Header Ads

အချစ်လက်ဖဝါး အမုန်းလက်ဖမိုး အပိုင်း (၃)

မာင့်မှာအကြောင်းတစ်ခုခုတော့ရှိမည်ပါ၊ မောင်ကျွန်မကို ဒီအတိုင်းကြီး
တော့ထားခဲ့မည်မဟုတ်ဟု ကျွန်မ ရူးမိုက်စွာယုံကြည်ခဲ့မိသည်ကိုး။ 
ကျွန်မဟာ အဆုံးစွန်အထိ မောင်ပြောနေကျဖြစ်တဲ့ `သွဲ့ကိုအချစ်ဆုံး၊ 
သွဲ့ကိုဘယ်တော့မှ မခွဲဘူး´ဆိုတဲ့ စကားကို ယုံကြည်မိဆဲပါ၊ ယနေ့အထိ
လည်းယုံကြည်နေမိသည်ဆိုခြင်းက တော့ ကျွန်မရဲ့ အကြီးမားဆုံးမိုက်မဲမှု
တစ်ခုဟု ဆိုနိုင်မည်လား။ 

အဲ့ဒီနေ့က ကျွန်မအခန်းကိုပြန်ရောက်တဲ့အထိ စိတ်နဲ့လူနဲ့မကပ်ခဲ့ဘူး၊ 
အခန်းပြန်ရောက်တော့လည်း အိပ်ရာထဲမှာပဲ လှဲနေမိသည်။ အိပ်သည်ဟု
ဆိုလျှင်လည်းမဟုတ်ဘဲ အိပ်လို့မပျော်နိုင်ခဲ့ပါ။ ကျွန်မရင်ထဲ ဓားနဲ့ 
အမွှန်းခံထားရသလို နာကျင်စူးရှနေမိပါသည်။ အတွေးထဲမှာတော့ 
မောင်နှင့် ဟိုကေသီမိုးဆိုတဲ့ မိန်းကလေး အကြောင်းပဲစိုးမိုးနေခဲ့ပါသည်။ 
တစ်ဖက်က မောင့်ကို ကိုကိုလို့ ခေါ်သလို သူ့ကိုယ်သူ သဲလို့ခေါ်ပုံထောက်ရင် 
မောင်တို့နှစ်ယောက်၏ အခြေအနေကိုကျွန်မ သိရှိလိုက်ပါသည်။ ကောင်မလေး
ရဲ့စကားသံကိုကြားရသည်မှာ အဲ့ဒီကောင်မလေးဟာ ကျွန်မတို့ထက်ငယ်မည့်ပုံ
ပေါ်သည်။ မောင်သည် ကျွန်မ အောက် ၆ လခန့်သာ ငယ် သည်ဆိုသော်လည်း 
ကျွန်မနှင့်တွေ့လျှင် ကလေးငယ်တစ်ယောက်လို ဆိုးနွဲ့တတ်သူ၊ 
ဟိုဘက်မိန်းကလေးနှင့် တော့မောင်ဟာ လူကြီးတစ်ယောက်လို ရင့်ကျက်သူ
တစ်ဦးဖြစ်နေမည့်ပုံပေါ်ပါသည်။ 

အဲ့ဒီလိုနဲ့ ညနေပိုင်းမှာ မောင်ကျွန်မဆီရောက်လာခဲ့သည်။ မောင်ရောက်လာ
သည်နှင့် ကျွန်မ မောင် နှင့်အတူ အင်လျားကန်ဘောင်ဘက်လမ်းလျှောက်ထွက်ခဲ့
သည်။ မောင်က ကျွန်မဆီလာလာချင်းမှာ မျက်နှာ ပျက်ချင်နေပေမယ့် ကျွန်မ 
မျက်နှာအနေအထားမှာ ဘာမျှမဖြစ်သလိုပုံစံတွေ့မြင်ချိန်မှသာ မောင့်မျက်နှာ
လည်း ပြန်လည်လန်းဆန်းလာပါသည်။ ဘာတွေဖြစ်နေဖြစ်နေ ကျွန်မအတွက် 
မောင့်ပျော်ရွှင်စေဖို့အဓိကပါ။ ကျွန်မ လူးလှိမ့်ငိုကြွေးနေရပါစေပေါ့လေ။ အဲ့ဒီ
အချိန်ကအထိတော့ မောင်ပျော်စေဖို့ ကျွန်မငိုကြွေးနေရသည့်အဖြစ်မျိုး မရှိခဲ့
သေးပါ။ နောင်လည်းရှိမည်မဟုတ်ဟု အဲ့သည်အချိန်က ကျွန်မယုံကြည်ခဲ့မိပါ
သည်။

အမှန်ဆိုလျှင် မောင့်ကိုကျွန်မချစ်ခဲ့သည်မှာ ဘာမျှော်လင့်ချက်မှမပါ၊ 
ရယူပိုင်ဆိုင်လိုမှုမပါ၊ ပကာသန တွေမပါဝင်ခဲ့။ မောင့်အတွက်ကျွန်မ၏
ချစ်ခြင်းမေတ္တာများပေးအပ်ပြီး မောင့်ထံမှမောင့်အပြုံးများကိုသာ မက်မက် 
မောမောစားသုံးမိခဲ့ခြင်းပါ။ ယခုအခြေအနေတွင်လည်း မောင့်ဆီကအဆိုးဝါး
ဆုံးဖြစ်လာမည့်စကားများကို အပြုံး များနှင့်တုံ့ပြန်နိုင်ရန်သာ ကျွန်မစိတ်ကို
ပြင်ဆင်ထားမိပါသည်။ ဒါပေမယ့် မောင်က
“သွဲ့ အဲ့ဒီကောင်မလေးက မောင်တို့အဝေးသင်ကျူရှင်ကလေ။ အိမ်နဲ့
လည်းရင်းနှီးတော့ အိမ်ကိုခဏခဏ လာပြီးစာတွေမေးရင်း မောင့်ကိုကပ်
နေတာ။ မောင်တို့ထက် ၂ နှစ်ကျော်ငယ်တယ်လေ။ ကလေးဆိုတော့ 
လည်းမောင်ကအလိုက်အထိုက်ပြန်ဆက်ဆံနေတဲ့ သဘောပါ။ ဒီနေ့လည်း 
ပြည်သူ့ရင်ပြင်တစ်ခါမှ မရောက် ဘူးလို့လိုက်ပို့ပါဆိုပြီး လူကြီးတွေရှေ့မှာ
ပြောလို့ လူကြီးတွေကလိုက်ပို့လိုက်ပါပြောတာနဲ့ မောင်လိုက်ပို့ခဲ့ တာလေ။ 
မောင်နဲ့ဘာမှမပတ်သက်ဘူးဆိုတာ သွဲ့ ယုံတယ်မဟုတ်လား”
လို့စကားတွေကိုတရစပ်ပြောခဲ့သည်လေ။ မောင့်စကားတွေအဆုံးမှာ 
ကျွန်မစကားတစ်ခွန်းသာ ပြန်မေးခဲ့သည်။
 “အဲ့ဒီကောင်မလေးက မောင်တို့အိမ်နဲ့တော်တော်ရင်းနှီးလားဟင်” 
“အရမ်းရင်းနှီးတာသွဲ့ရဲ့။ သူ့အိမ်ကလူကြီးတွေနဲ့မောင်တို့အိမ်ကလူကြီး
တွေရင်းနှီးတော့ သူကလည်းအိမ်ကို လိုက်လာရင်း ရင်းနှီးနေတာလေ။ 
အိမ်ကဆိုသူ့ကိုသမီးလိုပဲ” တဲ့။ 

အဲ့ဒီအချိန်ကမောင် မလိုအပ်ဘဲစကားတွေအများကြီးပြောခဲ့သည်။ 
အရင်ကစကားနည်းခဲ့သည့်မောင် စကားတွေကိုတရစပ်ပြောခဲ့သည်။ 
နောက် မောင့်အိမ်နှင့် အဲ့ဒီကောင်မလေး ရင်းနှီးသည်ဆိုသည့် စကား 
ကြောင့်ဘာအကြောင်းမှကျွန်မမောင့်ကိုထပ်မမေးလိုတော့ပါ။ 
အချိန်တန်လျှင်တော့ ကျွန်မသိခွင့်ရမည်ထင်ပါ သည်။

ကျွန်မမောင့်ကိုစကားတွေထပ်မံမမေးလိုတော့သည့်အကြောင်းမှာ 
အမှန်တကယ်ပင် မောင့်အိမ်နှင့် ဟို ကောင်မလေးရင်းနှီးသည်ဆိုပါက 
ကျွန်မဖုန်းထဲတွင်မောင့်အမပါဟု ပြောလိုက်စဉ်က အဲ့ဒီကောင်မလေးဟာ 
မောင့်အမနာမည်ကိုပြောပြီး ကျွန်မကိုသူဘယ်သူပါဆိုတာကျိမ်းသေပြော
ပေလိမ့်မည်။ နေ့လည်ကကောင် မလေးနှင့်ကျွန်မစကားပြောခဲ့သည့်
အကြောင်းအရာတွေကို မောင်သေချာသတိမထားလိုက်မိခြင်းက 
ယခုကဲ့သို့ ကျွန်မအပေါ်မောင့်၏လိမ်ညာမှုတွေကို သိစေလိုက်ခြင်းဖြစ်ပါ
လိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မောင်ဘယ်သူတွေနဲ့ တွဲတွဲအချိန်တန်လျှင် 
မောင့်ဇနီးအဖြစ်တည်ရှိလာမည့်သူမှာ သွဲ့ဟေမာန်ဆိုသည့် မောင့်ချစ်သူ
ကျွန်မသာ ဖြစ် လိမ့်မည်ဟုကျွန်မ မောင့်အပေါ်ယုံကြည်စိတ်ထားခဲ့ပါသည်။

မုန်း (BeeTalk)

No comments