ရစ်ခြင်းရဲ့အဆုံးသတ်
"မောင်..ဟိုနေ့က စကားပြောတဲ့ကောင်မလေးက ဘယ်ကလဲ.. "
"ဘယ်ကောင်မလေးလဲဟ.. "
"ဟိုတစ်နေ့က ဈေးရှေ့မှာစကားပြောခဲ့တဲ့ကောင်မလေးလေ.. "
"အာ...ရုံးက ဆရာတစ်ယောက်ရဲ့သမီးပါလို့ ပြောပြီးပြီမဟုတ်လား. "
"မသိပါဘူး...မောင်နဲ့တစ်ခုခုများ ပတ်သက်နေမလားလို့ပါ. "
ဘယ်မိန်းမနဲ့စကားပြောပြော သ၀န်တိုတတ်သည်။ မိန်းကလေးစိတ်ပေါက်နေသော ယောက်ျားလေးပင် မရှောင်သ၀န်တိုသည်။ မိန်းကလေးဆိုလို့က အရွယ်မရောက်သေးသည့် ကလေးတွေနဲ့လဲတိုသည်။ နောက်ဆုံး ခြင်ကိုက်ရင်တောင် ခြင်ထီးလားခြင်မလား သ၀န်တိုတတ်အုံးမည်လို့လဲ ပြောသေးသည်။
မနက်လင်းလာရင် ထတော့ဆိုပြီးနှိုးပြီးသည်နှင့် တစ်နေ့လုံး မီးကိုသတိရနေနော်၊ မီးတစ်ယောက်ထဲကိုပဲ ချစ်ရမယ်နော် ဆိုသည့်စကားကိုလဲ တွင်တွင်ပြောသည်။ နေ့လည်ထမင်းစားချိန်လဲ ဖုန်းဆက်သည်။ အစ်မဆိုလို့ မူးလို့ရှုစရာ မရှိသည့်နေရာမှာရောက်နေလဲ ဘယ်ကောင်မလေးနဲ့မှ မပတ်သက်နဲ့နော်ဟု မှာသေးသည်။
"မောင်..ညက အိပ်မက်ထဲမှာ မောင်က ကောင်မလေးတစ်ယောက်နဲ့မောင်က လျှောက်သွားနေတယ်.."
"ဘယ်သူတုန်း..အဲ့ဒီကောင်မလေးက.. "
ကိုယ့်စကားတောင် မဆုံးသေး ဒင်းကမျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်ပြီး မျက်ရည်ဝဲလာသည်။
"မောင်က အဲဒီကောင်မလေးကို မီးထက်ပိုချစ်လို့လား "
"ဘယ်ကောင်မလေးကိုလဲဟ.. "
"မီး အိပ်မက်ထဲကကောင်မလေးလေ.. "
"ဟာ..နင့်မေ့ကြီးဒေါ်...ညည်းအိပ်မက်ထဲက ကောင်မလေးကို ငါမှမသိတာ.."
"ဒါဆို မောင်က ဘာလို့ ဘယ်သူလဲဆိုပြီး မေးတာလဲ၊ အဲဒါ မောင်လိုချင်လို့ပေါ့.. "
"ဟာ..မင်းပြောလို့ ငါက စပြီးပြန်မေးတာလေ.. "
"ယောက်ျားလေးတွေကအဲလိုပဲ၊ အစောပိုင်းကတော့ စတာလို့ပြောပြီး နောင်ကျရင် အတည်ဖြစ်သွားတာ.. "
ပြောလဲပြော၊ ကောက်လဲကောက်သွားသည့် ဒင်းကိုကြည့်ပြီး ဘာပြောရမည်ဆိုတာ တကယ်ကို မသိတော့။ သူ့ဘာသာသူ အိပ်မက်မက်တဲ့ကောင်မလေးက ဖြူသလား၊ညိုသလားလဲ ကိုယ်မသိ။ စိတ်လည်း မ၀င်စား။ ဒင်းကတော့ သူ့ဘာသာပြော၊ သူ့ဘာသာဖီးလ်တက်ပြီး ကောက်လေပြီ။
တော်ယုံကောက်တာက ပြသနာမရှိပေမယ့် နေ့စဉ်ရက်ဆက် ကောက်လာတော့ ဒင်းကို စိတ်က တိုလာသည်။
"အေးကွာ...ဟုတ်တယ်ကွာ၊ မင်းလိုအရစ်ထူတဲ့မိန်းမအစား လျှာဖြတ်ထားတဲ့ ပွင့်ပဲ ငါယူတော့မယ်.. "
"မောင်က..ပွင့်လို ၀၀ကြီးကိုလဲ ကြိုက်တာပဲလား.. "
"ဟာ... မင်းကိုရွဲ့ပြောတာဟ.. "
"ဒါပေမယ့် မောင့်စိတ်ထဲမှာတော့ အဲလိုမိန်းမ၀၀တွေကိုလဲ ကြိုက်ချင်တဲ့စိတ်ရှိနေတာ မောင့်စကားက ပေါ်နေပြီလေ "
"အေးကွာ၊ ဟုတ်တယ်ကွာ၊ ကြိုက်တယ်ကွာ..ဘာဖြစ်လဲကွာ "
သည်းမခံနိုင်တော့တဲ့အဆုံး ဒင်းကို ပိတ်ပြောပစ်လိုက်သည်။ တအီအီငိုနေသည့် ဒင်းကိုကြည့်ပြီး ဘာပြောလို့ ပြောရမှန်း မသိသလို ချော့ချင်စိတ်လည်း တကယ်မရှိတော့။
အသံတိတ်ရှိုက်ငိုရာမှ ဒင်းက တမ်ပို ထပ်မြင့်ပြီး အသံထွက်ငိုသည်။ အသံထွက်ငိုရင်းကနေ ခြေလက်တွေပါ ဆောင့်ပြီး ငိုသည်။ ဒင်းလို ၀တုတ်ပေါက်စတစ်ယောက်၊ တစ်ဆင့်ချင်းငိုနေပုံကိုကြည့်ပြီး ကျွန်တော်ကတော့ ခေါင်းတခါခါနဲ့ စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေမိသည်။
ငိုနေရင်းနဲ့ ဒင်းက မျက်လုံးဒေါင့်ကပ်ကြည့်သေးသည်။ ကျွန်တော့်မျက်နှာကိုမြင်တော့ ကျောခိုင်းပြီး ဆက်ငိုသည်။ ကျွန်တော်ဘယ်လိုမှ ချော့မလာတဲ့အဆုံး ဒင်းက အိမ်ပေါ်ကို ပြေးတက်သွားပြီး အခန်းထဲက လှမ်းအော်သည်။
"မောင်..အဲဒီမိန်းမတွေကို မီးထက်ပိုချစ်လားပြော.. "
"ဘယ်မိန်းမတွေတုန်းဟ.. "
"မီး ခုနတုန်းက ပြောတဲ့ မိန်းမတွေ.. "
"ဟ..အဲဒါ ညည်းပြောတာ၊ ငါပြောတာ မဟုတ်ဘူးလေဟာ "
"ဘယ်သူပြောပြော၊ မီး မေးတာပဲဖြေ၊ မီးထက် အဲဒီမိန်းမတွေကို ပိုချစ်လား.. "
"အေး ...ချစ်တယ်ဟာ...ချစ်တယ်.. မင်းထက်စာရင် အကုန်လုံးကို ပိုချစ်တယ်.."
ဒီလောက် အရစ်ထူတဲ့မိန်းမကို စိတ်မရှည်နိုင်တော့တဲ့အဆုံး ပြောပစ်လိုက်တော့ ဒင်းအသံတိတ်သွားသည်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ဆေးလိပ် ဖွာဖို့ မီးခြစ်ရှာနေတုန်း အခန်းထဲက တစ်ခုခုပြုတ်ကျသည့် အသံကြားလို့ ပြေးတက်ကြည့်တော့ ဒင်းက ကုတင်ဘေးမှာ ခွေနေလေပြီ။
လည်ပင်းမှာက ပလတ်စတစ်ကြိုးတန်းလန်းနဲ့မို့ အခြေအနေကိုသုံးသပ်ကြည့်တော့ ဒင်းက နံရံထောင့်မှာ ကြိုးချည်၊ လည်ပင်းမှာစွပ်ပြီး ကုတင်ပေါ်က ခုန်ချခဲ့ပုံပေါ်သည်။ ကိုယ့်ကိုယ်ကို တကယ့်ဆွဲကြိုးချသေတဲ့ သူကြီးလို မျက်လုံးစုံမှိတ်ပြီးခုန်ချ၊ အကျမတော်လို့ ကုတင်စောင်းနဲ့ နောက်စေ့ရိုက်ပြီး ဒင်း မေ့သွားခြင်းလဲ ဖြစ်သည်။
ကိုယ့်ခန္ဓာကိုယ်နဲ့မှမလိုက် ပလတ်စတစ်ကြိုးလည်ပင်းစွပ်ပြီး သတ်သေသည့် ဒင်းကိုကြည့်ပြီး စိတ်ပဲ ဆက်ဆိုးရမလား၊ ရယ်ပဲ ရယ်ရမလားတော့ မပြောတတ်။ ကြိုးမပြတ်ဘဲ နံရံပဲ့ထွက်လာမှ ကုန်ကျစရိတ်က များအုံးမည်။ လောလောဆယ်တော့ သတိရဖို့ လိုသည်မို့ ဒင်းကို ပွေ့ဖက်ပြီး လှုပ်နိုးရတော့သည်။
" ချစ်တုံး..ချီးထုပ်၊" " ထ..ထ.." "မောင် နောက်ဆို အဲလိုတွေ မပြောတော့ဘူး။ ဘယ်မိန်းမကိုမှလဲ စိတ်မ၀င်စားတော့ပါဘူး. " " ထ..ထ.." "သတိရပါတော့ဟ... "
စိတ်ပူပြီး အဆက်မပြတ်လှုပ်နှိုးပေးလိုက်တော့ ဒင်းက နည်းနည်း အင်းအဲ အသံပြန်ထွက်လာသည်။ အမြန်သတိရဖို့လိုသည်မို့ ကျွန်တော်လဲ အဆက်မပြတ် ဆက်ပြီးလှုပ်နှိုးနေမိသည်။
ကျွန်တော် စိတ်ပူပြီး လှုပ်နိုးတဲ့အသံကြားတိုင်း ဒင်းနှုတ်ခမ်းများခပ်တွန့်တွန့်ပြုံး သွားတတ်သည်ကို ကျွန်တော် မသိ၍လည်း ဖြစ်ပေလိမ့်မည်။
ဦးတိမ်
Post a Comment