Header Ads

သင်္ကြန်ကိုသရုပ်ဖျက်နေကြသူများ

သင်္ကြန်ဆိုတာ အားလုံးအတွက်ပျော်စရာကာလပေါ့။ လူငယ်တွေလည်းပျော်။ လူကြီးတွေလည်းပျော်။  ကလေးတွေလည်းပျော်။ ဧပြီရောက်ရင် လူတိုင်းပျော် အားလုံးပျော် …

ကျွန်မတို့ အုပ်စုကတော့ အားလုံးထဲမှာ အကဲဆုံးပေါ့။ ဆရာကြီးစတိုင်ကြီးနဲ့ အမိန့်ပေးတတ်တဲ့သူ၊ အကျီစားသန်တဲ့သူ စရိုက်ပေါင်းစုံပါတဲ့ ကျွန်မတို့အုပ်စုဟာ သင်္ကြန်နားနီးပြီဆိုရင် မရိုးမရွဖြစ်နေတတ်တယ်။ ဧပြီရောက်ပြီဆိုရင်  နေပူပူကိုတောင်မမှုနိုင်ဘဲ သင်္ကြန်အတွက်ပြင်ဆင်ကြတယ်။ မဏ္ဍပ်ထိုင်မှာလား၊ ကားနဲ့လည်မှာလား ကြိုတင်ပြင်ဆင်ရင်း အလုပ်တွေများနေတတ်တယ်။ မုန့်လုံးရေပေါ်ထဲက ငရုတ်သီးတွေ၊ အိုးမည်းသုတ်ပြီး ကျီစယ်တာတွေအားလုံးဟာ ကျွန်မတို့အတွက် ပျော်စရာအပြည့်ဖြစ်နေတတ်တယ်။

မနှစ်က ကျွန်မတို့အုပ်စု ကားနဲ့လည်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဆံပင်တွေကောက်ကြ၊ ဆံပင်တွေဖြောင့်ကြ၊ ဆံပင်ရောင်စုံတွေဆိုးကြနဲ့ သင်္ကြန်အတွက် ပထမဆုံးခြေလှမ်းကို ပြင်ဆင်ကြတယ်။ ဧပြီနွေကို ဂရုမစိုက်နိုင်ဘဲ ရှော့ပင်းထွက်ရတာလည်း အမော…. သင်္ကြန်ဆိုတာလူတွေအားလုံးကို လှုပ်လှုပ်ရွရွဖြစ်စေနိုင်စွမ်းတဲ့ အရာတစ်ခုပဲ မဟုတ်လား…

ဒီလိုနဲ့ ကျွန်မတို့အားလုံးမျှော်နေတဲ့ သင်္ကြန်ရောက်လာခဲ့တယ်။

ကျွန်မတို့စီစဉ်ထားတဲ့အတိုင်း သင်္ကြန်အကျရောက်တဲ့အခါမှာ မဏ္ဍပ်တွေရှိတဲ့ဘက်ကို ရေပက်ခံထွက်လာခဲ့ကြတယ်။ မဏ္ဍပ်တွေဆီက မြူးကြွတဲ့တီးလုံးတွေနဲ့အပြိုင် ကျွန်မတို့လည်း မြူးတူးတက်ကြွလို့ပေါ့။ တခြားကားပေါ်က ကောင်မလေးတွေကိုလှမ်းလှမ်းစနေတဲ့  အစသန်တဲ့ သီဟတစ်ယောက်ကိုလည်း ဘယ်သူမှတားဖို့သတိမရကြပါဘူး။ သင်္ကြန်ဆိုတာ လွတ်လပ်ခွင့်တွေကို ဖွင့်ဟထားတဲ့ ပွဲတော်တစ်ခုလို့ကျွန်မတို့အားလုံးလက်ခံထားကြတာ မဟုတ်လား။

မဏ္ဍပ်တစ်ခုရှေ့အရောက် ကားတွေအားလုံးတန်းစီပြီး ရေပက်ခံနေတဲ့အချိန်မှာ ဘီယာမူးနေတဲ့သီဟတစ်ယောက် တစ်ဖက်ကားပေါ်ကကောင်မလေးတစ်ယောက်ကို လှမ်းစလိုက်တယ်။ အဲဒီအချိန်မှာ တစ်ဖက်ကားပေါ်ကကောင်မလေးရဲ့ ရည်းစားဖြစ်ဟန်သူတဲ့သူက သီဟကိုရိုင်းရိုင်းစိုင်းစိုင်းတွေ ဆဲဆိုတယ်။ မူးနေတဲ့ သီဟကလည်း ပြန်ဆဲ အခြေအနေတွေက ရုတ်တရက်တင်းမာကုန်တယ်။ ကျွန်မတို့အားလုံးက သီဟကိုလှမ်းဟန့်ပြီး

အခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားဖို့ကြိုးစားနေတုန်းမှာပဲ  ကားရဲ့အစွန်းဆုံးမှာရှိနေတဲ့ သီဟရဲ့ဝမ်းဗိုက်ကို ဓားနဲ့အဆက်မပြတ်ထိုးပြီးဖြစ်နေခဲ့တယ်။ ကျွန်မတို့အားလုံးမှင်သက်….. အရာရာအားလုံးဟာ ငြိမ်သက်…..

သင်္ကြန်ရဲ့ပျော်စရာပန်းချီကားလေးဟာ ဆင်ခြင်မဲ့စွာရမ်းကားသူတွေကြောင့် သွေးတွေစွန်းခဲ့ရတယ်။ စကားလေးတစ်ခွန်း၊ စနောက်တာလေးတစ်ခုအတွက် အသက်တစ်ခုဆုံးရှုံးဖို့ ထိုက်တန်ရဲ့လား..။

တန်ဖိုးကြီးတဲ့ ဘဝတစ်ခုဟာ တန်ဖိုးမဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်..

အထိန်းအကွပ်မဲ့တဲ့ နှုတ်လေးတစ်ခုကြောင့်……….

စိတ်ကိုကြွစေတဲ့ ယမကာကြောင့်…………..

လွတ်လပ်မှုကို အသိတရားနဲ့ မထိန်းသိမ်းနိုင်မှုကြောင့်………….

အရာရာကို ဓားနဲ့ဖြေရှင်းဖို့စဉ်းစားတတ်တဲ့ သွေးကြွနေတဲ့လူတွေကြောင့် သင်္ကြန်ရေတွေ နီရဲနေတော့မှာလား….

သင်္ကြန်ရောက်တိုင်းစဉ်းစားမိတယ် လွတ်လပ်မှုတွေယှက်သန်းနေတဲ့ ပွဲတော်ကြီးမှာ လူတိုင်းအထိန်းအကွပ်ရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ပျော်ပါးကြရင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲ။ အရက်တွေ၊ဘီယာတွေမပါဘဲ ပျော်ကြမယ်၊ ရိုင်းစိုင်းတဲ့စကားတွေ မပါဘဲ စနောက်ကြမယ်။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရေစင်လေးတွေပက်ဖြန်းကြမယ်ဆိုရင် သင်္ကြန်ဟာ အစဉ်အမြဲလှပနေမှာပေါ့……..

လူတိုင်း အေးချမ်းပေါ့ပါးတဲ့ အတာသင်္ကြန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေ….


ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

Author : Aung Myint Myat(Myanmar Youths)


No comments