Header Ads

သင့်အပေါ်တစ်စုံတရာဆိုးသွမ်းခြင်း မရှိပါဘဲ အဆက်အသွယ် မလုပ်ဖြစ်တော့သည့် သူငယ်ချင်းတစ်ယောက် ရှိပါသလား။

သင့်အပေါ်တစ်စုံတရာဆိုးသွမ်းခြင်း မရှိပါဘဲ အဆက်အသွယ် မလုပ်ဖြစ်တော့သည့် သူငယ်ချင်းတစ်ယောက် ရှိပါသလား။
========================
လူတိုင်း လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားပြီး အဆက်အသွယ် လုံးဝမရတော့သည့် သူငယ်ချင်းတွေ အနည်းနှင့်အများဆိုသလို ရှိကြပါလိမ့်မည်။ ကျွန်တော့်မှာလည်း ရှိပါသည်။ လက်ရှိအချိန်ထိ သူတို့ ဘယ်ဆီရောက်နေမှန်း ကျွန်တော် မသိ။ သို့သော် ကျွန်တော် အမြဲတမ်း သူတို့အကြောင်း စုံးစမ်းနေသည်။ တချို့ကို ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည်။ တချို့ကိုတော့ ယနေ့အချိန်ထိ မတွေ့ရသေး။

ကျွန်တော်နှင့် ဝေးကွာသွားသော သူငယ်ချင်းများထဲမှ ယနေ့အထိ သတင်းအစအနပင် မရသော သူ တစ်ယောက်ရှိသည်။

သူ့နမည်က သိမ့်သိမ့်အောင်၊
ကျွန်တော်နှင့် ရွယ်တူ
ဘဲဥပုံ မျက်နှာနှင့် နှဖူးပြောင်ပြောင် ကောင်မလေးတစ်ယောက် ...။
မှတ်မိသလောက် ပြောရရင် လွန်ခဲ့သော (၈) နှစ်ခန့်က ...။
ကျွန်တော် (၄) တန်း စတက်ခါစ အချိန် ...။
သူတို့ မိသားစု ရန်ကုန်ကို ပြောင်းတော့မည်ဟု သိလိုက်ရသည်။

သူ့အဖေက အစိုးရ၀န်ထမ်း ဆိုတော့ တာဝန်ကျရာ လိုက်ပြောင်းရခြင်း ဖြစ်သည်။
ထိုနေ့ညနေ ကျောင်းလွှတ်ချိန်သည် သူမကို နောက်ဆုံးတွေ့ခဲ့ရသော အချိန် ဖြစ်သည်။

အဲ့ဒီနေ့ကစပြီး နွေ၊မိုး၊ဆောင်း တစ်လှည့်စီနှင့် နှစ်တွေအလီလီပြောင်းရင်း .. ယခုဆို ကျွန်တော်ပင် တက္ကသိုလ် ပထမနှစ် ကျောင်းသား တစ်ယောက် ဖြစ်နေပြီ။ သူလည်းပဲ တက္ကသိုလ်တစ်ခုခုမှာ ပထမနှစ်ကျောင်းသူ တစ်ယောက် ဖြစ်နေလိမ့်မည်။ ကျွန်တော် သူ့ကို နည်းမျိုးစုံနဲ့ ရှာကြည့်ခဲ့ပြီးပြီ။ သူမ ရှိစဉ်က ပတ်သက်မှုရှိခဲ့သော သူငယ်ချင်းများထံမှလည်း သူမသတင်းအစအန ပင်မရ။ သို့သော် လွန်ခဲ့သော (၄) နှစ်ခန့်က သူတို့ မိသားစု ရခိုင် ရောက်နေသည် ဟု ကြားရသေးသည်။

Facebook တွင် သူမအမည်ကို မြန်မာလိုတစ်နည်း အင်္ဂလိပ်လို တစ်ဖုံ ရိုက်ရှာခဲ့ဖူးသည်။ "သိမ့်သိမ့်အောင်" ဟူသော အကောင့်ပိုင်ရှင်များစွာ၏ မွေးနေ့များကို စစ်ထုတ်ကြည့်ခဲ့ဖူးသည်။ "သိမ့်သိမ့်အောင်" ဟူသော အမည်နှင့် ကျွန်တော့် ရွယ်တူများတွေ့သော်လည်း လွန်ခဲ့သော ရှစ်နှစ်ခန့်က မျက်နှာနှင့် ယခုမျက်နှာ ယှဉ်၍ ရှာရသည်မှာ လွန်စွာ ခက်ခဲလှသည်။ ထိုသို့ရှာဖွေရင်း သူမ Account ထဲရောက်ခဲ့လျှင်တောင်မှ ကျွန်တော် ရုတ်တရက် မှတ်မိနိုင်ပါ့မလား။ လွန်ခဲ့သော (၈) နှစ်က ရန်ကုန်၊ လွန်ခဲ့သော (၄) နှစ် ရခိုင် .... ယခု သူမ ဘယ်မှာရှိနေသနည်း။

ဘုရင့်နောင် မူလတန်း(လွန်) ကျောင်း၏ နှစ်စဉ် ဆရာကန်တော့ပွဲနေ့တိုင်း ကျွန်တော် ကျောင်းရောက်သည်။ ဆရာမများကို သတိရသည် တစ်ကြောင်း သူများ လာမလား ခပ်ရေးရေးမျှော်လင့်ချက်ဖြင့် တစ်ကြောင်း သို့သော် မနှစ်ကအထိ သူ ရောက်မလာခဲ့ပါ။ ယခုနှစ်တော့ မပြောတတ် ...။

တစ်ခါတရံ သူငယ်ချင်းများကြား အကြောင်းအမျိုးမျိုးကြောင့် ယခုလို အဆက်အသွယ် လုံးဝ ပြတ်တောက် သွားတတ်ကြသည်။ တစ်ခါတလေကျ မခေါ်မပြောနှင့် ဆက်သွယ်လို့ ရနေပါလျှက် ဝေးသတဲ့ ဝေးသွားရသူများလည်း ရှိသည်။ အချိန်ကာလ ကြာမြင့်စွာ အဆက်အသွယ် ပြတ်နေသည့် သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့ရခြင်းသည် ကြည်နူး စရာကောင်းလှသည်။ အတိတ်က အမှတ်တရ ဖြစ်ရပ်များစွာကို ပြန်လည်မြင်ယောင်စေသည်။
---------------------------------
သင့်အပေါ်တစ်စုံတရာဆိုးသွမ်းခြင်း မရှိပါဘဲ အဆက်အသွယ် မလုပ်ဖြစ်တော့သည့် သူငယ်ချင်းတစ်ယောက် ရှိပါသလား။ရှိလျှင် ယခု သူ့ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါ။ သင်ပျော်ရွှင်ရပါလိမ့်မည်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
_________________
Morning Magazine အား Like & See First လုပ်ထားခြင်းဖြင့် သုတ၊ ရသ နှင့် လူငယ်ရေးရာဆောင်းပါးများ၊ ၀တ္ထုတိုများ၊ ကဗျာများ ဖတ်ရှုနိုင်နိုင်သည့်အပြင် လစဉ်ထုတ် Morning Magazine (E-Magazine) ကိုလည်း အခမဲ့ Download ရယူ ဖတ်ရှုနိုင်မည်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments