ချင်းတွင်းမြစ်နံဘေးကဘဝများ
ချင်းတွင်းမြစ်လို့ ပြောလိုက်ရင် ဧရာဝတီမြစ်ထဲကိုစီးဝင်တဲ့ အကြီးဆုံး မြစ်လက်တက်ကြီးတစ်ခု။ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသ ကချင်ပြည်နယ်အတွင်းကနေ စတင်ပြီး မြစ်ဖျားခံ စီးဆင်းခဲ့လိုက်တာ မြန်မာနိုင်ငံ အလယ်ပိုင်းအထိပေါ့။ ချင်းတွင်းမြစ်ကြီးကို အမှီသဟဲပြုပြီးတော့ လုပ်ကိုင်စားသောက်ကြတဲ့ ဘ၀တွေက ဘ၀စုံ၊ အလုပ်စုံပေါ့။ ချင်းတွင်းမြစ်အထက်ပိုင်းမှာတော့ သယံဇာတတွေ တူးကြဖော်ကြနဲ့ အလွန်အကျွံ တူးဖော်မှုတွေက ချင်းတွင်းမြစ်ရေကို အရောင်ပြောင်းစေခဲ့ပါတယ်။ ချင်းတွင်းမြစ်နံဘေးမှာ နေထိုင်ကြတဲ့ ဒေသခံအများစုကတော့ ဟိုးယခင်ကာလတွေ ကတည်းက ရွှေသံယံဇာတ တူးဖော်ခြင်း စိုက်ပျိုးရေးလုပ်ကိုင်ခြင်း၊ ရေလုပ်ငန်း၊ တောထွက်ပစ္စည်းထုတ်လုပ်ခြင်း စတဲ့ အလုပ်တွေ လုပ်ကိုင်ခဲ့ကြပါတယ်။ သို့ပေမဲ့ သိပ်မကြာခင်ကာလအတွင်းက (လွန်ခဲ့ တဲ့ အနှစ်၂၀ ကျော်ခန့်က) စပြီးတော့ သဘာဝ သယံဇာတတွေနဲ့ သစ်ခုတ်ခြင်း စတာတွေကို အလွန်အကျွံ ထုတ်လုပ်မှုတွေ စတင်လာခဲ့ပါတယ် ။ သယံဇာတ အလွန်အကျွံထုတ်ယူခဲ့လို့လည်း ချင်းတွင်းမြစ်နံဘေးက ဒေသခံတွေမှာတော့ တိုးတက်လာမှုရှိလာသလား မရှိလာသလားဆိုတာ ဒေသခံတွေ အပါအ၀င် တစ်တိုင်းပြည်လုံး သိရှိကြနေမယ် ထင်ပါတယ်။
“ငါတို့နယ်မှာရှိတဲ့ သဘာဝသယံဇာတတွေ ကုန်သွားတဲ့အပြင် သဘာဝပတ်ဝန်းကျင်တွေပါ ပျက်စီးခဲ့တဲ့အပြင် ဒီဒေသမှာရှိတဲ့ စိုက်ပျိုးမြေတွေပါ ပျက်စီးခဲ့တာပေါ့။ ဒါ တင်လား မဟုတ်သေးပါဘူးကွာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်လာပြီး ဒေသမှာရှိတဲ့ လူတွေစာရိတ္တပါ ပျက်စီးလာခဲ့တာ မျက်မြင်ပဲလေ” လို့ အထက်ချင်းတွင်းဒေသက ဒေသခံတစ်ဦးရဲ့ ညည်းခြင်းကို ကြားယောင်မိပါတယ်။
ချင်းတွင်းမြစ်ကို လှမ်းကြည့်လိုက်ရင် ၀ါးဖောင်တွေ ဆိုတာကလည်း ရှားသွားပြီ။ လွန်ခဲ့တဲ့ နှစ်တွေကတော့ သစ်တင်တဲ့ ဖလက်တွဲလို့ခေါ်တဲ့ မော်တော်ကြီးတွေ တစ်စင်းပြီး တစ်စင်း။ အခုတော့ သစ်တွေစုန်ဆင်းမှုလည်း နည်းပါးခဲ့ပြီ။ ချင်းတွင်းမြစ်နံဘေးမှာ ကျေးရွာပေါင်း ၂၀၀ နီးပါးရှိပါတယ်။ ချင်းတွင်းမြစ်ဘေးမှာ အဓိက လုပ်ကိုင်စားသောက်ကြတဲ့ ဒေသခံတွေရဲ့ စီးပွားရေးက စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းဖြစ်ပြီးတော့ သယံဇာတရရှိတဲ့ ဒေသတွေဆီကို သွားရောက်ရှာဖွေတဲ့သူတွေနဲ့ ဈေးရောင်း ဈေးဝယ်လုပ်ငန်းတွေ ပဲဖြစ်ကြပါတယ်။ မြစ်နံဘေးမှာ ဆိုရင်တော့ အခုလို အချိန်မှာတော့ မြေနုကျွန်းတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်နေတာ မြင်ကြရပါပြီ။
“ကျွန်မတို့ရွာက အရင်ကတော့ ရေလုပ်ငန်း လုပ်တဲ့သူပေါပေမယ့် အခုတော့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့သူများလာပါပြီ။ ရေလုပ်ငန်းကလည်း လေလံကြေးနဲ့ ငါးကလည်း သိပ်မရတော့ တွက်ခြေမကိုက်ကြ တော့ဘူး။ ဒါကြောင့် လုပ်တဲ့သူ နည်းသွားတာ” လို့ လောင်းကောင်းကျေးရွာသူက ပြောပြပါတယ်။
ချင်းတွင်းမြစ်နံဘေးမှာ နေထိုင်ကြသူတွေ တော်တော်များများကတော့ ယောက်ျားလေး အရွယ်ရောက်လာရင် ရွှေမျောတွေရှိရာကို သွားကြပြီးတော့ အလုပ်လုပ်ကြတာကလည်း များပါတယ်။ ရွှေမျောကနေ ချမ်းသာ လာခဲ့ရင်ဆိုတဲ့ ရည်မှန်းချက်က သူတို့ရဲ့ ဘ၀တွေပေါ့။ ဟိုယခင်တုန်းက ချင်းတွင်းမြစ်အတွင်းမှာ ရွှေမျောတွေ လုပ်ကိုင်ခဲ့ကြပေမယ့် အခုတော့ မြစ်အတွင်းမှာ ရွှေလုပ်ငန်းတွေကို လုပ်ခွင့်မပြုတော့ပါဘူး။ အထက်ချင်းတွင်းဘက်ကို ခရီးသွားခဲ့ရင်တော့ တစ်ခါတစ်ခါ မြစ်အတွင်းကနေ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေကိုတော့ တွေ့နေကြရဆဲပါ။
ကျွန်တော်တို့ မော်လိုက်ကနေ အထက်ဘက် ကင်းတပ်ရွာကို ရှော်လဗန်လေး ငှားပြီး သွားတော့ မော်လိုက်ကလေးရွာရဲ့ အောက်ဘက်ရောက်တော့ တစ်ပိုင်တစ်နိုင်လက် လောင်းရွှေမျောလုပ်နေတဲ့ အဘိုးအိုနဲ့ အဘွားအိုကိုတွေ့လိုက်ရတော့ ရှော်လဗန်မောင်းသူကို ခဏရပ်ခိုင်းပြီးတော့ သူတို့ရှိရာ ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပါတယ်။ လက်လောင်းရွှေမျောဆိုတာ တကယ်တော့ တစ်ပိုင်တစ်နိုင် ရွှေကျင်ကြတာပါ။ မျောစဉ်ဆိုတာက ခပ်သေးသေးပါ။ မြစ်ကမ်းပါးမှာရှိတဲ့ ရွှေရှိနိုင်တယ်လို့ ယူဆရတဲ့ နေရာလေးတွေ၊ သို့တည်းမဟုတ် အရင်က ရွှေလုပ်ငန်းလုပ်ကိုင်ခဲ့ပြီး သောင်ခုံတွေပေါ်နေတဲ့နေရာတွေမှာ လင်ကိုယ်မယား နှစ်ယောက် လုပ်ကိုင်စားသောက်ကြတာတွေပါ။ ရွှေရတဲ့ ရက်လည်းရှိသလို ရွှေရခဲ့တယ်ဆိုရင်လည်း တစ်မှုန်၊ နှစ်မှုန်လို့ ပြောရအောင်ကို စားဝတ်နေရေး ပြေလည်ရုံ နည်းနည်းပါးပါးရတဲ့ ငွေပမာဏပေါ့။ အဲဒီငွေလေးနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းကြရတာပေါ့လေ။
ကျွန်တော်တို့ ရှော်လဗန်ပေါ်က ဆင်းလိုက်တော့ ကျွန်တော်နဲ့အတူ လိုက်ပါလာတဲ့ မော်လိုက်က ဦးမောင်ရဲ့ မိတ်ဆွေလင်မယား ဖြစ်တော့ ပိုပြီးစကားပြောရတာ အဆင်ပြေတာပါ့။ မျောစင်လို့ ပြောရမယ့် မျောအသေး လေးတစ်ခု ။ ဟွန်ဒါ ရေစုပ်စက်လေးတစ်လုံး။ အင်ဝိုင်းကြီးတစ်ခု၊ ဇလုံကန်ကြီးတစ်ခုရယ် ဓာတ်ဘူးတစ်ဘူးနဲ့ ကွမ်းယာအိတ်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ထုတ်လေး တစ်ခုသာပါတဲ့ အသက် ၆၀ အရွယ် လင်မယားနှစ်ယောက်။ “ရှိမယ်ထင်တဲ့ နေရာလည်းဖြစ်ရမယ်။ ရွာနဲ့လည်း သိပ်မဝေးတဲ့နေရာပေါ့။ တစ်ရက်ကို ဓာတ်ဆီတစ်ဘူး (တစ်လီတာဘူး) ကုန်တယ်။ တစ်ထောင်ကျပ်ပေါ့။ ရွှေက တစ်ခါတစ်ခါရ တာလေး ပြန်သွင်းရင်တော့ ငွေနဲ့ဆိုရင် ငါး ထောင်၊ ခြောက်ထောင်လောက် ရတတ်ပါတယ်။ မရတဲ့နေ့တွေလည်းရှိပါတယ်။ ဒီလုပ်ငန်း လုပ်တယ်ဆိုတာက တခြားလုပ်စရာ လုပ်ငန်း မရှိတော့လို့ပါ။ စိုက်ပျိုးရေးလုပ်ဖို့တော့ မြေရှိပေမယ့် မိသားစုပြဿနာနဲ့ဆိုတော့ အဆင်မပြေဘူး” လို့ အသက်ခြောက်ဆယ်ကျော်အရွယ် အဘိုးအိုက ပြောပြပါတယ်။
သူတို့ ဒီလိုလုပ်နေတာကလည်း ရွာက ဘာမှ မပြောဘူးလားဆိုတော့ သူတို့ မိသားစု ၀မ်းစာအတွက် အလုပ်လုပ်ရတာဆိုတော့ ဘယ်သူမှလည်း လာတားတာ ဘာညာမရှိပါဘူး။ တကယ်တော့ သူတို့ရတဲ့ငွေက တစ်နေ့ကို နှစ်ထောင်ဝန်းကျင်လောက်ပဲ ရပါတယ်။ တကယ်တော့ သူတို့အရွယ်က ဒီလို ကြမ်းကြမ်းတမ်းတမ်း အလုပ်တွေ လုပ်ရမယ့် အရွယ်လည်း မဟုတ်ဘူးလေ။ သို့ပေမဲ့ သူတို့ရဲ့ဝမ်းရေးအတွက် သူတို့ခက်ခဲပင်ပန်းစွာ ရှာဖွေ စားသောက်နေကြရတာပေါ့။
“ရိုးလာဘက်မှာတော့ လုပ်ရင်နည်းနည်း ပိုရပေမယ့် မသွားနိုင်တော့ဘူးလေ။ အဲဒီဘက်မှာလည်း လုပ်တဲ့သူတွေရှိပါတယ်။ အခု ဦးလေးတို့ လုပ်တယ်ဆိုတာက ဒါကလွဲရင် တခြားလုပ်စရာ မရှိလို့ပါ” လို့ ပြောရင်း မြေကြီးတချို့ကို ဂေါ်ပြားနဲ့ ကော်ပြီး မျောစင်ပေါ်ကို တင်နေပါတယ်။
မျောစင်ပေါ်ကို တင်ထားတဲ့ မြေကြီး လေး၊ ငါးဂေါ်စာလောက်ကို ဟွန်ဒါရေစုပ်စက်လေးနှိုးရင်း ဖျော်ချနေပါတယ်။ “ကိုယ် ဖျော်နိုင်ရင် ဖျော်နိုင်သလောက် ကျန်တယ်ဆိုပေမယ့် စားဖို့လောက်ပဲရတာပါ” လို့ အဘွားအိုက ရေနွေးကြမ်းဓာတ်ဘူးထဲက ရေနွေးကို ငှဲ့ရင်းပြောပါတယ်။ မြေစာတွေကုန်တော့မှ စက်ကိုရပ်လိုက်ပါတယ်။ အဲဒီမြေတွေ အရေဖျော်ချပြီး အောက်ဘက်မှာ မျောစာဖတ်လို့ ခေါ်တဲ့ အစိမ်းရောင်ကော်ဇောပေါ်မှာ အမှုန်အမွှားလေးတွေ ကျန်ခဲ့မှာပေါ့။ အဲဒီ ကော်ဇောဖတ်တွေကို ဇလုံထဲထည့်ပြီး ရေနဲ့ဆေးချလိုက်တာပေါ့ ။ အဲဒီရေတွေထဲက တချို့ကို အင်ဝိုင်းနဲ့ ၀ိုင်းပါတယ်။ ရလာတဲ့ အမှုန်အမွှား လေးတွေကို ပြဒါးနဲ့ ဖမ်းယူရတယ်လို့ ရှင်းပြပါတယ် ။ တကယ်တော့ မျောလုပ်ငန်းဆိုတာ ရေစိုခံ၊ အပင်ပန်းခံပြီး လုပ်ရတာပါ။ ဒီလို ချင်းတွင်းမြစ်နံဘေးမှာ ဆင်းရဲမွဲတေနေတဲ့ အဘိုးကြီး၊ အဘွားကြီးတွေ ဘယ်လောက်များ များရှိလေမလဲ။
“အိမ်မှာက ကိုယ့်ဟာနဲ့ကိုယ်ဆိုရင်တော့ ဟိုကလာပေး ဒီကလာပေးနဲ့ စားလို့ ဖြစ်ပေမယ့် မြေးလေးတစ်ယောက်ရှိတယ်လေ ။ သမီးက သေသွားတော့ သမက်ကလည်း မလိမ္မာတော့ ဦးလေးတို့ကပဲ စောင့်ရှောက်ထားရတာ။ သူ့အတွက် ရှာရတာပေါ့” လို့ အဘွားအိုက ပြောပါတယ်။
ကျွန်တော်တို့လည်း သူတို့လုပ်ငန်းစဉ်ကို မေးမြန်းစကားပြောပြီးတော့ ခရီးဆက်ဖို့ လုပ်ရပါတယ်။ ချင်းတွင်းမြစ်ကမ်းနံဘေးမှာ လောဘကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးအောင် ရွှေလုပ်ငန်းတွေ ရှိခဲ့ဖူးပါတယ်။ တချို့လည်း ကျန်ရှိနေပါသေးတယ်။ မနေ့ညကတော့ သူငယ်ချင်းတစ်ယောက်က ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ ဓာတ်ပုံပါပို့ပြီးတော့ သတင်းပေးလာပါတယ်။
“ရွှေမျောလုပ်တဲ့ ရွှေဖောင်တွေတုံဟဲ နားလေးမှာ တွေ့ခဲ့တယ်။ ဘယ်နေရာမှာ လုပ်ကြမလဲ ဘယ်ဆီကိုသွားပြီးလုပ်ကြမှာလဲ ဆိုတာမသိဘူး။ စုံစမ်းကြပါဦး၊ တကယ်တော့ အဲဒီလို ရွှေဖောင်တွေနဲ့က အစိုးရက လုပ်ခွင့်မပြုထားဘူးလို့ သိရပါတယ်။ အဲဒါတွေနဲ့သာ လုပ်လို့ရှိရင် ရေလမ်းကြောင်းတွေတော့ ပျက်ပြီ” ဆိုပြီး ပုံနဲ့တကွ ပို့လာပါတယ်။
အဲဒီလို ၀ိသမလောဘနဲ့ လူတွေလည်း ရှိပါတယ်။ ဒီလိုလူတွေများခဲ့လို့လည်း ချင်းတွင်း မြစ်ကြီး ပျက်စီးခဲ့ရတာ၊ ချင်းတွင်းမြစ်ရေတွေ နောက်နေကြတာပေါ့။ သို့ပေမဲ့ အခုလို တစ်ပိုင်တစ်နိုင် စားဝတ်နေရေးအတွက်လုပ်နေတဲ့သူတွေကို ပြဿနာလိုက်ရှာနေလို့ ပြီးမှာ မဟုတ်ပါဘူး။
ချင်းတွင်းမြစ်နံဘေးက ဘ၀တွေက ဘယ်လောက်များ တိုးတက်လာနေပြီလဲ။ ချင်းတွင်းမြစ်နံဘေးကဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင်တွေက ဘယ်လောက်ပျက်စီးသွားပြီလဲ။ ရေရှည်မှာ ချင်းတွင်းမြစ်နံဘေးက ဒေသခံတွေ တိုးတက်ရေးကို ဘယ်လိုများ စီစဉ်ဆောင်ရွက်ထားပါသလဲ။ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာဖို့ ၊ ချင်းတွင်းမြစ်ကြီးလည်း သဘာဝအတိုင်း ဆက်လက်စီးဆင်းနိုင်ဖို့အတွက် ဘယ်လိုအစီအစဉ်များ ရှိနေပါသလဲ။ မြစ်နံဘေးက ဒေသခံရဲ့ဘ၀တွေ တိုးတက်ဖို့ဆိုတာ ချင်းတွင်းမြစ်ကြီး သဘာဝအတိုင်း တည်ရှိနိုင်မှုအပေါ် မူတည်နေပါတယ်။ ချင်းတွင်းမြစ်ကြီးနဲ့အတူ ဒေသခံတွေရဲ့ ဘ၀တွေတိုးတက်လာဖို့အတွက် တွေးတောရင်းနဲ့ ရှော်လဗန်နှင့် ခရီးဆက်ခဲ့ပါတယ်။
Writer:
ကိုဆူး(ချင်းတောင်ခြေ)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment