မိသားစုတိုင်းအလေးထားသင့်သောတန်ဖိုးထားမှုများ
မိသားစုတိုင်းအလေးထားသင့်သောတန်ဖိုးထားမှုများ
-------------------------------------------
မျက်မှောက်ခေတ်တွင် မိသားစုတိုင်း၊ တန်ဖိုးထားမှု စနစ်အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကြုံတွေ့နေရတဲ့ တန်ဖိုးထားမှုစနစ်တို့ဟာ မိသားစုရဲ့ ဘဝအရေးပါမှုကို ထည့်သွင်းမစဉ်းစားသော တန်ဖိုးထားမှုစနစ်များ ဖြစ်နေပါတယ်။ ဒါကြောင့် မိသားစု ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေထိုင်မှု အရေးပါပုံကို အသိအမှတ်ပြုဖို့ မြှင့်တင်ပေးဖို့ လိုလာပါတယ်။ ဒီလိုဆောင်ရွက်ရင် အများကောင်းကျိုး ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီတန်ဖိုးထားမှုစနစ်တွေဟာ မိသားစုများ ပျော်ရွှင်ချမ်းမြေ့ရေးနဲ့ လူမှုဘဝတိုးတက်ရေးကို မြင့်မားစေမှာ ဖြစ်ပါတယ်။
အောက်ပါ မိသားစုတန်ဖိုးထားမှုများကို အလေးပေး ပျိုးထောင်သင့်ပါတယ်။
၁။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိခြင်း၊
၂။ အပြန်အလှန် လေးစားမှုရှိခြင်း၊
၃။ မိဘနှင့်သားသမီး၊ လင်နှင့်မယား ကျင့်ဝတ်နှင့်အညီ ရှိကြခြင်း၊
၎။ မိသားစုပျော်ရွှင်ချမ်းမြေ့ရေးအတွက် အေးအတူ၊ ပူအမျှ လက်တွဲမဖြုတ်ခြင်း၊
၅။ အပြန်အလှန် ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်း
#၁။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိခြင်း
မိသားစအတွင်း ချစ်ခင်ကြင်နာမှု ရှိတဲ့အခါ အားလုံးစိတ်ချမ်းသာကြပါတယ်။ စိတ်ဓာတ်လုံခြုံမှုလည်း ရပါတယ်။ ချစ်ခင်ကြင်နာမှုပြတယ်ဆိုတာ လူတစ်ယောက်ကို တန်ဖိုးထားရာ ရောက်ပါတယ်။ မိသားစုဝင်တွေဟာ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ချစ်ခင်လေးစားမှု၊ မြတ်နိုးမှု၊ အကူအညီပေးမှုတွေ ရှိဖို့ လိုအပ်ပါတယ်။
မိသားစုအတွင် တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်တဲ့အခါ တစ်ဦးက အခြားတစ်ဦးအပေါ် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ကြပါတယ်။ အကူအညီလိုအပ်တဲ့အခါ အကောင်းဆုံး ကူညီနိုင်ကြပါတယ်။
#၂။ အပြန်အလှန်လေးစားမှုရှိခြင်း
မိသားစုအတွင်း အပြန်အလှန် လေးစားခြင်းဆိုတာ တစ်ဦးအပေါ်တစ်ဦး အပြုသဘောဆောင်တဲ့ စိတ်ကောင်းမွေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အသိအမှတ်ပြုခြင်း၊ အပြန်အလှန်လက်ခံခြင်းနှင့် အပြန်အလှန် သည်းခံခွင့်လွှတ်ခြင်း ဆိုတာတွေ ပါလာပါတယ်။ အပြန်အလှန် အပေးအယူရှိပြီး သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့နဲ့ ထုံမွှန်းထားတဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။
မိသားစုဝင်တွေက လေးစားခြင်းခံရတဲ့ လူတစ်ယောက်ဟာ အခြားလူတွေကို လေးစားတတ်လာပါတယ်။ ဘာသာ၊ ဓလေ့၊ စရိုက်မတူသူတွေအချင်းချင်း တွေ့ဆုံဆက်ဆံတဲ့အခါမှာလည်း မျှမျှတတ၊ ညီညီညွတ်ညွတ် ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ဓလေ့၊ စရိုက်၊ ဘာသာအယူ မတူသူများ၊ အချင်းချင်း ထိတွေ့ဆက်ံနေထိုင်ရတဲ့ကာလမှာ တစ်ဦးနဲ့တစ်ဦး မျှမျှတတ၊ ညီညီညွတ်ညွတ် ဆက်ဆံနိုင်ရေးမှာ မိသားစုရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါပါတယ်။ မိသားစုဟာ အဓိကအခြေခံကျတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။
#၃။ မိဘနှင့်သားသမီး၊ လင်နှင့်မယား ကျင့်ဝတ်အညီရှိခြင်း
မိဘက သားသမီးများ လူဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရသော ကျင့်ဝတ်ရှိသလို၊ အမိအဖ၊ အဘိုးအဘွားများ၊ သက်ကြီးရွယ်အိုဘဝ ရောက်တဲ့အခါမှာလည်း ပြုစုစောင့်ရှောက်ဖို့ သားသမီးများတွင် ကျင့်ဝတ်ရှိပါတယ်။ ကျင့်ဝတ်နှင့်အညီအညွတ် နေထိုင်ခြင်းဟာ တာဝန်ထက် ပိုမိုလေးနက်ပါတယ်။ ကျင့်ဝတ်နှင့် အညီ လိုပ်ကိုင်ပေးခြင်းဟာ မြတ်မြတ်နိုးနိုး၊ စေတနာပါပါဖြင့် လုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။ ကျင့်ဝတ်ဆိုသည်မှာ သတ်မှတ်ထားသော တာဝန်ထက် ပိုပါတယ်။ မိသားစုအတွင်း ချစ်ခင်ရင်းနှီးစွာ အတူတကွ နေထိုင်ခဲ့မှုမှ ပေါက်ဖွားလတဲ့ မွန်မြတ်သော အကျိုးရလဒ်တစ်ခု ဖြစ်ပါတယ်။
#၄။ မိသားစု ပျော်ရွှင်ချမ်းမြေ့ရေးအတွက် အေးအတူပူအမျှ လက်တွဲမဖြုတ်ခြင်း
ဒီစိတ်ဓာတ်ကို မိသားစုစိတ်ဓာတ်လို့ ခေါ်နိုင်ပါတယ်။ ဘဝမှာ အတက်အဆင်း၊ အခက်အခဲ၊ အကောင်းအဆိုး အမျိုးမျိုး ကြုံတွေ့နိုင်ပါတယ်။ အဲဒီလို လောကဓံနဲ့ ကြုံတွေ့တဲ့အခါမှာ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ လက်တွဲမဖြုတ် ကြံ့ကြံ့ခိုင်နိုင်တဲ့ စိတ်ဓာတ်ဟာ မိသားစု စိတ်ဓာတ်ပါပဲ။ အဲဒီစိတ်ဓာတ်ဟာ မိသားစုကို ခိုင်ခိုင်မြဲမြဲ မိသားစုတစ်ခုအနေနဲ့ ရပ်တည်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ တစ်ဦးဦးက အနစ်နာခံ စွန့်လွှတ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ထိုအခါမျိုးမှာ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်နိုင်ကြပါတယ်။
မိသားစုဆိုတာ စုပေါင်းအသင်းအဖွဲ့တစ်ခုပါပဲ။ မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ရေးဟာ မိသားစုဝင်တိုင်း ကျင့်ဝတ်မပျက် တာဝန်များကို ဝိုင်းဝန်းယူမှုအပေါ် တည်ပါတယ်။ မိသားစုဝင်တိုင်းဟာ ကျင့်ဝတ်နှင့်အညီ မိသားစုတာဝန်ကို တက်ညီလက်ညီ ဆောင်ရွက်တဲ့အခါမှ မိသားစုစိတ်ချမ်းမြေ့ပျော်ရွှင်မှု ဆိုတဲ့ အသီးအပွင့်တွေ ဖြစ်လာပါတယ်။
#၅။ အပြန်အလှန် ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်း
မိသားစုတစ်စုအတွင်း ထိရောက်တဲ့ အပြန်အလှန် ရင်းနှီးစွာ ပြာဆိုဆက်ဆက်ရေးဟာ လိုအပ်ပါတယ်။ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတော့ တစ်ဦးရဲ့ ခံစားမှုကို အခြားတစ်ဦးက သိရှိနားလည်ခွင့် ရပါတယ်။ တစ်ဦးရဲ့ အမြင်နဲ့ ခံစားမှုကို အခြားမိသားစုအဖွဲ့ဝင်များ နားလည်ခွင့် ပိုရစေပါတယ်။ ဒီလိုရလာတော့ တစ်ဦးအပေါ်တစ်ဦး ပိုမိုယုံကြည်အားထားမှုတွေ၊ ပိုမိုခွင့်လွှတ်သည်းခံနိုင်မှုတွေ၊ ပိုမိုရင်းနှီးခိုင်မြဲတဲ့ မိသားစုဆက်ဆံရေးတွေ ဖြစ်ပေါ်လာစေပါတယ်။
တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း၊ အပြန်အလှန် ပြောဆိုဆက်ဆံခြင်းဟာ မိသားစု စိတ်ဓာတ်ကို ပိုမို ဖြစ်ပေါ်စေပါတယ်။
Credit: ဒေါက်တာသိန်းလွင်
[မိဘများအတွက် အရိပ်ပြစကားလက်ဆောင်မွန်များ စာအုပ်မှ]
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment