Header Ads

အချစ်ဆုံးအတွက်မှာတမ်း

ကောင်လေးရေ

ငါ့ အချစ်တွေ နင့်အတွက်လေးလံမှာစိုးတယ်

ငါနေခဲ့ပါရစေ

ရှင်းလင်းဖြူစင်နေတဲ့နင့်ရင်မှာ ငါ့ကို ချန်မထားပါနဲ့။


ကောင်လေးရေ 

နင့်အပြုံးတွေ ငါ့ကြောင့်မှေးမှိန်ဖျော့တော့သွားမှာစိုးတယ်

ငါပဲခံစားငိုကြွေးလိုက်ပါရစေ

နင့်ဘ၀အေးအေးလေးထဲမှာ ငါ့ကိုထည့်မထားပါနဲ့။


ကောင်လေးရေ 

ငါ့သံယောဇဉ်နွယ်တွေ နင့်ကိုရစ်ပတ်ချုပ်နှောင်မိမှာစိုးတယ်

ငါပဲ ပိတ်လှောင်ငြိတွယ်နေပါရစေ

အနီရင့်ရင့် ငါ့မျှော်လင့်ချက်တွေထဲ နင်မကျဆုံးလိုက်ပါနဲ့။


အချစ်စစ်ဆိုတာ မဖြောင့်ဖြူးတတ်ဘူးတဲ့

ပျော်ပျော်နေတတ်တဲ့ နင့်အသည်းနှလုံးလေးဝမ်းနည်းမောပန်းမှာ စိုးရိမ်မိပါရဲ့

အချစ်စစ်ဆိုတာ နာကျင်ပူလောင်တတ်တယ်တဲ့

ပေါ့ပေါ့ပါးပါးလွင့်မျောနေတဲ့နင့်စိတ်လေးတွေ သောက၀င်အကျဉ်းကျမှာ တွေးပူမိပါရဲ့

ငါ့အတွက်ဆို...

နင် ရိုမီရို မဖြစ်လည်း ကျေနပ်နေတတ်ပါ့မယ် 

ကိန္နရာ မဖြစ်လဲ ဖြေသိမ့်နေစိမ့်ပါ့မယ်။


ကောင်လေးရေ

အဲဒိလောက်ထိနင့်ကိုငါချစ်ရလားလို့တွေးပြီး

င့ါအပေါ် မကြွေဆင်းလိုက်ပါနဲ့...

နင့်အတွက် ရင်ခုန်ကြွေလွင့်ရှင်သန်နေတဲ့ကြယ်တစ်စင်း ငါပဲဖြစ်ပါရစေ။


လ၀န်းအိမ်

Dec.31.2016

2:10PM Yangon


No comments