Header Ads

မ တတ်ပါ့ ကလေး ဇာတ်သိမ်း


(ဂ)

သူလေးက မြှောက်လည်းမြှောက်တတ်သေး။ အပြင်သွားဖို့ ကိုယ်ဝတ်စားပြင်ဆင်ထားပြီ ဆိုရင် သူက မျက်လုံးဝိုင်းကလေးနဲ့ ကိုယ့်ကို သေချာလာကြည့်ပြီး...."မေမေ you look so beautiful"လို့ လှိုက်လှိုက်လှဲလှဲ ချီးကျူးတတ်ပါသေးတယ်။ ကိုယ်ကလည်း သူ့ကိုပြန်ပြီး "မေမေ့သမီးလေးကလည်း အရမ်းလှတာပါ သမီးလေးရဲ့" ဆိုတော့ သူပြန်ပြောပုံကလေးက "Of course I am." တဲ့။ တကယ်ရယ်ရတဲ့ ကောင်မလေး။

အိမ်ကို လာသမျှဖုန်းကိုလည်း သူပဲ ပြေးကိုင်ပြီး ထူးတတ်သေးတာ။ message လည်း ပြန်ပေးတတ်တယ်။ ဘယ်သူ ဘယ်ဝါဆက်တယ် ဆိုပြီးတော့ပေါ့။ ကိုယ်က သူ့ကို မနက်မိုးလင်းတာနဲ့ အိပ်ရာသိမ်းတာ၊ ကိုယ့်ဘာသာကိုယ် မျက်နှာသစ် သွားတိုက်တာ၊ အိမ်သာထိုင်တာတွေကအစ သူ့ဘာသာသူလုပ်တတ်အောင် သင်ပေးထားတာမို့ သူ့ဘာသာသူလုပ်ရင်း ပါးစပ်ကနေလည်း သူ့ကိုယ်သူ ချီးကျူးတတ်ပါသေးတယ်။ "မီးလေး is so independent" တဲ့လေ။ 

ကိုယ့်အဖေအမေဆီ ဖုန်းဆက်တဲ့အခါ သူ့လက်ထဲ ဖုန်းထိုးပေးလိုက်ပြီး "သမီး...ဘွားဘွားတို့နဲ့ ပြောလိုက်ပါဦး" ဆိုရင် သူက လူကြီးလေးလိုပဲ...

"ဘွားဘွား ကျန်းမာပါစေ ချမ်းသာပါစေလို့ မီးလေးက မေတ္တာပို့ပါတယ်"လို့ ပြောတတ်သေးတာ။ တစ်ခါကလည်း သူ့အဖေ မျက်လုံး နည်းနည်းနီနေတော့ သူက ရေးကြီးခွင်ကျယ် မျက်နှာပေးကလေးနဲ့ ဖုန်းကောက်ကိုင်ပြီး....

"G.P ကို ဆက်ရမယ်။ ဟယ်လို။ Dr. Maung's eye is red,exactly.It's important." တွေ ဘာတွေ လုပ်နေတာမို့ ကိုယ်တို့မှာ ဘဘောတွေကျလွန်းလို့ ရယ်လိုက်ကြရတာ။ 

Shopping တွေ ဘာတွေ ထွက်ရင်လည်း Mc Donald's ဆိုင်ရှေ့များရောက်ပြီဆိုရင် ဗိုက်ကလေး ပွတ်ပြီး...

"I am hungry.My tummy is rumbling." လို့ပြောပြီး ပူဆာတတ်သေးတာ။ ကိုယ်က မျက်မှန်ကလေးတပ်ပြီး စာရေးနေရင် သူကလည်း သူ့ရဲ့ နေကာမျက်မှန်ကလေးတပ်ပြီး...

"မီးလေးလည်း စာရေးရဦးမယ်" လို့ ကြီးကြီးကျယ်ကျယ်တွေပြောပြီး စာအုပ်နဲ့ဗောပဲန်ကိုင်ပြီး အလုပ်ရှုပ်တတ်ပြန်ပါသေးတယ်။ တစ်နေ့တစ်နေ့ တတ်တတ်လာတဲ့ စကားအသစ်အဆန်းတွေ၊ လူကြီးဆန်ပုံတွေ၊ စကားကြီးစကားကျယ်တွေကြောင့် ကိုယ်တို့မှာ တစ်နေ့တစ်နေ့ ရယ်မောလို့ကို မဆုံးတော့ဘူး။ 

 

*** ပြီးပါပြီ ***

Credit - လွန်းထားထား(ဆေးတက္ကသိုလ်)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments