နွေလ
ကလေးမြို့ ကျောင်းတိုက် ကျေးရွာတွင် နွားလှည်းပြိုင်ပွဲ မတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
ကျွန်တော်မှာ ဒုတိယအကြိမ်အဖြစ် ပြတင်းတံခါးကို ဖွင့်မိပြန်တော့သည်။ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်ပအပူရှိန်က မျက်နှာကို ပွတ်သပ်ကာ အခန်းထဲ လှိမ့်ဝင်လာသည်။ တမာနံ့လား၊ ယင်းမာနံ့လား မခွဲခြားနိုင်သည့် ပန်းရနံ့သင်းသင်းကလည်း ရသည်ဆိုရုံ ရလိုက်ပြန်သေးသည်။ သံပန်းတံခါးမှ လှမ်းမြင်ရသော ကျွန်းပင်များမှာ ရွက်ဟောင်းတို့ကြွေလေ၍ ပင်စည်ကြီးသာ ၀တ်လစ်စားလစ် ဖြောင့်စင်းလျက် နွေရာသီအတွက် ဒိုင်ယာလော့ခ် ကျက်နေဟန်တူသည်။
မြင်ကွင်းအရ ပြတင်းပေါက်ကို ဖွင့်ရခြင်း အဓိကတရားခံမှာ ကျွန်းပင်ပေါ်က မဟုတ်နိုင်တာ သေချာပါသည်။ တမာပင်တွေပေါ် လိုက်ကြည့်ပြန်တော့လည်း ရွက်ဝါတွေ ကြွေကျတာကလွဲလို့ တိတ်တိတ်ဆိတ်ဆိတ်။ ခွဆုံကြားက အသိုက်အမြုံလေး တစ်ခုအနားမှာတော့ ရှိကိုရှိနေရပေမည်။ နားစွင့်၍ နားထောင်မိလိုက်ကာမှ အသံက ပြန်ပျောက်သွားပြန်သည်။
ဒါ့ကြောင့်လည်း အသိခက်ခဲ အတွေ့နည်းသည့် သူ့ကိုလူတွေက စိတ်ဝင်တစားဖြင့် ကဗျာတစ်တန် စာတစ်တန် ရေးဖွဲ့ကြခြင်း ဖြစ်ကောင်းဖြစ်မည်။ ဖတ်ဖူးသော ပုံပြင်များထဲကလို အသံကောင်းသလောက် ရုပ်ဆိုးလွန်းသောကြောင့် လူရှေ့ထွက်မပြခြင်းတော့ မဟုတ်တန်ရာပါ။ တွေးနေတုန်းပင် သူ့အသံလေးက လွမ်းဆွတ်ဖွယ်ရာ ထွက်ပေါ်လို့လာသည်။ “ဥသြ. . .” တဲ့။
အမှန်ဆိုရလျှင် ယခုနောက်ပိုင်းနှစ် နွေရာသီကာလများကို ကျွန်တော် အတော်လန့်မိပါသည်။ ဖြစ်နိုင်ရင် remote တစ်ခုကိုကိုင်ပြီး ဇာတ်လမ်းတွဲများ ကျော်သလို ကျော်ပစ်လိုက်ချင်သည်။ သို့သော် ဆောင်းကိုဖက်တွယ်လို့ ကောင်းစဉ်ပင် နွေကကိုယ်ထင်ပြ ၀င်ရောက်လို့လာခဲ့သည်။ တစ်ခါတလေ “အခုများတောင် ဒီလောက်ပူနေရင် နောင်ငါကြီးလာတဲ့အခါ ဘယ်လိုများနေရပါလိမ့်” ဆိုပြီး မိုးပြို မှာကြောက်တဲ့ တစ်တီတူးလို ‘မိုးမပြိုဘူး၊ ပြိုခဲ့သည်ရှိသော်’ အတွေးတွေးရင်း နောင် ၁၀ နှစ်အလွန် နွေရာသီများကို တွေးကြောက်နေမိပြန်သည်။
ပတ်ဝန်းကျင်ကိုက ပူလောင်ပျင်းရိဖွယ် ကောင်းနေသည့်အထဲ တစ်ယောက်တည်း အတွေးနယ်ချဲ့မိခြင်းကလည်း လူကိုပို၍ ညှိုးရာမှ နွမ်းစေသည်။ ဒီအချိန်မှာ သစ်ရွက်ကြွေတာကအစ ထမင်းစားမကောင်းတာ အဆုံးတွေ့သမျှ အရာအားလုံး သိမ်းကျုံးပြီး ကဗျာဖြစ်တော့၏။
လမ်းကလေးပေါ် ပျော်ရွင်စွာ အော်ဟစ်ပြေးလွှား သွားနေကြသော ကျောင်းပြန်က လေးငယ်တို့၏ အသံစာစာကို ကြားရတော့ စိတ်တွေကျက်လက်စစာမှ အလိုလိုဆုတ်ခွာကုန်သည်။ ရှုပ်ထွေးရှည်လျားကာ အနက်အဓိပ္ပာယ် ထွေပြားလွန်းသည့် စာအုပ်ထူကြီးများကို အံကြိတ်ကျက်မှတ်နေရသည့် ဘ၀မှ သူတို့များလို ငယ်စဉ်က ကျောင်းသားဘ၀လေးကို ရိုးရိုးသားသားပင် ပြန်လည်တမ်းတမိပါ၏။
ထိုစဉ်အခါကတော့ နွေရာသီရောက်ဖို့ကို မျှော်တလင့်လင့် စောင့်ဆိုင်း ရင်ခုန်ခဲ့ရဖူးသည်။ စာမေးပွဲကြီး ဖြေရတော့မည်ကိုး။ ကျောင်းပိတ်ရက်ရှည် ရတော့မည်ကိုး။ အတန်းတင် စာမေးပွဲဖြေတော့လည်း နှစ်တိုင်းလိုလို နှစ်ထပ်ကျောင်းကြီးပေါ်မှာ ဖြေရခြင်းဖြစ်ရာ နွေ၏သရုပ်သဏ္ဌာန်ကို လှမ်းငေးရင်း ကလေးအတွေးတွေးရင်း ကလေးအဆွေး ဆွေးခဲ့ရသေးသည်။ ပြတင်းဝမှ အပြင်သို့ငေးရီလိုက်လျှင် ရှေ့တူရူမှ ခပ်ပြေပြေ တောင်ကုန်းလေး၊ တောင်ကုန်းစောင်းလေးပေါ်မှ အထီးတည်းမှာ လက်ပံပင်ကြီးနှင့် မန်းကျည်းပင်စုစုများ၊ လူနေအိမ်များကို တွေ့ရတတ်သည်။ ရှမ်းပြည်နွေရာသီမှာ အညာနွေရှုခင်းများလိုတော့ ဖုန်တထောင်းထောင်းထနေသည့် လှည်းလမ်းကြောင်းပေါ်က နွားလှည်းကြီးနှင့် နွားအုပ်များ၊ ထနောင်းတောနှင့် ထန်းတောအုပ်များ၊ လက်ပံပေါက်လဲတို့ နီတျာရဲအောင် ပွင့်နေသည့် လယ်ကွင်းဘေးက လမ်းကလေးများ . . . စသည်တို့ကို သိပ်မတွေ့ရတတ်ပါ။
ကျောင်းသားဘ၀ ကျောင်းမှအိမ်သို့ ပြန်ကြသော ခြေလှမ်းများထဲတွင် စာမေးပွဲဖြေပြီး ပြန်လည့်ခြေလှမ်းများက အပေါ့ပါး အသွက်လက်ဆုံး ဖြစ်ကြမည်ထင်သည်။ သူငယ်ချင်းအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်စနောက်လို့။ လဲမှို့စိုင်များက လေနှင်ရာ တလူလူလွင့်လို့။ ကျောင်းလမ်းမ တစ်လျှောက်လုံး အဖြူနဲ့ အစိမ်းတွေရောထွေးလို့။ နွေရာသီက ဒီလိုအမှတ်ရစရာမျိုးကိုလည်း ဆွေးမြည့်နွမ်းလျစွာ ပြန်လည်သတိရစေ တတ်ပါလေသည်။
အခုလိုပဲ အခန်းကျဉ်းလေး နံဘေးမှာထိုင်ရင်း၊ အခုလိုပဲ ပြတင်းတံခါး နံဘေးမှာရပ်ရင်း တရွေ့ရွေ့ ကုန်ဆုံးသွားရသည့် နေ့ရက်များဆီ စိတ်က ပြန်ရောက်လာတော့ နွေရဲ့ပပ်ကြားအက် ရင်ခွင်မှာ အသည်းကွဲနေရှာသည့် လိပ်ပြာတစ်ကောင်ကို တွေ့ရသည်။ သြော် နွေဆိုပါတဲ့လား။
ဒီအရပ်မှာ တူးပို့ဆိုလျှင် သူများထက်ဦးအောင် ဖွင့်တတ်ကြသော ထီသည်များကလည်း တပို့တွဲလ မကုန်ခင်ကတည်းကပင် သင်္ကြန်နွေဦး လုပ်ကြကုန်လေပြီ။ သင်္ကြန်တေးများ ကြားရပြန်သောအခါ သင်္ကြန်ကို လွမ်းမိတော့၏။ ဟိုးတစ်ချိန်များဆီက တောင်ကြီးသင်္ကြန်။ ဟိုးတစ်ချိန်များဆီက ရန်ကုန်သင်္ကြန်။ ကိုယ်တိုင်ကိုယ်ကျ မတွေ့ထိရဘဲ ခပ်ဝေးဝေးမှ လှမ်းကြည့်နေခဲ့ရသော သင်္ကြန်နှစ်ကာလများ အတော်ကြာသွားခဲ့ပြီပဲ။ ဆရာမောင်ရင့်မာ၏ စကား ခေတ္တငှားသုံးရလျှင်ဖြင့် ပိတောက်မမြင်ရသော နေ့ရက်များပါပဲလေ။
အားလပ်ရက် များပြားလှသည့် သည်နွေရက်များတွင် ပွဲတော်အများအပြား ပြုလုပ်ကျင်းပလေ့ ရှိပါသည်။ မန်းရွှေစက်တော် ဘုရားကဲ့သို့ နာမည်ကြီး ဘုရားပွဲတော် အများအပြားသည်လည်း နွေဦးဆန်းလျှင်ဖြင့် ဖွင့်လှစ်ကြပေပြီ။ မိသားစုနှင့်ဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ နိုင်ငံအနှံ့ ခရီးဆန့်၍ ခြေစကြာဖြန့်ကြသည်။ ရာသီဥတုက ပူပြင်းခြောက်သွေ့သည့်တိုင် သည်နွေရက်များတွင်တော့ ခရီးသွားများဖြင့် တစ်နေရာမဟုတ်တစ်နေရာ စည်ကား၍ နေပေတော့သည်။
ထို့အပြင် မိသားစုအလိုက် ရဟန်းခံ၊ ရှင်ပြု၊ နားသကြသည့် အလှူမင်္ဂလာပွဲများကိုလည်း သည်နွေရက်များမှာ ပြုလုပ်ကြသည်။ သင်္ကြန်ရက်များအတွင်း အလည်အပတ်၊ အပျော်အပါး ရှောင်ကြဉ်ပြီး တရားရိပ်သာဝင် ရောက်ကြရင်း နှစ်သစ်ကို ဖြတ်သန်းသူများလည်း အများအပြား ရှိကြသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော နေ့ရက်များမှာလည်း နွေလထဲတွင် ပါဝင်ကြသည်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့တပ်မတော်တို့ စတင်ထွက်ခွာခဲ့ကြသော မတ်လ (၂၇) ရက်နေ့သည် နွေလထဲမှာဖြစ်သည်။ နိုင်ငံခြားသားများပါ စိတ်ဝင်စားကြသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် သင်္ကြန်နေ့ရက်များသည် နွေလထဲမှာဖြစ်သည်။ ‘ဗုဒ္ဓနေ့’ ဟုသတ်မှတ်ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရာ ကဆုန်လပြည့်နေ့သည်လည်း မုတ်သုံရနံ့တို့ ရတတ်လေသည့်တိုင် နွေလထဲမှာပဲ ဖြစ်ပါသည်။
“ရေဘူးနှင့် ဖိနပ်မပါ နွေခါမှသိမည်။ ဒါနနှင့် သီလမပါ သေခါမှသိမည်” ဟူသော အဆိုအမိန့်တစ်ခုကို မှတ်သားဖူးသည်။ ရေဘူးနှင့်ဖိနပ် မဟုတ်ပေမယ့် watercooler နှင့် aircon မပါဘဲ ပန်ကာလေ သက်သက်ဖြင့် ဖြတ်သန်းခဲ့ရသော ရန်ကုန်နွေညများကို အမှန်တကယ်ပင် ခံစားခဲ့ရဖူးပါသည်။ ပူအိုက်လွန်းသဖြင့် ညဆိုတော်တော်ဖြင့် မအိပ်နိုင်။ နေ့ဘက်ဆိုလည်း တံလျှပ်တပြိုင်းပြိုင်း ထနေသည့် လမ်းမများထက် ကိုယ့်အပူရှိန်နှင့်ကိုယ်။ လှုပ်ရှားသွားလာနေကြရသည်။ နေအပူထက် ပရိယေသန ၀မ်းစာအပူက ပို၍လောင်မြိုက်အား ကြီးသည်ထင့်။
သင်္ဃန်းကျွန်းမှာ နေစဉ်က ဒီဇင်ဘာလ အလယ်ကြီး ပီပီသသကြီး တွန်ကျူးလိုက်သည့် ဥသြငှက် သံကြားလိုက်ရသောအခါ ရန်ကုန်နွေကို ပြက္ခဒိန်များပေါ် ရှာကြည့်လို့ မရကြောင်း သဘောပေါက်သွားသည်။ လေးဖက်လေးတန် ထောင်မတ်ထားသော ကွန်ဒိုတိုက်တန်းများ၊ ဟွန်းသံတညံညံ ဆီစော်တနံနံဖြင့် ကားတွေပြွတ်ကျပ်နေသော ကတ္တရာလမ်းများ၊ ပိတ်လှောင်ခံထားရသော ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအောက်မှာ ပိုးဖလံမျိုး မီးကိုတိုးကို တွေ့ရသည်။ အလုပ်မရှိ ကြောင်ရေချိုးကိုလည်း တွေ့ရသည်။ ပိုးသာကုန် မောင်ပုံစောင်းမတတ်ကိုလည်း တွေ့ရသည်။
တချို့က UV protecting တွေ white spa တွေနှင့်။ တချို့က အင်္ကျီမပါ ကိုယ်ဗလာနှင့်။ အဲဒီ့လို နွေနေပူကို အန်တုဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်အေးရာအေးကြောင်း ရှာကြသူများကိုလည်း တွေ့ရတတ်သေးသည်။
သတ်မှတ်ချက်အရ မြန်မာနိုင်ငံ ရာသီဥတုများမှာ တစ်မိုးကုန်လျှင် တစ်ဆောင်းသစ်၍ တစ်ဆောင်းနှောင်းလျှင် တစ်နွေပြောင်းကြစမြဲ ဖြစ်သည့် အားလျော်စွာ နှစ်စဉ်မပျက် ဒီအတိုင်း လည်ပတ်မြဲ လည်ပတ်နေကြဦးမည်သာ ဖြစ်ပါသည်။ နွေရာသီနှင့် ပတ်သက်၍လည်း ခေတ်အဆက်ဆက်မှ အနုပညာရှင်များစွာက အကြောင်းအရာမျိုးစုံကို ခံစားရေးဆွဲခဲ့၊ ခံစားသီဆိုခဲ့၊ ခံစားရေးသားခဲ့ကြပြီး ဖြစ်ကြသည်။
ခြောက်သွေ့ပြီး ရိုးတံပြိုင်းပြိုင်း ကျနေသည့် သစ်ပင်များဖြင့် နွေ၏အရသာကို လွမ်းမောဖွယ်ရာ ခံစားရစေသည့် ဆရာဦးဝင်းဖေမြင့်၏ “သစ်ပင်များ” (Trees) ပန်းချီကားကို ကျွန်တော်ကြိုက်သည်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ “နွေကန္တာဦး” ကို ကျွန်တော်ကြိုက်သည်။ ဆရာမြသန်းတင့်၏ ‘တမာနုချိန်စစ်တမ်း’ ကို ကျွန်တော်ကြိုက်သည်။ ဆရာမ ညလွမ်းအိမ်၏ ‘နွေရာသီမှာ ၀တ်လို့ကောင်းတဲ့ကဗျာ’ ကို ကျွန်တော်ကြိုက်သည်။ အနုပညာရှင်တို့၏ မှော်ဝင်လက်နှင့် ထိခတ် ဖန်ဆင်းလိုက်သော နွေရာသီသည်ကား အရာရာလှပ၍ သာယာလွမ်းမောဖွယ် ကောင်းနေတော့သည်။
အခုတောဖြင့် ကျွန်တော်ကြိုက်သော ကိုကျားပေါက်၏ “နွေဦး” သီချင်းကို ခပ်ဆွေးဆွေး သီဆိုနေမိပြန်သည်။ နွေလ၏သဘာဝ FM ဥသြသံကို နားဆင်ဖို့အတွက်လည်း ပြတင်းတံခါးကို တတိယအကြိမ်အဖြစ် ဖွင့်လှစ်ရပေဦးမည်။
Writer:
လင်းရာလွန်းအိမ်
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။
Post a Comment