မြန်မာလူငယ်သတင်းစုံသက်ငယ်မုဒိမ်းမှုပပျောက်ရေးပညာပေး ဆောင်းပါး/ဝတ္ထုတိုပြိုင်ပွဲ ပြိုင်ပွဲဝင်ဆောင်းပါး(မောင်သာခို-အိမ်ပြေး)
ပန်းတိုင်းပွင့်၍ပွင့်သောပန်းတိုင်းလန်းပါစေ
ယနေ့ မြန်မာနိုင်ငံတွင် တစ်နှစ်ထက် တစ်နှစ် တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာသော အမူ တစ်ခုရှိပါသည်။ ၄င်းအမှုသည်ကား သက်ငယ်မုဒိမ်းမှုပင်ဖြစ်ပေသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် အခြားနိုင်ငံတကာနှင့် ယှဉ်ပါမူ အစစ အရာရာ နှောင့်နှေးခဲ့ရပါသည်။ လူမှုရေး၊စီးပွားရေး၊ပညာရေး စသည်တို့တွင် အထူးပင် နိုင်ငံတကာနှင့် ကွာဟသည်မှာ သိသာလှပါသည်။ ထိုသို့သော အကြောင်းအရာ များကြောင့်လည်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပေါ်သည်ဟု ထင်မြင်မိပါသည်။
လူမှုရေး-မြန်မာနိုင်ငံသည် ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်သော နိုင်ငံဖြစ်သည့်အလျောက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မား၍ နိုင်ငံသားများမှာ အလွန်တရာမှ အရှက်အကြောက်ကြီးကြပါသည်။ ထိုအချက်သည် အလွန်တရာ ကောင်းသည်ဆိုသော်ငြားလည်း အကောင်းအဆိုး ဒွန်တွဲနေသော လောက ဓမ္မတာ အရ တစ်ဖက်တွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခဲ့ရပေသည်။
ငယ်ရွယ်စဉ်ကလေးဘဝက လိင်နှင့်ပတ်သတ်သော အသိပညာများကို ကလေးသူငယ်များကို မိဘများက သင်ပြပေးခြင်းကို မပြုမူခဲ့ကြပေ။ ယင်းသို့သင်ပြပေးခြင်းသည်ပင်လျှင် ကလေးငယ်များကို အတုယူစေသည်ဟု အယူအဆ လွဲကြပြန်လေသည်။
ကလေးငယ်များ ဦးဏှောက် ဖွံ့ဖြိုးစအချိန် အရာရာကို စူးစမ်းလေ့လာလိုသောအချိန်တွင် မိဘများက အမှန်တရားကို လမ်းပြမပေးနိုင်ခဲ့၍ မိမိကိုယ်တိုင် လေ့လာတွေ့ရှိသော အရာများကို နှလုံးသားဝယ် စွဲမြဲခဲ့ရပေသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာသည်ဆိုရာတွင် ပတ်ဝန်းကျင်မှ ပြောစကားများကို နားထောင်ခြင်း၊ ရုပ်ရှင် ၊ဗွီဒီယို၊စာအုပ်အစရှိသည်တို့မှ အကြောင်းအရာများကို ကြည့်ရှု၍ လွဲမှားသော အယူအဆများကို အမှန်ထင်မှတ် လက်တွေ့လုပ်ဆောင်ခြင်း တို့ ဖြစ်ပေါ်လာပါသည်။
အချို့သော လူများသည် ကလေးသူငယ်များအပေါ် လွဲမှားသောနည်းလမ်းများဖြင့် နောက်ပြောင်ကြလေသည်။ ဥပမာ-ဖုန်းအတွင်းမှ လိင်နှင့်ပတ်သတ်သော ဇာတ်ကားများပြသခြင်း၊ မဖွယ်မရာ အကြောင်းအရာများကို ပြောဆိုခြင်း စသည်တို့ကြောင့် လိင်နှင့်ပတ်သတ်၍လွဲမှားသော အယူအဆများ ကလေးသူငယ်များ တွင် ဖြစ်ပေါ်လာလေသည်။၎င်းသည်ပင်လျှင် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပေါ်ရန် အကြောင်းအရာ တစ်ခု ဖြစ်လေသည်။
စီးပွားရေး -မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍတွင် နိုင်ငံတကာထက် နောက်ကျခဲ့ရသည်။ ထိုအချက်သည်ပင် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားသောအချက်များမှ တစ်ချက်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ချို့သော မိသားစုများတွင် မိဘနှစ်ဦးလုံး ပြင်ပအလုပ်များ လုပ်ကိုင်ကြရသဖြင့် မိမိကလေးသူငယ်များအပေါ် ဂရုစိုက်အချိန်ပေးနိုင်မှု အင်မတန်မှ နည်းပါးလှပါသည်။ထို့ကြောင့် မိမိကလေးသူငယ်များကို မှန်ကန်သော အကြောင်းအရာများကို မိမတို့ကိုယ်တိုင် သင်ပြမပေးနိုင်ပဲ ပတ်ဝန်းကျင်နှင့် ထိတွေ့မှုများပြီး ၎င်းပတ်ဝန်းကျင်မှ လွဲမှားသော အယူအဆများကို သာ ကလေးသူငယ်များ မှတ်သားခဲ့ရပါသည်။
ပညာရေး-ပညာရေးစနစ်တွင် လိုအပ်ချက်များရှိနေသဖြင့်လည်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှု ဖြစ်ပေါ်စေပါတယ်။ ဥပမာ-နိုင်ငံတကာတွင် လိင်နှင့်ပတ်သတ်၍ မှန်ကန်သော အချက်အလက်များကို အခြေခံပညာ ကျောင်းစာများတွင်ပင် ပြဋ္ဌာန်းသင်ကြားပေးလေသည်။ ထို့ကြောင့် ကလေးသူငယ်များသည် လိင်နှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန် များကို ခွဲခြားသိမြင်တတ်ကြပါသည်။ မြန်မာနိုင်ငံ တွင်ထိုသို့မရှိခြင်းသည်ပင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရန် အချက်တစ်ချက်ဖြစ်ပေသည်။
ဘယ်လိုတားဆီးကာကွယ်မလဲ?
သက်ငယ်မုဒိမ်းမှု ပပျောက်စေရန်အတွက် တားဆီးကာကွယ်ရာတွင် အထက်တွင်ဖော်ပြထားသော အကြောင်းအရာများကို အလေးထားပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူနှင့် အစိုးရ လက်တွဲဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
ပြည်သူလူထုအနေနှင့် သက်ငယ်မုဒိမ်းမှု အတွက် ပညာပေးဆောင်ရွက်ခြင်း၊ မိမိတို့နေထိုင်ရာ ဒေသအတွင်း သက်ငယ်မုဒိမ်းမှု မဖြစ်ပေါ်စေရေး အထူးဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းများဖွဲ့စည်း ၍ ပူးပေါင်းလုပ်ဆောင်ခြင်း(ဥပမာ-မြန်မာလူငယ်သတင်းစုံ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးပညာပေးဆောင်းပါး/ဝတ္ထုတိုပြိုင်ပွဲ )ကဲ့သို့သောပညာပေးလှုပ်ရှားဆောင်ရွက်ခြင်းများပြုလုပ်ခြင်း များကို အင်တိုက်အားတိုက် ဆောင်ရွက်သင့်ပါသည်။
အစိုးရအနေနှင့်လည်း သက်ငယ်မုဒိမ်းမှု အတွက် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခြင်း၊ ပညာပေးလှုပ်ရှားမှုများ လုပ်ဆောင်ပေးခြင်း စသည်တို့ကို ပြုလုပ်ရန်လိုအပ်ပါသည်။
ကလေးသူငယ်များသည် အနာဂတ်အတွက် ဖူးပွင့်ကြမည့် ပန်းကလေးများဖြစ်သည်။ ထိုပန်းကလေးများကို ဖူးပွင့်ချိန်မတန်ခင် ဖျက်စီးမည်ဆိုပါက ထိုပန်းကလေးများသည် လောကကြီးကို အလှဆင်နိုင်တော့မည်မဟုတ်ပါ။
ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည်။ ထိုကလေးသူငယ်များကို ဖျက်စီးခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ဖျက်စီးခြင်းပင် ဖြစ်လေသည်။
"ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း လန်းဆန်းနိုင်ကြပါစေ"
မည်သည့်စာအုပ်၊မည်သည့်ပြိုင်ပွဲတွင်မျှမဖော်ပြဘူးပါ။ ပြိုင်ပွဲဝင်ဆောင်းပါးအဖြစ်ရေးခြင်းလည်းမဟုတ်ပါ။ သက်ငယ်မုဒိမ်းမှုပပျောက်စေရေးအတွက် တတ်နိုင်သလောက် သိထားတာလေးတွေကိုပြန်လည်မျှဝေခြင်းသာဖြစ်ပာသည်။ အားလုံးကို လေးစားလျက်..
မောင်သာခို(အိမ်ပြေး)
ပြိုင်ပွဲဝင်ထံမှပေးပို့သောစာမူကို မူရင်းအတိုင်းဖော်ပြခြင်းဖြစ်ပြီး တစ်စုံတစ်ရာ ပြုပြင်ခြင်းမရှိပါ။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment