Header Ads

အချစ်လက်ဖဝါး အမုန်းလက်ဖမိုး ဇာတ်သိမ်း

“ဘာပြောလိုက်တယ် မောင်။ သွဲ့ ကမောင့်ကိုစောင့်နေရမယ်ဟုတ်လား။ 
မောင့်ဘ၀ကိုမောင်ဖန်တီးပြီး နောက် မှာ သွဲ့ကကော ကိုယ့်ဘ၀ကို 
ကိုယ်ပိုင်ထုဆစ်ခွင့်မရှိတော့ဘူးလား။ ဘယ်အချိန်မှန်းမသိဘဲ 
သွဲ့ကထိုင်စောင့် နေရမှာလား။ နောက်ပြီးမောင်က လူသား
တစ်ယောက်လေ။ ကိုယ့်ရဲ့ရင်သွေးကိုလနဲ့ချီဒုက္ခခံမွေးပေးခဲ့တဲ့ 
မိန်းမ တစ်ယောက်နဲ့ ကိုယ့်ရင်သွေးကိုပစ်ပြီး သွဲ့ဆီပြန်လာမယ်ဟုတ်လား။ 
ဒီမှာမောင် အခုအချိန်ကစပြီး သွဲ့နဲ့ မောင်ပြတ်စဲပြီးပြီ။ 
ဘာမှမသက်ဆိုင်တော့တဲ့အတွက် မောင်လည်းသွဲ့ဆီပြန်လာစရာ
မလိုတော့သလို သွဲ့လည်း မောင့်ကိုစောင့်နေမှာမဟုတ်ဘူး။ 
ဒီနေ့ဒီအချိန်ကစလို့ သွဲ့နဲ့မောင်ဟာ ဘာမှမပတ်သက်တော့တဲ့ 
သူစိမ်းတွေ ဖြစ်ခဲ့ပြီမောင်။ တစ်နေ့နေ့လမ်းမှာတွေ့ရင်တော့ 
နှုတ်ဆက်ဖို့မလိုတော့ဘူး။ သွဲ့လည်းသွဲ့ဘ၀အတွက်သင့် တော်မယ့်
သူကို အမြန်ဆုံးရှာပြီးလက်ထပ်တော့မှာမို့လို့ မောင် သွဲ့နဲ့ထပ်ပြီး
ပတ်သက်ဖို့ မကြိုးစားပါနဲ့တော့”

ပြောပြီးတာနဲ့ကျွန်မ မောင့်ရှေ့ကလှည့်ထွက်ခဲ့တယ်။ မောင်လှမ်း
ခေါ်နေပေမယ့် ကျွန်မနောက်ပြန်မလှည့်ခဲ့ သလို မောင်လည်း 
ကျွန်မနောက်ကိုပြေးလိုက်မလာခဲ့ပါဘူး။ အကယ်၍ အဲ့ဒီအချိန်က 
မောင်သာကျွန်မနောက် ပြေးလိုက်လာခဲ့ရင်၊ ကျွန်မသာနောက်ပြန်လှည့်
လိုက်မိမယ်ဆိုရင် ကျွန်မစိတ်ကိုကျွန်မထိန်းထားနိုင်တော့မှာ 
မဟုတ်ဘူးလေ။ အဲ့ဒီနေ့ကစလို့ ကျွန်မတစ်ယောက်တည်းရှိနေချိန်
တွေမှာ မျက်ရည်တွေကိုသာကျွန်မ အဖော် ပြုနေရတာ ဒီနေ့အထိပါပဲ။ 
အဲ့ဒီနေ့ကလည်း အခန်းထဲပြန်ရောက်တာနဲ့ထိန်းချုပ်ထားသမျှ
ပေါက်ကွဲလို့ မျက် ရည်မိုးတွေဖြိုင်ဖြိုင်ရွာခဲ့ရတာကျွန်မဘယ်မေ့ပါ့
မလဲလေ။ တကယ်တော့ကျွန်မ မသိစိတ်ကနေ မောင်ကျွန်မဆီ 
တစ်နေ့ပြန်လာပါစေဆိုတဲ့ တောင်းဆုတစ်ခုကိုဆန္ဒပြုနေမိတာ
ကြောင့် ကျွန်မရဲ့တတ်သိတဲ့ဥနှောက်ကနေ အချိန်တိုင်းထိန်းချုပ်
နေခဲ့ရတာပါ။ အဲ့ဒါဒီနေ့အချိန်အထိပါပဲ။ အပေါင်းအသင်းတွေက 
မေးကြတဲ့အခါမှာတော့..

“သွဲ့ဟေမာန် နင် ရန်နိုင်မောင့်ကိစ္စသိလား။ ကောင်မလေးတစ်
ယောက်နဲ့လက်ထပ်တော့မယ်ပြောတယ်။ ဘယ်လိုဖြစ်တာလဲ။ 
ငါတို့အားလုံးက အဲ့ဒီကိစ္စကိုမယုံနိုင်ဘူးဖြစ်နေတယ်။ နင့်စိတ်ထဲမှာ
ကောဘယ်လိုမှမခံစား ရဘူးလား”
“သူငယ်ချင်းတို့ရယ် သွဲ့မခံစားရဘဲနေမလား။ ဒါပေမယ့်ကိုယ့်ကို
မချစ်လို့ အခြားသူတစ်ယောက်ကို ရွေးချယ် သွားတဲ့ယောင်္ကျား
တစ်ယောက်အတွက် သွဲ့ ကဘာတွေများခံစားနေရဦးမှာလဲ။ 
အခုအချိန် သွဲ့ စိတ်ထဲမှာ အဲ့ဒီ ရန်နိုင်မောင် ဆိုတဲ့ယောင်္ကျားတစ်
ယောက်ကို မုန်းတဲ့စိတ်ပဲရှိတော့တယ်။ အဲ့ဒီအမုန်းကတစ်ဆင့် 
ဥပေက္ခာပြု နိုင်တဲ့အဆင့်ရောက်အောင်တော့ သွဲ့ ကြိုးစားရဦးမယ်”

ဟုတ်ပါသည်။ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ကုန်ကုန်
ပြောရရင် ကျွန်မကိုယ်ကျွန်မကလွဲလို့ မောင် ကအစ ကျွန်မမောင့်
အပေါ်လက်ရှိအချိန်သဘောထားကို အမုန်းတွေအဖြစ်သာ မြင်
တွေ့စေရပါမည်။ မောင် ကိုယ်တိုင်အပါအ၀င်အားလုံးက သွဲ့ဟေမာန်ဆိုတဲ့
ကျွန်မဟာ ရန်နိုင်မောင်ဆိုတဲ့ မောင့်ကိုချန်ထားခံခဲ့ရလို့ အမုန်းကြီးမုန်း
နေသူအဖြစ်သာ မြင်တွေ့စေရပါမည်။ ကေသီမိုးကို မောင်လက်ထပ်လိုက်ခြင်း
အကြောင်းကို ကျွန်မမည်သူ့ကိုမျှ မပြောခဲ့ပါ။ ထို့သို့မပြောခြင်းဖြင့် 
မောင်နှင့် ကေသီမိုးတို့၏သိက္ခာကို ထိန်းသိမ်းပေးသွား 
နိုင်လိမ့်ဟုကျွန်မယုံကြည်မိသည်။ 

**********

ယခုအချိန်တွင် ကျွန်မ မောင့်ကိုတမ်းတမိသည့်အချိန်ရှိသည်။ 
မောင့် ရင်ခွင်ကိုလွမ်းဆွတ်မိသည့်အချိန် ရှိသည်။ မောင့်၏ဆိုးနွဲ့၊ 
ချွဲနွဲ့မှုများကို ခံယူချင်မိသည့်အချိန်ရှိသည်။ မောင့်အသံ၊ မောင့်
အယုအယ၊ မောင့်ထိ တွေ့မှု၊ မောင်နှင့်ပတ်သက်သည့်အရာအားလုံးကို 
ကျွန်မသတိရနေမိပါသည်။ သို့သော် ထိုအမှန် တရားများကို မည်သူမျှ
မသိစေရ၊ မည်သူကမျှမရိပ်မိစေရပါ။ အားလုံး၏အမြင်တွင် မောင်နှင့်
ပတ်သက်ပြီး ကျွန်မတွင် မည်သည့်ခံစားချက်မျှမရှိ၊ ခံစားချက်ဆိုလျှင်
တောင် အမုန်းတရားများသာ ရှိနေတော့သည်ဟု သိစေရပါမည်။ 

လူတစ်ယောက်၏ လက်ကိုသင်တို့လှမ်းကြည့်လိုက်ပါက 
လက်ဖမိုးများကိုသာ သင်တို့အလွယ်တကူ တွေ့မြင်နိုင်ပေလိမ့်မည်။ 
ဂရုတစ်စိုက်၊ သေချာစွာထိုသူကိုအသေးစိတ်စောင့်ကြည့်သည့်အခါမှသာ 
တစ်ခါတစ် ရံထိုသူ၏ လက်ဖ၀ါးကို သင်တို့တွေ့မြင်နိုင်ပေမည်။ 
(သို့မဟုတ်) ထိုသူကသင်တို့ကို သူ၏လက်ဖ၀ါးကို ကိုယ်တိုင်ပြသမှသာ 
အခြားသူတစ်ယောက်ကအလွယ်တကူတွေ့မြင်နိုင်မည်ဖြစ်သည်။ 
ကျွန်မအနေနှင့် မောင့် အပေါ်ချစ်နေသေးသည့် ယခင်အတိုင်း
မပြောင်းလဲသေးသည့် မေတ္တာများ၊ အချစ်များကို 
မည်သူတစ်ဦးတစ် ယောက်ကိုမျှ ချပြလိမ့်မည်မဟုတ်ပါ။ 

ကျွန်မ မောင့်ကို အရမ်းမုန်းပါသည်။…………………….

.... ပြီးပါပြီ ....

မုန်း (BeeTalk)

No comments