Header Ads

မိခင်ဘဝကိုဂုဏ်ယူနိုင်စေဖို့

ဘဝရဲ့အပြောင်းအလဲတစ်ရပ်ကြောင့် ခံစားချက်တွေပြောင်းလဲပြီး အားငယ်နေတဲ့ မိခင်အသစ်ချပ်ချွတ်လေးရေ…မင်းဟာ…

ပင်ပန်းမှုတွေကြောင့် ပါးပြင်မှာလိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို ကွယ်ဝှက်ဖို့ကြိုးစားရင်း ရေချိုးခန်းထဲကို ကပြာကယာဝင်သွားတတ်တဲ့ မိခင်ပေါက်စတစ်ယောက်တစ်ခါတလေမှာ လူမရှိတဲ့နေရာတစ်နေရာကိုသွားပြီး လဲလျောင်းအနားယူချင်စိတ်ပေါက်နေပြီဆိုတဲ့ မိခင်အသစ်ချပ်ချွတ်တစ်ယောက်မကြာခဏဗိုက်ဆာတတ်လာတဲ့အခါ “စားပဲစားနိုင်လွန်းတယ်” ဆိုတဲ့ဝေဖန်သံတွေကြောင့် ချောင်တစ်ချောင်ကိုသွားပြီး ငိုချင်နေတဲ့ နို့တိုက်မိခင်တစ်ယောက်အိပ်ပျက်ညတွေကြောင့် စိတ်ခံစားလွယ်နေတဲ့အခိုက် အငိုသန်နေတဲ့ ကလေးပေါက်စနကို ဆောင့်ကြီးအောင့်ကြီးသိပ်လိုက်မိလို့ နောင်တရနေတဲ့ မီးနေသည်တစ်ယောက်ဘီဒိုထဲက ဂျင်းဘောင်းဘီတွေကိုကြည့်ပြီး ဆူထွက်နေတဲ့ ဝမ်းဗိုက်ကိုကိုင်ကြည့်၊ သက်ပြင်းချမိပေမယ့် ရင်သွေးငယ်မျက်နှာကြည့်ပြီး ကျေနပ်နေတဲ့ သားသည်မိခင်တစ်ယောက်သူငယ်ချင်းတွေအပြင်ထွက်လည်တဲ့ ဓာတ်ပုံတွေကိုကြည့် “နောက်တော့လည်းငါလိုက်နိုင်မှာပါ” လို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ပေးနေတဲ့ အိမ်ထောင်သည်ပေါက်စနလေးတစ်ယောက်ကလေးတစ်ဖက်နဲ့ ဟင်းမချက်နိုင်တဲ့အခါ အပြင်ကဟင်းဝယ်ဖို့အတွက် အသုံးစရိတ်တွေကို စိတ်မှန်းတွက်ချက်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့မင်းဟာ…ခက်ခဲကြမ်းတမ်းတဲ့နေ့တွေကို ကလေးလေးရဲ့ မျက်နှာကိုကြည့်ပြီး ကျေနပ်စွာလျှောက်လှမ်းခဲ့တယ်။ အားပေးမယ့်သူမရှိတဲ့အချိန်တွေမှာတောင် မင်းရင်ခွင်မှာငိုနေတဲ့ အူဝဲလေးရဲ့ ငိုသံလေးမှာ မင်းပျော်နေခဲ့တယ်။ လှပတဲ့အဝတ်အစားတွေအစား မင်းကလေးအတွက် အနာဂတ်အတွက် မင်းစိတ်ဝင်စားလာခဲ့တယ်။ လောကဓံရဲ့နာကျင်မှုတွေအားလုံးကို မင်းရင်သွေးအတွက် ခါးစည်းခံခဲ့တယ်။ လောကကြီးကို အလှဆင်မယ့်ပန်းလေးတစ်ပွင့်ကို သယ်ဆောင်လာခဲ့တာကြောင့် မင်းဟာသိပ်ကိုထူးခြားတဲ့ လူသားတစ်ယောက်ပေါ့။

အခုချိန်မှာနေ့ရက်တွေက မင်းအတွက်ခက်ခဲနေလိမ့်မယ်။ ဘဝရဲ့ အပြောင်းအလဲကို ရင်ဆိုင်ရချိန်မှာ တခါတလေကျရင် မင်းရဲ့စိတ်တွေကယောက်ကယက်ဖြစ်နေလိမ့်မယ်။ တစ်ခါတလေ အကြောင်းမရှိမင်းငိုချင်လိမ့်မယ်။ တစ်ခါတလေ တာဝန်မကျေသလိုမင်းခံစားနေရလိမ့်မယ်။

ဒါပေမဲ့ မင်းရင်သွေးရဲ့ အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ မင်းကိုကြည့်တဲ့အခါ ပြည့်ဝတဲ့ အရသာတစ်မျိုးကို မင်းခံစားရလိမ့်မယ်။

မင်းရင်သွေးရဲ့ လက်ချောင်းသေးသေးလေးတွေက မင်းကိုဆုပ်ကိုင်တဲ့အခါ အားလုံးကိုတွန်းလှန်နိုင်တဲ့ အားအင်တစ်ခုကို မင်းခံစားရလိမ့်မယ်။

မင်းရင်သွေးလေး နှုတ်က “မေမေ” ဆိုတဲ့ စကားလေးကို ပထမဆုံးကြားရတဲ့အခါ မင်းကိုယ်မင်းအထူးခြားဆုံးလူသားတစ်ယောက်အဖြစ်ခံစားရလိမ့်မယ်။

မင်းရင်သွေးနဲ့ ရင်ဘတ်ချင်းကပ်ထားမိတဲ့အခါမှာတော့ အခြားအရာတွေဘာမှ မင်းလိုချင်တော့မှာ မဟုတ်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတစ်ယောက်အတွက် အကောင်းမွန်ဆုံးလက်ဆောင်ဖြစ်တဲ့ မိခင်ဆိုတဲ့ ရာထူးကို မင်းရသွားပြီလေ။ မင်းဟာသိပ်ကိုထူးခြားတဲ့သူတစ်ယောက်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးကိုအကျိုးပြုနိုင်တဲ့လူတစ်ယောက်ကို လောကကြီးထဲ မင်းခေါ်ဆောင်လာခဲ့လို့လေ။

မိခင်များအားလုံးကိုလေးစားဂုဏ်ပြုလျက် ….


ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အောင်မြင့်မြတ်(Myanmar Youths)


No comments