Header Ads

ဖက်ဒရယ်အိုက်ဒေါ

ဖက်ဒရယ်အိုင်ဒေါ ………………………….. ဘယ်နှစ်ခုနှစ်မှန်းပင်မသိတော့။
=====================================================

ဘာအကြောင်းအရင်းကြောင့်မှန်းလည်း မသိတော့။ နိုင်ငံတော်ကြီးရှိ များပြားလှသော လက်နက်ကိုင်တပ်များသည် အချင်းချင်း ချနေကြဆဲ။ နိုင်ငံအတွင်း ရှိလူမျိုးတိုင်းတွင် လက်နက်ကိုင်တပ်များတွေ ရှိသည်။ ကချင့် လက်နက်ကိုင်တပ်၊ ရှမ်းလက်နက်ကိုင် ၊ ကရင့်လက်နက်ကိုင် ၊ မွန်လက်နက်ကိုင်၊ ရခိုင့်လက်နက်ကိုင် ဘာညာကွိကွ လက်နက်ကိုင်တင်လား။ အောင်မယ်..ကျောင်းသားလက်နက်ကိုင်ဆိုတာပါ ရှိသေးသည်။ ကမ္ဘာ့လက်နက်ကိုင် အများဆုံးနိုင်ငံအဖြစ် ဂင်းနက်စ်မှတ်တမ်းစာအုပ်တွင်ပင် ဖော်ပြခံခဲ့ရပြီးပြီ။ ထိုလက်နက်ကိုင်များ အားလုံးသည်လည်း တရားသောစစ်ကိုပင် တိုက်ကြသည်။ မတရားသောစစ်ဆိုလျှင် လက်ဖျားနှင့်ပင် မတို့ ဟု ဆိုကြ၏။ သို့ဆိုလျှင် မတရားသည်မှာ တိုင်းရင်းသားပြည်သူများသာဖြစ်မည်။ လက်နက်ကိုင်များ၏ တရားသောစစ်ပွဲများတွင် ထိုတိုင်းရင်းသားပြည်သူများမှာ အီစတွန့်ဗွမ်ကုန်ကြသည်မှာ ခေတ်အဆက်ဆက်။ ပြည်သူအပေါင်းသည် စစ်ပွဲများကျေးဇူးကြောင့် တောင်ပြေး မြောက်ပြေးဖြင့် ဟိုဝန်ကြီးချုပ်ကြီးပြောသလို ဆီးချို၊ သွေးချို ရောဂါများကင်းဝေးကြကုန်သည်။ စစ်ဘေးရှောင်ဒုက္ခသည်ကူညီရေးစတိတ်ရှိုးများ ကြည့်ကြရကုန်သည်။ သေဘေးရှောင်စစ်စခန်းကြီးများတွင် ပျော်ရွှင်စွာ ထမင်းထုတ်စားကြလေသည်။ ကတုတ်ကျင်းကြီးများထဲတွင် တစ်နေကုန် ဗုံးခိုကြရသဖြင့် ပထ၀ီဓာတ်များ ကြွယ်ဝကုန်သည်။ လက်နက်ကိုင်အသီးသီး၏ ကျေးဇူးကား ထို့နှယ့်ပြောကုန်ဖွယ်မရှိ။ စစ်ဆန့်ကျင်ရေးအတွက် လမ်းလျှောက်သည့် သူများလည်း လျှောက်ရင်း လျှောက်ရင်းဖြင့် မြောက်ဝင်ရိုးစွန်း အထိ ရောက်သွားကုန်ပြီ။ ပထမပင်လုံ၊ ဒုတိယပင်လုံ၊ တတိယပင်လုံ မှသည့် ၁၀၁ ကြိမ်မြောက်ပင်လုံတွေ ဘာတွေဖြစ်ကုန်သဖြင့် ပင်လုံမြို့သည် တိုင်းရင်းသားရိုးရာဝတ်စုံနှင့် အစားအစာပေါင်းစုံ ရောင်းချသည့် ဈေးတန်းကြီးတွေ၊ ရှောပင်းမောကြီးတွေနှင့် ဖြစ်ကုန်လေပြီ။ နိုင်ငံတော်အနှံအပြားတွင်ကား လက်နက်ကိုင်များအကြား လိဂ်ပွဲ၊ ဖလားပွဲ၊ ချစ်ကြည်ရေးလက်စမ်းပွဲ စသဖြင့် တိုက်ပွဲရာသီများ ပြတ်သည်မရှိ။ ဒီတော့ကာ တိုင်းပြည်သည် ဖွတ်ဖွတ်ညက်ညက် သည်ထက် ဖွတ်ဖွတ်ညက်ညက်ကုန်ပြီ။ ပညာရှင်များက စဉ်းစားကြသည်။ ဘယ့်နှယ့်လုပ်ကြမတုန်း။ ဧက ၁၀၀၀ ခန့် ကျယ်သည့် ခြံကြီးဝယ်။ အုတ်တံတိုင်းကို အမြင့်ကြီးခတ်။ တိုက်ရန်ခိုက်ရန်ရှိသည့် လက်နက်ကိုင်တပ်များမှ တပ်မှူးကြီးများကို ဆင့်ခေါ်ပြီး စာရင်းသွင်းခိုင်း။ ပြီးလျှင် ရက်ချိန်းယူ။ သူ့ရက်နှင်သူ ကိုယ့်အဖွဲ့တွေ ကိုယ်ခေါ်လာပြီး ဒီခြံကြီးထဲမှ တိုက်ကြ။ အပြင်ကို မထွက်ရ။ ဆေးရုံ၊ ဆေးခန်းများကို ခြံပြင်တွင် အသင့်ဖွင့်ပေးထားမည်။ လက်နက်ရိက္ခာအတွက် နိုင်ငံတော်မှ ပံ့ပိုးပေးမည်။ အိုကေ..ဒီအစီအစဉ် မနှိပ်လား။ နို့…သို့ပေသိ…ဒီစီမံကိန်းလည်း မဖြစ်သွားခဲ့။ ဧက ၁၀၀၀ ရှိသည့် မြေနေရာတွင်အားလုံးက ဟိုဦးက ပိုင်၊ ဒီအဒေါ်ကပိုင်၊ အာမီကပိုင်၊ ပါတီကပိုင်၊ သူဌေးကြီးတွေကပိုင်၊ ဘယ်သူမှ မဖယ်ပေးချင်ကြ။ တစ်ပေလွတ်လျှင် တစ်ပေကျူးမည် ဆိုသည့် မြန်မာ့ကျူးကျော်ကော်မတီများကလည်း နိုင်ငံတော်ပိုင်မြေ ဟု ဆိုလိုက်သည်နှင့် တဲလာထိုးရန်အသင့်အနေအထား။ ဒီလို အခြေအနေမှာ ဒီစီမံကိန်းကို ဘယ့်နှယ့်အကောင်ထည်ဖော်မတုန်း။ နောက်တစ်မျိုးပြောင်းစဉ်းစားကြသည်။ အိုကေ..ဟုတ်ပြီ။ တချိန်က ခေတ်စားခဲ့သည့် မြန်မာအိုင်ဒေါဆိုသည့် သီချင်းဆို ပြိုင်ပွဲကို သွားသတိရကြသည်။ ဒီပြိုင်ပွဲကို လူတွေ သဲသဲလှုပ်ခဲ့ကြသည်။ ကိုယ်ကြိုက်သည့် ပြိုင်ပွဲဝင်ကို ပြည်သူများက မဲပေးခြင်းဖြင့် ရွေးချယ်ကြသည့်ပွဲ။ နောက်ဆုံးကျန်ရစ်သူ သုံးဦးက ဘော်တွန်သရီးဟုခေါ်သော ထိုင်ခုံသုံးခုံမှာ ထိုင်ရမည်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းတွင် ပရိသတ်၏ မဲများအရ တစ်ယောက်ဆီ ဖြုတ်သွားမည်။ နောက်ဆုံး Winner တစ်ယောက်ပဲကျန်မည်။ ဒီနည်းသည် အကောင်းဆုံး။ သက်ဆိုင်ရာလက်နက်ကိုင်တပ်အသီးသီးမှ ခေါင်းဆောင်ကြီးများ သီချင်းဆိုပြိုင်ကြမည်။ ပြည်သူက ကိုယ်ကြိုက်သည့်တပ်ကို Voting ပေးကြမည်။ မဲအများဆုံးလက်နက်ကိုင်ကို နိုင်ငံတော်၏ တစ်ခုတည်းသောလက်နက်ကိုင် တပ်အဖြစ် သတ်မှတ်ပေးမည်။ ကျန်သည့်လက်နက်ကိုင်တွေ လက်နက်ချကြပေတော့။ ဒီအတိုင်းဆို လူများစုရှိသည့် ဗမာမဲတွေနှင့်ပဲ နိုင်တော့မည်ပေါ့တဲ့။ ဘာမှ မပူနှင့်။ လူတစ်ဦးလျှင် တစ်မဲမဟုတ်။ မိမိဖုန်းများမှတဆင့် ကိုယ်ကြိုက်သလောက် ငွေကုန်ခံပြီး မဲပေးနိုင်မည်။ ဗုတ်တင်သည် မိမိသက်ဆိုင်ရာ လက်နက်ကိုင်တပ်များကို မိမိလူထုမှ ဘယ်လောက် စေတနာထားကာ ချစ်နိုင်မလဲအပေါ်မှာသာ မူတည်နေသည်။ ထိုဗုတ်တင်ပေးကြရာမှ ရသည့်ငွေများကို ရှုံးသည့် လက်နက်ကိုင်အဖွဲ့ဝင်များ ပြင်ပတွင် စီးပွားရေးလုပ်စားရန် ပြန်ခွဲဝေပေးမည်ဟူ၏။

နဂိုကတည်းက အနုပညာအရာတွင် ခေသူမဟုတ်ကြသော လက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးများက ဒီအစီအစဉ်ကို သဘောတူကြသည်။ တစ်သက်လုံးစစ်တိုက်လိုက်၊ ငြိမ်းချမ်းရေးဆွေးနွေးလိုက်လုပ်လာတာ ငြီးငွေ့လာပြီ။ အခုတော့ ပျော်ပျော်ပါးပါးသီချင်းဆိုပြိုင်ရင်း အနိုင်အရှုံးကို ဆုံးဖြတ်ကြမည်။ အဆိုပြိုင်ပွဲများတွင် ဂိုက်လုပ်ပေးသော အဆိုပညာရှင်များကို လက်နက်ကိုင်တပ်အသီးသီးမှ နည်းပြအဖြစ် အလုအယက်ငှားရမ်းကြသည်။ နာမည်ကျော် အဆိုပြိုင်ပွဲများဖြစ်သည့် မြန်မာအိုင်ဒေါ၊ အိပ်မက်ဆုံရာတို့မှ အဆိုနည်းပြများဖြစ်သော မထရေစီ၊ ကိုခိုင်မြဲသာတို့သည် အပြောင်းအရွှေ့ဈေးကွက်တွင် ကြေးအမြင့်ဆုံးဖြစ်သွား၏။ ခေါင်းဆောင်ကြီးများသည် ကေတီဗွီများကို ပုတ်ပြတ်ငှားသူ ငှားကြ၊ စတူဒီယိုကြီးများကို လက်နက်ကိုင်တပ်ပိုင်မြေအဖြစ် သတ်မှတ်ကာ လေ့ကျင့်သူ လေ့ကျင့်ကြနှင့်။ …………………………… ပြိုင်ပွဲနာမည်ကို ဖက်ဒရယ်အိုင်ဒေါ ဟု ပေးလိုက်ကြသည်။ ပြိုင်ပွဲစပြီ။ ''မြန်မာပြည်တ၀ှမ်းမှ ဖက်ဒရယ်အိုင်ဒေါပရိသတ်များ အားလုံး မင်္ဂလာပါ'' အစီအစဉ်တင်ဆက်သူ မောင်ကျော်ထက်အောင် သည် အလံဖြူကြီးတစ်လက်ကို ခါးတွင်ထိုးပြီး အောင်မြင်ခန့်ညားသောအသံဖြင့် ပွဲကို စတင်ဖွင့်လှစ်လိုက်သည်။ ''ဖက်ဒရယ်အိုင်ဒေါရဲ့ အရေးပါဆုံးသော ဒိုင်များဖြင့် မိတ်ဆက်ပေးပါရစေ'' အန်ကယ်လ်ကြီး ထွက်လာသည်။ သူ့ထုံးစံအတိုင်း ဖက်ရှင်ကတော့ မိသည်။ ကျည်ကာအင်္ကျီစစ်စိမ်းရောင်ဝမ်းဆက်နှင့်။ ''ဒီအင်္ကျီက အန်ကယ့်လ်ဇနီးက ရုရှစစ်ဘက်ဆိုင်ရာသိပံ္ပဌာနက မှာပေးထားတာပါ။ မြန်မာငွေနဲ့ဆို သိန်းငါးထောင်လောက်ပေးရတယ်လေကွယ်။ သူက လစ်မိတက်အန်ဒီရှင်ပဲထုတ်တာ။ လစ်မိတက်အန်ဒီရှင်ဆိုတာ ၀ယ်သလောက်ထက် ပိုမရောင်းဘူးလေကွယ်။ အာပီဂျီနဲ့ ပစ်တောင် ပွန်းရာမထင်ဘူးလေ။ ကြည့်စမ်း အန်ကယ်လ် မလှဘူးလား'' အာပီဂျီကျည်ပေါက် မပေါက်တော့ မသိ။ ရုရှားပြည်မှ တိုက်လေယာဉ်များ မိုးပေါ်မပျံခင်ပင် မြေကြီးထဲ ဒိုင်ဗင်ထိုးပျက်ကျခဲ့သည် သတင်းများကို အန်ကယ်လ် တကယ်ပင် မသိပေရောလား။ ဒုတိယ ထွက်လာသူက တီဆွေ။ သူက ကြက်ခြေနီယူနီဖောင်းနှင့်။ ''ဂျနီဖာကွန်ဗင်းရှင်းအရ ကြက်ခြေနီတံဆိပ်ပါရင်၊ ကြက်ခြေနီဆိုရင် မပစ်ရဘူးလေ..ဒါ့ကြောင့်တီဆွေ အနေနဲ့ ဒီဖက်ရှင်ကို ရွေးချယ်ခဲ့တာ'' သို့သော် ဒီနိုင်ငံတွင်တော့ ဂျနီဖာကွန်ဗင်းရှင်းတွေ ဘာတွေမသိ။ ဆော်ကြပြီဆိုလျှင် ကြက်ခြေနီကားပင် မချန် ဆော်ကြသည်ဆိုသည်ကိုတော့ တီဆွေ မသိရှာ။ တီဆွေ ကံကောင်းပါစီ ဟုသာ ဆုတောင်းပေးရတော့မည်။ နောက်တစ်ယောက်။ မကြီးတင်ဇာ။ သူကတော့ UN တံဆိပ်အကြီးကြီးကို နဖူးမှာ စီးလာသည်။ ''UN တံဆိပ်ပါရင် တိုက်ပွဲတွေထဲ သွားလို့ လာလို့ရတယ်လေ…အမအနေနဲ့ကတော့ အင်တာနေရှင်နယ်လယ်ဗယ်အရ ပြိုင်ပွဲဝင်တွေ…နောက်တဆင့်အထိ ငြိမ်းချမ်းရေးကို ဆွဲခေါ်သွားနိုင်လိမ့်မယ်လို့ထင်တယ်'' UN ဟုဆိုလျှင် ဆန္ဒပြရန်ချောင်းနေသော ဒီနိုင်ငံအကြောင်းကို မကြီးတင်ဇာ မသိရောသလား။ ပြိုင်ပွဲမစမီ ပြိုင်ပွဲဝင်များမှ စုပေါင်းပြီး သီချင်းတစ်ပုဒ်ဆိုကြသည်။ ''တရားသောစစ်အောင်စေ..အောင်မြင်ပါစေလေ..တူနယ့်နဲ..တူနယ်..တဲနယ်တူ'' ခေါင်းဆောင်ကြီးများသည် ကီးကို အမြင့်ဆုံးထိအောင် အော်ဆိုကြသည်။ အိုကေ…ပြိုင်ပွဲစပြီ။ ''ရန်သူနှင့်တွေ့တော့ မီးလို….ပြည်သူနဲ့တွေ့တော့ ဓာတ်ဆီ'' ''၀ုန်းဒိုင်းကြဲသံဆူညံသည်…တို့တိုင်းပြည်က ဖြစ်ပါသည်..အာပီဂျီနဲ့ ကျွေးတော့ ဟိုဒင်းတုန်သည်..စစ်ကူလည်းရောက်လာပြီ..ဒီတစ်ပွဲပြီးရင် နားဦးမည်..မြို့သို့တက်ကာ တွေ့ဆုံဝိုင်သောက်မည်'' ''ကချင်မြေကို လာပါ..တကယ်ဆော်တယ်နော့…ဟေ့..ကချင်မြေကို လာပါ တကယ်ဆော်တယ်နော်'' ''ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ ဗုံးပေါက်တဲ့ ကျွန်တော်တို့ မြို့လေးကို..အလည်တစ်ခေါက်ရောက်လာမယ်လို့ဆို မှာချင်ပါသေးတယ်…အပိုတစ်စုံဆောင်လာခဲ့ ချိုင်းထောက်တစ်စုံ'' ''မွန်တို့ဌာနရာမညတိုင်းဆီ…စစ်တောင်းတံတားကြီး ဗုံးထောင်ခွဲမယ်ဆို'' ''လာပါ..လာပါ..အရောက်လာပါ..ရခိုင်ဗဟိုရ်စည်ကြီး တီးချိန်မှာ..ဒီအချိန်အခါမှာ အရောက်လာပါ..အာပီဂျီနဲ့ ထုမယ်ကွာ'' နိုင်ငံတကာမှ လက်နက်ကုမ္ပဏီများကလည်း ကြေငြာများ အလုအယက်ထည့်ကြသည်။ ''ဆိုမာလီမှာ ရှိတဲ့ ကျွန်မ အမက ပြောတယ်။ ၉ မမက ပစ္စတို က သိပ်ကောင်းတယ်တဲ့။ ကျွန်မလည်း စမ်းသုံးကြည့်လိုက်တော့…၀ိုး..အုတ်နီခဲ စာ မိတော့တာပဲ'' ''စတီးဝေးလ် မစ်ဇိုင်း ဖိုက် တူးသောင်ဇင်းအမ်ဆယ်ဗန်တီး စကက်ဒုံး'' စသည်ဖြင့် ကြေငြာနည်းများလည်း ပါသည်။ ပြိုင်ပွဲဝင် ခေါင်းဆောင်ကြီးများ များလွန်းသဖြင့် အဆိုပြိုင်ပွဲကို ခုနှစ်ရက်ဆက်တိုက် ကျင်းပရလေသည်။ ခုနှစ်ရက်တာ ကျင်းပပြီးနောက် အဆုံးအဖြတ်နေ့သို့ ရောက်လာလေပြီ။ မဲရလဒ်များကို ကြေညာတော့မည်။ ထိုင်ခုံအသီးသီးပေါ်တွင် ခေါင်းဆောင်ကြီးများ မိန့်မိန့်ကြီး ထိုင်နေကြသည်။ သူတို့ရှေ့ မလှမ်းမကမ်းတွင်တော့ ထိုင်ခုံသုံးခုံရှိသည်။ မဲအနည်းဆုံးလူများ ထိုင်ရမည့် ထိုင်ခုံ။ ''မကြာမီ အချိန်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံးက ရရှိထားတဲ့ SMS ဗုတ်တင်တွေ၊ ဖေ့ဘွတ်ဗုတ်တင်တွေ အရ ဘယ်သူဟာ ဘော်တွန်သရီးမှာ ထိုင်ရမလဲ။ ဘယ်တပ်ဟာ ဖက်ဒရယ်အိုင်ဒေါကနေ ထွက်ခွာရမလဲဆိုတာ ကြေညာပေးပါတော့မယ်'' ''ဟုတ်ကဲ့…ကျေးဇူးပြုပြီး…မီးလေး ခဏ မှိတ်ပေးပါ ခင်ဗျား'' ရုတ်တရက် မီးမှောင်သွားချိန်။ ''ဟာ..မီးအမှောင်ချလိုက်ပြီဟေ့…ဒါ တို့ကို သက်သက်လုပ်ကြံဖို့ ဥာဏ်ဆင်တာ…ပစ်ကွာ..ဒိုင်းညှောင့်'' ''ဟာ..စပစ်ပြီဟေ့..မင်းတို့ စပစ်တာနော်….ရတယ်လေ…လာပြီဟေ့ လက်ပစ်ဗုံး…ဂလုန်း'' ''ရွှီး..ဒိုင်းညှောင့်…ဒက်ဒက်ဒက်ဒက်..'' အမှောင်ခန်းထဲတွင် ဖက်ဒရယ်ပြိုင်ပွဲဝင်တို့ ရမ်းသမ်းဆော်ကြပြီ။ တိုက်ပွဲက နာရီဝက်သာကြာသည်။ အမှောင်ခန်းအတွင်း တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် အခန်းတွင်းမှ အောင်မြင်ခန့်ညားသော အသံတစ်သံထွက်လာသည်။ ''စစ်ချစ်သူပရိသတ်များကို ပြောချင်တာကတော့ ဒီတစ်ခါလည်း အန်ကယ်လ်ကတော့ နိုး ပါကွယ်'' ဟူ၏။

ဗြိတိသျှကိုကိုမောင်


No comments