ပိတောက်တွေကသစ္စာမရှိတော့ဘူးလား
ပိတောက်တွေက သစ္စာမရှိတော့ဘူးလား…
***********************
မြန်မာ့နှစ်သစ်ကူးရိုးရာပွဲတော်ဖြစ်တဲ့ သင်္ကြန်ပွဲတော်လဲ ပြီးဆုံးသွားခဲ့ပြီ… သင်္ကြန်ပွဲတော်ပြီးတော့ သင်္ကြန်ကိုချစ်မြတ်နိုးသူတိုင်းရဲ့ ရင်ထဲမှာလဲ ဟာတာတာဖြစ်ကျန်ခဲ့မယ် ထင်ပါတယ်… သင်္ကြန်ပွဲတော်ကြီးကို ပြန်လည်လွမ်းဆွတ်မိသလို သင်္ကြန်နဲ့အတူ ပေါ်ထွက်မလာခဲ့တဲ့ ပိတောက်တွေကိုလဲ တမ်းတမိကြမယ် ထင်ပါတယ်.. သင်္ကြန်ကိုချစ်မြတ်နိုးသူတိုင်း ပိတောက်ကိုချစ်မြတ်နိုးလေ့ ရှိကြပါတယ်.. သင်္ကြန်နဲ့ ပိတောက် ဆိုတာ ခွဲလို့မရတဲ့ သစ္စာရှိကြတဲ့ စုံတွဲတွေ ဖြစ်နေကြတာကိုး… မှန်ပါတယ် ဟိုးအရင်နှစ်ကာလတွေက သင်္ကြန်မတိုင်ခင်လောက်မှာ ပိတောက်တွေက သင်္ကြန်ကို ကြိုဆိုတဲ့အနေနဲ့ ပွင့်ကြလေ့ ရှိပါတယ်.. သင်္ကြန်ကာလအတွင်းမှာလဲ ပိတောက်တွေက သင်္ကြန်နဲ့အတူဆင်နွှဲကြလေ့ ရှိတယ်.. ဒီလိုပိတောက်နဲ့သင်္ကြန် အတူယှဉ်တွဲလာကြတာ ကြာခဲ့ပါပြီ... ဒီလိုယှဉ်တွဲနေနိုင်ဖို့ကိုလဲ ကြားထဲက အောင်သွယ်တော် သင်္ကြန်မိုးက ရွာပေးရတယ်လေ…
ဒီဖက်နှစ်တွေမှာတော့ သင်္ကြန်နဲ့ပိတောက်အတူယှဉ်တွဲမတွေ့ရတာ ကြာပါပြီ… ပိတောက်တွေက သစ္စာ မရှိတော့ဘူးလား… ပိတောက်က သင်္ကြန်ကို သစ္စာဖောက်သွားပြီလား..
တကယ်တမ်းတော့ ပိတောက်က သင်္ကြန်ကို သစ္စာဖောက်တာမဟုတ်ပါဘူး.. သူလဲ ပွင့်ချင် ရှာတာပေါ့.. သူသိပ်ချစ်တဲ့သင်္ကြန်နဲ့အတူ ဒီပွဲတော်ကြီးကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲချင်တာပေါ့… လူတွေကလဲ သူ့ကိုစောင့်မျှော်နေကြတယ်လေ… သနားစရာ ပိတောက်တွေခမျာ ဒီနှစ်မှာလဲ သင်္ကြန်နဲ့အတူ မဆင်နွှဲ နိုင်ရှာတော့ဘူး… ဟိုးအပင်ထက်မှာ အဖူးတွေများစွာနဲ့ပဲ သူစောင့်မျှော်နေတာက… သင်္ကြန်မိုးကိုပါ… အဲ့ဒီမိုးလေး တစ်ပြိုက်နှစ်ပြိုက်လောက်ရွာလိုက်ရင်ကို သူ့ရဲ့လှပတဲ့ ပွင့်ဖတ်တွေကို အစွမ်းကုန်ဖွင့်ချပြဖို့ သူပြင်ဆင်ထားတာပါ… ခုတော့ သင်္ကြန်မိုးမရွာခင် သူ့ရဲ့အဖူးလေးတွေ မြေပြင်ပေါ်မှာ မခရအောင် သူအစွမ်းကုန်ကြိုးစားရတော့မှာပေါ့…
ပိတောက်တွေခမျာ သင်္ကြန်နဲ့အတူ သူ့ရဲ့အလှအပတွေကို ဖော်ထုတ်ခွင့်မရပေမယ့်… သင်္ကြန်နဲ့အတူ ဆင်နွှဲခွင့်မရပေမယ့် သူတို့ရဲ့ အောင်သွယ်တော်ကြီး မိုးကိုတော့လဲ သူအပြစ်မတင်ရက်ပါ… ဒါလဲ သူ့အပြစ်မှ မဟုတ်တာကိုး… နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးပါးလုံးက သူ့တာဝန်သူကျေအောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဒီဖက်နှစ်တွေမှာတော့ သူတို့လဲ ဖောက်လွဲဖောက်ပြန်တွေ ဖြစ်ကုန်ပြီ… သဟဇာတဖြစ်ပြီး မျှတတဲ့ရာသီဥတုကို မပေးစွမ်းနိုင်တော့ဘူး.. ဒါကြောင့် သူ့တို့ကို လူတွေကလဲ ဆဲရေးတိုင်းထွာကုန်ကြပြီ…. ဒါတွေကို သူတို့သိပေမယ့် တာဝန်ကျေအောင် သူတို့ကြိုးစားချင်ပေမယ့်လဲ သူတို့တတ်နိုင်တဲ့အရာမဟုတ်ပါ…
သူတို့တာဝန်ကျေဖို့ လူတွေကိုပဲ ပြန်တောင်းဆိုချင်ပါတယ်တဲ့.. အဲ့ဒါကတော့ သဘာဝပတ်ဝန်းကျင် ကြီးကို ထိန်းသိမ်းပေးပါတဲ့… ဒီတစ်ခုကို လုပ်ပေးနိုင်တယ်ဆိုရင် သူတို့လဲ တာဝန်ကျေအောင် ကြိုးစားပါမယ် တဲ့.. မြန်မာနိုင်ငံကြီးမှာ ရေတွေကြီးတာ၊ အပူချိန်လွန်ကဲမှုတွေဖြစ်တာ စတဲ့ ရာသီဥတုဖောက်လွဲ ဖောက်ပြန်တွေဖြစ်နေတာက သဘာဝပတ်ဝန်းကျင်ကြီး ယိုယွင်းပျက်စီးလာလို့ပါ… ဒီသဘာဝပတ်ဝန်းကျင်ကြီး ကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ… ဒီလိုထိန်းသိမ်းဖို့ဆို သက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင် နိုင်ငံသူနိုင်ငံသားတွေလဲ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်…. ဒါဆိုရင် သင်္ကြန်မိုးလဲ ပျော်ပျော်ကြီးရွာချနိုင်မှာဖြစ်သလို ပိတောက်ဖူးတွေလဲ မြေခစရာမလိုတော့ပါဘူး… ဟိုးအပင်မြင့်ထက်က ပိတောက်ဖူးတွေက သူ့အလှအပတွေကို အစွမ်းကုန်ဖွင့်ဟပြသခွင့်ရလာပါ….
ရွှေရသော် (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment