Header Ads

မ တတ်ပါ့ ကလေး အပိုင်း(၁)



အသက် သုံးနှစ်ကျော်လာရင် ကလေးတွေက စကားကြီးစကားကျယ်ကလေးတွေ ပြောတတ်လာပြီး နေရာတကာ လူတွင်ကျယ်လုပ်လာတတ်တာမို့ လူပိစိကွေးကလေးက လူကြီးတစ်ယောက်လို ကြီးကြီးကျယ်ကျယ်ကလေးတွေ ပြောတတ် လာ လုပ်တတ်လာတော့ ကိုယ့်မှာ တစ်နေ့တစ်နေ့ အံ့သြရ၊ ရယ်မောရ၊ သူများကို ပြန်ပြောပြရနဲ့ . တကယ်ပါ။ သမီးလေးက အခုဆိုရင် မြန်မာလိုရော အင်္ဂလိပ်လိုပါ အကျွမ်းတဝင်ပြောတတ် နေပြီး တစ်ခါတစ်ခါ သူပြောလိုက်တဲ့ စကားတွေက ကြီးကြီး ကျယ်ကျယ် တွေမို့ ကိုယ့်မှာ မျက်ခုံးပင့်၊ မျက်လုံးပြူးရတာ အခါခါပါ။

အိမ်မှာ မနက်ပိုင်း ထမင်းချက်တဲ့နေ့ဆိုရင် မြသပိတ်ကလေးထဲ ဆွမ်းထည့်ပြီး မြတ်စွာဘုရားကို ဆွမ်းကပ်တဲ့အခါ ကိုယ်က သမီးကို ကပ်ခိုင်းပါတယ်။ အဲ့ဒါမျိုးဆို သူက အရမ်းလုပ်ချင်တာ။ ဘုရားရှေ့မှာ ဆွမ်းသပိတ်ကလေးကိုင်ပြီး....

"အရှင်ဘုရား တပည့်တော်သည် ဤဆွမ်းကို မြတ်စွာဘုရားအား ရိုသေမြတ်နိုးစွာကပ်လှူပူဇော်ပါ၏။ ဤကောင်းမှုသည် တပည့်တော်၏နိဗ္ဗာန်ရောက်ရာရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေသတည်း။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဗောဓိဉာဏ်များရရှိရာ အထောက်အပံ့ဖြစ်ပါစေသတည်း။" 

လို့ ကိုယ်သင်ပေးတဲ့အတိုင်း သူလိုက်ဆိုသံကလေးက နားဝင်ချိုစရာပါ။ တစ်နေ့ကျတော့ ဆွမ်းတော်လည်းကပ်ပြီးရော သူမက တည်တည်တံ့တံ့မျက်နှာပေးကလေးနဲ့ ကိုယ့်ကိုပြောပုံက...

"မေမေ သွားနှင့်လိုက်နော် မီးလေးဆယ်မိနစ် တရားထိုင်လိုက်အုံးမယ်" 

တဲ့။ ကိုယ်က အံ့သြဝမ်းသာစွာနဲ့

"သြော်... ကောင်းလိုက်တာ သမီးကလေးက တော်လိုက်တာ..."

ဆိုပြီး ချီးကျူးမိပါတယ်။ ဘုရားခန်းထဲမှာ သူက ခပ်တည်တည်နဲ့ တရားထိုင်ပြီး ကျန်ရစ်ခဲ့တာပါ။ တော်တော်လေးကြာမှ ဆင်းလာပြီး "မီးလေး တရားထိုင်ပြီးပြီ" လို့ ပြောပါတယ်။ သူ့ဘာသာသူ အသိကလေးရှိတာကို ကိုယ် အံ့သြမိတာပါ...။

(ခ)

 ဒီအရွယ်ကလေးနဲ့ သမီးက ကွန်ပျူတာဂိမ်းလည်း တော်တော်ဆော့တတ်နေပါပြီ။ အားရင် Lap Top ကလေးဖွင့်ပြီး သူ့ဘာသာသူ BBC Website က Game တွေ တစ်ခုပြီးတစ်ခု ရှာဖွေပြီး ထိုင်ဆော့နေတတ်တာ...။ သူဆော့နေတုန်း ကိုယ်က တစ်ခုခုခိုင်းမိရင် ခေါင်းကလေးကုပ်ပြီး....

"မေမေကလည်း နှောင့်ယှက်လိုက်တာနော်"  

ဆိုပြီး မျက်မှောင်ကြုတ်ချင်သေးတာ။ သူကစားတဲ့ Game က Internte ဝင်ထားမှ ဖွင့်လို့ရတာမို့ ကိုယ်က တစ်ခါတစ်ခါ အိမ်ဖုန်းနဲ့လှမ်းဆက်လိုက်ရင် Internet connection က ဖျတ်ကနဲ့ ခဏပြတ်သွားတတ်ရော။ အဲ့ဒါကို သူကလည်း ရိပ်မိတယ်။ "အဲ့ဒါ မေမေဖုန်းဆက်လို့ဖြစ်တာ" လို့ ဆိုပါတယ်။ ကိုယ်ကလည်း "ဟုတ်ပါတယ်"လို့ ဝန်ခံတော့....

"You should say sorry to me" လို့ မျက်နှာတည်ကြီးနဲ့ ဆိုလာပါတယ်။ အံမယ်...။ ဒါတွေ သူဘယ်ကတတ်ပါလိမ့် ဆိုပြီး ကိုယ့်မှာ အံ့သြလို့မဆုံးဘူး။ ဒါနဲ့ပဲ "အေးအေး sorry ပဲ သမီးရေ" လို့ ကိုယ်က ရယ်ရယ်မောမော ပြောလိုက်တော့.... 

"That's fine,that's fine" လို့ လူကြီးဟန်ပန်ကလေးနဲ့ တင်တင်စီးစီး ပြောတတ်ပါတယ်။ သူ့ကို ပြောထားသမျှကိုလည်း သူက ဘယ်တော့မှမမေ့။ တစ်ခါက ကိုယ်က တစ်ခုခုလုပ်နေရင်း အဆင်မပြေတော့ "စိတ်ညစ်လိုက်တာ" လို့ ယောင်ပြီးထွက်သွားမိတာ၊ သူက ချက်ချင်းပဲ မျက်လုံးကလေးပင့်ပြီး 

"မေမေ မီးလေးပြောထားတယ်၊ စိတ်မညစ်ရဘူးလေ။ စိတ်ညစ်ရင် နတ်ကောင်းနတ်မြတ်တွေက မေမေ့ကို မချစ်တော့ဘဲ နေမှာ"

လို့ ခြိမ်းခြောက်ဟန်ကလေးနဲ့ပြောတော့ ကိုယ်မှာ ရယ်ရပြန်တယ်။ ကိုယ်အလုပ်များတဲ့အခါ စိတ်တိုမိပြီး မျက်နှာထားတည်နေမိရင်လည်း သူက ချက်ချင်းသိ။

"မေမေ... ဘာဖြစ်လို့လဲ။ မျက်နှာကြီး မစူပုပ်ရဘူးလေ... smile" 

ဆိုပြီး မျက်နှာနား လာကပ်ပြီးတော့ ပြောတာ။ ကိုယ်က သူကျေနပ်အောင် ပြုံးပြလိုက်တော့ လူကြီးလေသံကလေးနဲ့ ကိုယ့်ကို ချီးကျူးပြန်သေးတာ...။ "Good girl"တဲ့။ ကိုယ့်ကို သူက ပြောတာနော်။

ညညဆိုလည်း ကိုယ့်ရင်ခွင်ထဲမှာပဲ အတင်းတိုးဝှေ့ပြီး အိပ်တတ်သေးတာ။ အိပ်ရင်လည်း ကိုယ့်ဆံပင်ကလေးတွေ ပါးပြင်တွေကို သူ့လက်ကလေးနဲ့ ပွတ်သပ်ပေးနေတတ်တာ လူကြီးလေးအတိုင်းပဲ။

"မေမေ့ body လေးက နွေးနေတာပဲ။ မီးလေးက ကမ္ဘာပေါ်မှာ မေမေ့ကို အချစ်ဆုံး။ may may is my best friend."လို့လည်း ကိုယ့်ကို ကြည်နူးအောင် ချွဲတတ်ပါသေးတယ်။ အိပ်မက်ထဲမှာတောင် "My mum is my best firend."လို့ ယောင်ပြီးတော့တောင် အော်တတ်သူကလေးပါ။ 

*** ဇာတ်သိမ်းပိုင်း မျှော် ***

Credit - လွန်းထားထား(ဆေးတက္ကသိုလ်)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments