Header Ads

ကြားဖြတ်ရွေးကောက်ပွဲကပေးသောသင်ခန်းစာ (၃) ရပ်



မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် SNLDပါတီမှ အနိုင်ရလွှတ်တော်အမတ်များ မဲရလဒ်စာရင်းချုပ်ကို လက်မှတ်ရေးထိုးကြစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

ပြည်နယ်တွေကပေးတဲ့ သင်ခန်းစာ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ သည် လူစိတ်ဝင်စားမှု နည်းပါး လင့်ကစား ပြည်နယ်မဲဆန္ဒနယ် များက အရေးကြီးသော သတင်းစကားကို ချန်ထားခဲ့ကြသည်။ ၂၀၁၅ က တစ်တိုင်းပြည်လုံးတွင် အများစုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား  မဲပေးခဲ့ပြီး  နိုင်ငံရေးအာသီသကို ပြကြသကဲ့သို့ ၂၀၁၇ ကြားဖြတ်တွင် ပြည်နယ် များက ဒီချုပ်ကို မဲမပေးဘဲ ၎င်းတို့ ၏ နိုင်ငံရေးအာသီသ ပြသကြသည်။
၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲ၏ ပြည်နယ်မဲဆန္ဒနယ် ၁၂ ခုတွင် ဒီချုပ်က နှစ်နေရာသာ အနိုင်ရရှိသည်။ လစ်လပ်မဲဆန္ဒ နယ် ၁၉ နေရာဆိုသည်မှာ ထိုင်ခုံ ၈၇၈ ခုံရှိပြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် အ ရေးမပါလှသော်လည်း ဒီချုပ် ခေါင်းဆောင်များက မဲဆန္ဒနယ် အားလုံးနီးပါး ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ မဲဆန္ဒနယ်အားလုံးကို အ နိုင်ရရန်လည်း ကြုံးဝါးခဲ့သည်။

သို့သော်လက်တွေ့တွင် နှစ် နေရာသာနိုင်ခဲ့သည်။ ညောင်ရွှေ သည် ၂၀၁၅ တွင်လည်း ဒီချုပ် နိုင်ထားသော မဲဆန္ဒနယ်ဖြစ်ပြီး ထန်တလန်သည်လည်း ဒုသမ္မတ ခန့်ထားသော ဦးဟင်နရီဗန်ထီးယူ အနိုင်ရခဲ့သော နေရာဖြစ်သည်။

၂၀၁၅ က ဒီချုပ်မနိုင်ခဲ့သောအမ်း၊ ကျိုင်းတုံတို့တွင်လည်း ၂၀၁၇တွင် ရှုံးကြွေးမဆပ်နိုင်ခဲ့ ပေ။ ၂၀၁၅ က ရွေးကောက်ပွဲ မကျင်းပခဲ့သော ကျေးသီးနှင့် မိုင်း ရှူးတွင်လည်း ဒီချုပ်ရှုံးပြန်သည်။ ပြည်နယ်မဲဆန္ဒနယ်များနှင့်ပတ် သက်လျှင် ဒီချုပ်သည် အစ မကောင်းခဲ့ပေ။ ဖရူဆိုမဲဆန္ဒနယ် အတွက် အမည်စာရင်းတင်သွင်း မှု နောက်ကျခဲ့၍ မပြိုင်ရဘဲ အရှုံး ပေးခဲ့ရသည်။ ရှုံးချက်အနာဆုံးက ချောင်းဆုံဖြစ်သည်။ တံတားကိစ္စ က အဖြေဖြစ်ခဲ့သည်။

‘‘တိုင်းရင်းသားရေးရာကိစ္စ ရပ်တွေဟာ မြန်မာနိုင်ငံမှာ အရမ်းထိလွယ်ရှလွယ်ဖြစ်တယ်။ ဒီတော့အာဏာရအစိုးရအနေနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေ၊ မူဝါဒတွေ၊ ပြည်နယ်တွေနဲ့ပတ်သက်တဲ့ မူဝါဒတွေကို အထူးသတိထားဖို့လို တယ်။ အဲဒီဘက်မှာ သတိမမူဘဲ နေမယ်ဆိုရင် ချောင်းဆုံဟာ အကောင်းဆုံးနမူနာပဲလို့ မြင်တယ်’’ ဟု တကောင်းအင်စတီကျု့ဒ်မှ ကိုရဲမျိုးဟိန်းက သုံးသပ်သည်။

ရွေးကောက်ပွဲနိုင်ပြီး အစိုးရ ဖွဲ့လိုသည့် ပါတီများသည် ပြည် နယ်များ၏ အားကိုချန်ထား၍ မရပေ။ ပြည်သူ့လွှတ်တော်တွင် ပြည်နယ်များက ရွေးချယ်တင်မြှောက် သည့် ကိုယ်စားလှယ် ရာခိုင်နှုန်းသည် ၂၇ ဒသမ ၉၅ ရာခိုင်နှုန်းရှိပြီး အမျိုးသားလွှတ်တော်တွင်မူ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည် နယ်များ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အောင်ပွဲခံနိုင်ခဲ့ခြင်း က အစိုးရဖွဲ့ရေးအတွက် အ ထောက်အကူဖြစ်ခဲ့သည်။

အစိုးရဖြစ်ပြီး တစ်နှစ်အ ကြာတွင် ကျင်းပသည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲရလဒ် အရဆိုလျှင် ၂၀၂၀ ၌ ပြည်နယ် များ၌ NLD အနေဖြင့် ၂၀၁၅ လောက် အခြေအနေကောင်းရန် မလွယ်ကြောင်း အကြမ်းဖျင်း ကောက်ချက်ချနိုင်သည်ဟု ကိုရဲ မျိုးဟိန်းက သုံးသပ်သည်။

‘‘၂၀၁၇ ကြားဖြတ်ရလဒ်ကို အခြေခံပြီး ပါတီအနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင် မလဲဆိုတာကိုတော့ စောင့်ကြည့် ရမယ်။ ဒီတော့ လာမယ့် လေးနှစ် မှာ NLD အစိုးရအနေနဲ့ တိုင်းရင်း သားတွေနဲ့ပတ်သက်တဲ့ သဘော ထားနဲ့ မူဝါဒတွေမပြင်ဘဲ ဒီအ တိုင်းဆက်သွားရင် ၂၀၁၅ က နိုင်ခဲ့တဲ့ ပြည်နယ်တွေမှာ အတော်များ များ ပြန်ဆုံးရှုံးနိုင်တယ်’’။

မဲဆန္ဒနယ် ၁၈ နေရာဝင်ပြိုင် ပြီး ကိုးနေရာသာ အနိုင်ရသည့်အပေါ် သင်ခန်းစာယူမည်ဖြစ် ကြောင်း ဒီချုပ်ပါတီဝင်အချို့က လည်းပြောသည်။

‘‘ကိုယ့်ရဲ့အားနည်းချက် တွေ၊ အားသာချက်တွေကို ချင့် ချိန်လို့ ရသွားတဲ့အနေအထားမျိုး တော့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားဒေသတွေမှာ တိုင်း ရင်းသားပါတီတွေ ဒီလိုရသွား တယ်ဆိုတာ ကျွန်တော်တို့က အ များကြီးကြိုဆိုတယ်။ အများကြီး ကျေနပ်တယ်’’ဟု ဒီချုပ်ပါတီပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လည်း ယခုဖြစ်ရပ်ကို သုံးသပ်ပြီး ၂၀၂၀ တွင် ယခုကဲ့သို့မဖြစ်အောင် သေချာဆောင်ရွက်သင့်ကြောင်း ပြောသည်။

အာဏာရ ဒီချုပ်ပါတီအနေ ဖြင့် တိုင်းရင်းသားလူမျိုးများအ ရေး၊ အခွင့်အရေး၊ တိုင်းရင်းသား လူမျိုးစု အများစုနေထိုင်သည့် နေ ရာများတွင် လူမှုရေး၊ စီးပွားရေး စသည့်လိုအပ်ချက်များကို တိုင်း ရင်းသားခေါင်းဆောင်များ၊ တိုင်း ရင်းသားအရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာမှုအပိုင်းတွင် အားနည်းချက်များရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက် တာရန်မျိုးသိမ်းက ပြောသည်။

‘‘လက်ရှိ အာဏာရပါတီအ နေနဲ့ အစိုးရ၊ လွှတ်တော်ရဲ့ တစ် နှစ်အတွင်း လုပ်ဆောင်ချက်တွေ ကို စနစ်တကျပြန်လည်သုံးသပ် ပြီး ကြက်မွေးနဲ့ တိုက်တာမျိုး မဟုတ်ဘဲ ဘရက်ရှ်နဲ့ တိုက်သင့် တိုက်ပြီး ကျောသားရင်သားမခွဲ ခြားဘဲ အမှီအခိုကင်းကင်း လွတ် လွတ်လပ်လပ် ဘယ်အချက်တွေ မှားလဲ၊ ဘယ်အချက်တွေလွဲလဲ၊ ဘယ်အချက်တွေ အားနည်းလဲ ဒါတွေကို စနစ်တကျသုံးသပ်ပြီး လာမယ့် လေးနှစ်အတွင်း ပြင် ဆင်ပြောင်းလဲ ဆောင်ရွက်နိုင်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီလို မလုပ်နိုင်ရင် ၂၀၂၀ ရွေးကောက် ပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့မတူ တဲ့ ရလဒ်မျိုးဖြစ်လာနိုင်တယ်လို့ ထင်တယ်’’ဟု ၎င်းကပြောသည်။

မဲပေးမှုနှုန်းနည်းပါးခြင်း

မဲပေးခြင်းသည် နိုင်ငံသား တစ်ဦး၏အမြင့်ဆုံးအခွင့်အရေး ဖြစ်သော်လည်း ၂၀၁၇ ကြားဖြတ် တွင် မဲဆန္ဒရှင်လူထုက ယင်းအ ခွင့်အရေးကို ချွေတာခဲ့သည်။ မဲ ပေးခွင့်ရှိသူ ၂ ဒသမ ၂ သန်း၌ မဲလာပေးသူ ခုနစ်သိန်းရှစ်သောင်း ကျော်သာရှိခဲ့သည်။ ထို့ကြောင့် မဲပေးမှုနှုန်း ၃၅ ရာခိုင်နှုန်းကျော် သာရှိသည်။  

‘‘မဲနည်းရတဲ့ အကြောင်း ရင်းက ကြားဖြတ်ဖြစ်နေတယ်ဆို တာအပြင် ရွေးကော်က အလုပ် မလုပ်လို့လား၊ ကိုယ်စားလှယ် တွေ မဲဆွယ်တာ အားနည်းလို့ လား၊ ဒါမှမဟုတ် အရေးကြီးဆုံး တစ်ချက်က ပြည်သူတွေက ရွေး ကောက်ပွဲကြီးကို မယုံတော့လို့ လား။ ဒီရွေးကောက်ပွဲမှာ မျှော် လင့်လို့ အကျိုးမရှိလို့ စိတ်ဝင်စား မှုမရှိတာဆိုရင်တော့ ပြဿနာရှိ လာပါပြီ’’ဟု ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတာဝန်ကို ၂၀၁၀ မှ ၂၀၁၅အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးကိုကိုက သုံးသပ်သည်။

ဦးဝင်းထိန်ကလည်း  ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ် အများစု၌ ဒီချုပ်ပါတီ အခြေအနေ မကောင်းခြင်းမှာ မဲပေးမှုနှုန်းနည်း ပါးခြင်းမှာ အဓိကအချက်တစ်ချက် ဖြစ်သည်ဟုဆိုသည်။ ခြောက်နှစ်အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲသုံးကြိမ်တွင် ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့ခြင်းက ကြားဖြတ်ကို စိတ်ဝင်စားမှု လျော့ကျဖွယ်ဖြစ်ခဲ့ သည်။

ထို့အပြင် လစ်လပ်မဲဆန္ဒ နယ်နည်းပါးပြီး လွှတ်တော်တွင်း ချိန်ခွင်လျှာကို အပြောင်းအလဲ မဖြစ်နိုင်ခြင်းက ကြားဖြတ်ကို စိတ်ဝင်စားမှုနည်းရခြင်း အ ကြောင်းရင်းတစ်ခု ဖြစ်သည်။ ယင်းသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရဖွဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် များထဲက အနည်းငယ်ကို ခန့်အပ်ခဲ့ခြင်း၏အကျိုးဆက်ဖြစ်သည်။

ဇာတ်လမ်းတွဲကော်မရှင်

ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးသူနည်းပါးသော်လည်း ရွေး ကောက်ပွဲရလဒ်စောင့်ကြည့်သူ က များပြားခဲ့သည်။ ဧပြီ ၁ ရက် တွင် ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ရုပ်မြင်သံကြားမှတိုက်ရိုက် ကြေညာမည်ဟူသော သတင်းမှာ April Fool ဖြစ်သွားသည်။ ကော်မရှင်ဥက္ကဋ္ဌသစ်ဦးလှသိန်းမှာ စင်ပေါ်တက်လာပြီး နောက်မဲရလဒ် ကို ဧပြီ ၂ ရက်မှ ကြေညာမည်ဟု ပြောကြားသွားရာ စောင့်ကြည့်နေ သောပရိသတ်များ မချင့်မရဲဖြစ်ခဲ့ ရသည်။ ကြားဖြတ်ရွေးကောက် ပွဲရလဒ်များ ထုတ်ပြန်ကြေညာရန် နောက်ကျခဲ့ရခြင်းသည် ဖုန်းလိုင်း အခက်အခဲနှင့် စာရွက်စာတမ်း ကိစ္စအခက်အခဲအချို့ကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်မှအတွင်း ရေးမှူး ဦးတင်ထွန်းကအကြောင်းပြသည်။ သို့သော် မဲဆန္ဒနယ် ၁,၁၅၀ ကျင်းပပေးခဲ့ရပြီး ရွေး ကောက်ပွဲကျင်းပသည့် ညမှာပင် မဲဆန္ဒနယ်အမြောက်အမြား၏ ရ လဒ်ကို ကြေညာပေးနိုင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်သူ များကမမေ့ကြသေးပါ။ ၁၉နေရာသာကျင်းပသော ၂၀၁၇ ကြား ဖြတ်တွင် ရွေးကောက်ပွဲရလဒ်ကို ညတွင်းချင်း သိရလိမ့်မည်ဟု မဲ ဆန္ဒရှင် ပြည်သူများက မျှော်လင့် ခဲ့ကြသည်။

သို့သော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ရွေး ကောက်ပွဲပြီးနောက်တစ်နေ့မှသာ ရွေးကောက်ပွဲရလဒ်ကို ဇာတ် လမ်းတွဲပြသသကဲ့သို့ အပိုင်းခွဲပြီး ကြေညာနိုင်ခဲ့သည်။


Credit-7daydaily


No comments