေနေတဲ့ဘဝ မှာ နေလို့လဲ မပျော်ပါဘူး”လို့ ပြောရင်းကျ လာတဲ့ မျက်ရည်တွေကို တစ်ရှူးနဲ့ သုတ် လိုက်ပါတယ်။

Author အေးအေးအောင်

Credit : kumudra


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments