ကိုးခရိုင်သားတို့နွှဲပျော်သည့်ဆင်အလှူပွဲ
ကျောက်ဆည်သားမှန်လျှင် ဆင်ကိုချစ်သတဲ့။ ဆင်အကကို မြတ်နိုးတယ်တဲ့။ ကလေးကအစ၊ သက်ကျားအို၊ အပျိုလူငယ်မလပ် ခေါင်းလှုပ်ခြေတိုးယိမ်းနွဲ့နေတဲ့ ဆင်အကမြင်လျှင် နောက်ကနေ တသီတတန်း လိုက်ကြည့်ကြ၊ အားပေးတတ်ကြသည့် မြင်ကွင်းကလည်း ရွှေဆည်သားတို့၏ မြတ်နိုးအလေးထားမှုကို လှစ်ပြနေသည့် သရုပ်ဖော်ပြကွက် တစ်ခုပင်။ ၀ါတွင်းကာလတွင် ၀ါး၊ နှီး၊ ကတ်ထူများဖြင့် ရုပ်လုံးဖော်ကာ တန်ဆာဆင်ယင် ပြုလုပ်ထားသည့် လူဝင်၍ကရသော ဆင်အရုပ်များဖြင့်က ပြဖျော်ဖြေရင်း မြို့တွင်းလှည့်လည် အလှူခံလေ့ရှိသည်ကလည်း ကျောက်ဆည်မြို့၏ ဓလေ့တစ်ခုပင်။ ထို့ကြောင့် ၀ါတွင်းကာလအတွင်း ကျောက်ဆည်မြို့ပေါ်ရောက်လျှင် ဆင်အဖွဲ့၊ ဆင်အကများကို တစ်လမ်းမဟုတ်၊ တစ်လမ်းတွင် တွေ့မြင်ရမည်သာ။
ဆင်ရုပ်မှာ ကျောက်ဆည်မြို့၏ အမှတ်တရ သင်္ကေတ ဖြစ်သကဲ့သို့ မြို့၏ထူးခြားစည်ကား လူသိများသည့် ပွဲတော်မှာလည်း ကျောက်ဆည်သူ၊ ကျောက်ဆည်သားများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲလေ့ရှိသော ဆင်အကပြိုင်ပွဲနှင့် ဆင်အလှူပွဲတော်ပင် ဖြစ်သည်။
ဆင်အလှူပွဲမှာ အနော်ရထာမင်းအား ကျေးဇူးဆပ်သည့် အနေဖြင့် ရည်စူးကာ ဆက်ကပ်လောင်းလှူတဲ့ အလှူပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်သီတင်းကျွတ်လပြည့် ရောက်တိုင်း ရွှေသာလျောင်းတောင်ပေါ်တွင် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၉၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ယင်းဆင်အလှူပွဲကို အမှီပြု၍ ရိုးရာအစဉ်အလာမှ တစ်စတစ်စ ဆန်းသစ်မှုများ ပြုလုပ်လာပြီး နောက်ပိုင်းတွင် ကျောက်ဆည်ဆင်အက အလှပြိုင်ပွဲပေါ် ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကျောက်ဆည်သားများ အဆိုအရ ဆင်အက အလှပြိုင်ပွဲကို ၁၉၆၉ ခုနှစ်ခန့်တွင် စတင်ကျင်းပလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဆင်အကပြိုင်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် ကျင်းပလေ့ရှိပြီး ပြိုင်ပွဲဝင်ခြင်း၊ ဆုချခြင်းများကို တစ်ရက်တည်း အပြီးကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်သော်လည်း ထူးခြားသည့် ဓလေ့နှင့် ရိုးရာအမွေ လက်ဆင့်ကမ်း အနုပညာပွဲတော်တစ်ခု ဖြစ်သောကြောင့် ပြည်တွင်းမှသာမက ပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များပါ တကူးတက လာရောက်မှုရှိသည့် စည်ကားသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။
ဆင်အကပြိုင်ပွဲဟု ဆိုသော်လည်း ဆင်အကအနုပညာ တစ်ရပ်တည်း မဟုတ်ဘဲ အဆို၊ အက၊ အတီး၊ ပန်းချီ၊ ဖန်တီးမှု စသည့်အနုပညာရပ်များအားလုံး ပေါင်းစပ်ပါဝင်နေသည့် အနုပညာပြိုင်ပွဲ တစ်ခုပင်။
“ဆင်ပွဲတော်ဆိုတာကို သာမန်ကာလျှံကာ ကျင်းပတာ မဟုတ်ဘူး။ ပြိုင်ပွဲဝင်ဆင်တွေကို အမှတ်ပေးတဲ့အခါမှာ အချက် ရှစ်ချက်နဲ့ အမှတ်ပေးတာဖြစ်တယ်။ အဲဒီအချက် ရှစ်ချက်က ဆင်အမည်၊ ဆင်အလှအကစပြီး ဆင် အက၊ ဆင်ဦးစီး သရုပ်ပြ၊ သီချင်းအဆို၊ အတီး စတာတွေကနေ အဖွဲ့ဝတ်စားဆင်ယဉ်မှု အထိပါတယ်။ အချက် ရှစ်ချက်ထဲမှာ အနု ပညာနဲ့သက်ဆိုင်တဲ့ အဓိကအချက် လေးချက် ပါတယ်။ အဲဒီအချက်တွေအတွက် သူ့ပညာ ရပ် အလိုက်ကျွမ်းကျင် သူတွေအမှတ်ပေးမှသာ ထွက်လာတဲ့ရလဒ်တွေကလည်း မှန်ကန်မယ်။ ဒါကြောင့် ကျောက်ဆည်သားတွေအနေ နဲ့တော့ အမှတ်ပေးဒိုင်တွေကို ရွေးချယ်တဲ့ အခါမှာ သူ့ပညာရပ်အလိုက် ကျွမ်းကျင်သူတွေပါပြီး အမှန်တကယ်လွတ်လပ်တဲ့ ဒိုင်တွေ ဖြစ်စေချင်တယ်” ဟု ဆင်အကအလှပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးစိုးရွှေက ကျောက်ဆည်သားတို့၏ ရင်ထဲမှ ဆန္ဒအားကိုယ်စားပြု၍ လှစ်ဟပြခဲ့သည်။
ကြေးကြိုးသားရေ လေလက်ခုပ်စသည့် တူရိယာ ငါးမျိုးဖြင့်သာ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ရ သော ဆင်အကပြိုင်ပွဲမှာ တစ်နှစ်ထက် တစ် နှစ်ကုန်ကျစရိတ်မြင့်တက်လာခြင်း အပါအ ၀င် အမှတ်ပေး ဒိုင်၊ ပြိုင်ပွဲစည်းကမ်း အပြောင်း အလဲ၊ အကြပ်အတည်းနှင့် အနုပညာရှင်ရှား ပါးလာမှုများကြားတွင် အပြိုင်အဆိုင် အားမာန်ခဲလို့ ချီတက်လာသမျှ အချို့အချို့ အလွဲများကြောင့် ခဲလေသမျှ သဲရေကျ ဖြစ်ရသည်များမှာလည်း ဆင်အကပြိုင်ပွဲဝင်များ အတွက် အားလျော့ဖွယ်ရာများပင်။
“ဒီနှစ်အတွက် အမှတ်ပေးဒိုင်သုံးခုံမှာ ထိုင်မယ့်ဒိုင်စာရင်း ထွက်လာတဲ့အခါမှာ အရင်နှစ်တွေထက် လူဦးရေပိုပေမဲ့ ပညာရပ်အလိုက် ကျွမ်းကျင်တဲ့သူပါဝင်မှုကလည်း နည်းတယ်။ မနှစ်က ပြိုင်ပွဲစည်းကမ်းသာရှိပြီး လက်ရှိအထိ ပြိုင်ပွဲအတွက် တိကျတဲ့စည်းကမ်း ဆိုတာတွေ မထွက်လာသေးဘူး။ အဲဒီတော့ ပြိုင်ပွဲအတွက် သူ့အဖွဲ့ငါ့အဖွဲ့ အပြိုင်အဆိုင် အလုအယက် စီစဉ်ကြတဲ့အခါမှာ အခက်အခဲဖြစ်ရတယ်။ မနှစ်ကဆို ပြိုင်ပွဲနီးမှ ကား အကြီးဝင်နိုင်မှုကို ကန့်သတ်ခဲ့တဲ့အတွက် အခက်တွေ့ရတာတွေ ရှိသလို အရင်နှစ်တွေကလည်း ကလေးဆင် ပြိုင်ပွဲမှာ လူကြီးနှဲသမားပါလို့ ဆုရဖို့လွဲခဲ့တာ တွေရှိခဲ့တယ်။ ဘာကြောင့် ပြိုင်သလဲဆိုရင် အနော်ရထာမင်းကျေးဇူး ဆပ်တယ်။ ဆင်ကို ချစ်တယ်။ ကျောက်ဆည် သားပီသတယ်။ အဖွဲ့လိုက်ယှဉ် ပြိုင်တာဖြစ်တာကြောင့် စည်းလုံးညီညွတ်မှုနဲ့ အဖွဲ့အစည်း စိတ်ဓာတ်တွေပါတယ်။ အခုကျတော့ အချို့ စည်းကမ်းတွေ က ဒါတွေကို ရိုက်ချိုးသလိုခံ စားရတယ်။ အဲဒီသာဓကတွေကြောင့် ပြိုင်ပွဲ ၀င်မယ့် ဆင် အဖွဲ့တွေအနေနဲ့ ပြိုင်ပွဲမ၀င်ခင်မှာကတည်း က ဒိုင်တွေရဲ့သတ်မှတ်တဲ့ စည်းကမ်းချက်တွေကို ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ တိတိကျကျ ကြိုပြီးထုတ်ပြန် ပေးစေချင်ပါတယ်။ ကျောက်ဆည်သားတို့ကတော့ ထန်းမူးပြေ ထန်းပင်မော့ကြည့် ဆိုသလို ဒီနှစ်အခက်အခဲတွေကြောင့် ညည်းညူနေပေမဲ့ နောက်နှစ် ပွဲချိန်နီးရင်သူ့ အလိုလိုပိုးကြောင့် မရအရ ကြိုးစားအားထုတ် ၀င်ပြိုင်ကြတယ်” ဟု ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည့် ဆင်အကအဖွဲ့ဝင်များက ဖွင့်ဆိုသည်။
သီတင်းကျွတ် ဆင်အလှူပွဲနှင့် ဆင်အက ပြိုင်ပွဲတော်အား သက်ဆိုင်ရာ အာဏာပိုင်များက ကြီးမှူးကာ ကျင်းပရေး ကော်မတီဖွဲ့စည်း၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများအဖြစ် ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ကလေး ဆင်ဟူ၍ရှိကာ ပြိုင်ပွဲဝင်တီးဝိုင်းများတင် ဆောင်သည့်ကား ၀င်ရောက်ခွင့်မှအစ စင်မြင့် ပေါ် တက်ရောက်ယှဉ်ပြိုင်နိုင်မည့် ဦးရေစသည့် ကန့်သတ်စည်းမျဉ်းများကို လိုက်နာပြိုင်ပွဲဝင်ရလေ့ရှိသည်။
ပြိုင်ပွဲဝင် ဆင်အကအဖွဲ့များ အနေဖြင့် ရိုးရာစည်းမျဉ်းစည်းကမ်းအရ လိုက်နာရသည့် အချက်များလည်း ရှိပြီး ပွဲတော်ကျင်းပသည့်နေ့တွင် ပြိုင်ပွဲဝင်ဆင်များနှင့် မြို့အတွင်း အပျော်လှည့်လည် ဧည့်ခံဆင်များပါ ရွှေသာလျောင်းတောင် ဘုရားဝတ္တက မြေဖြစ်သော ကျောက်ဆည်ဈေးအား သုံးပတ်ပတ်ကာ ပူဇော်ပြိုင်ပွဲဝင်လေ့ ရှိသောကြောင့် အမှတ်ပေးဒိုင်မှာ နေရာအလိုက် ခုံသုံးခုံရှိပြီး ဒိုင်အဖွဲ့ သုံးဖွဲ့လုံးမှ ရမှတ်များကို စုပေါင်း၍ ဆုချီးမြှင့် ခြင်းဖြစ်သည်။
“ဒိုင်ခုံ သုံးခုံရှိတာက အရင်ကတည်းက ရိုးရာအရ ပြိုင်ပွဲဝင်ဆင်တွေဈေးကို သုံးပတ်ပတ်ပြီး ပူဇော်ပြိုင်ပွဲဝင်ရတယ်။ အဲဒီလိုဝင်တဲ့ အခါမှာ အပတ်ရေပြည့်အောင် စောင့်ကြည့်တဲ့ အနေနဲ့ ဒိုင်သုံးဒိုင်ကို နေရာခွဲထားတယ်။ အရင်ကတော့ ဈေးကိုကပ်ပြီးပတ်ပူဇော်တာ ပေါ့။ အခုနောက်ပိုင်းတော့ပွဲတော်ရက် လူ အရမ်းစည်တာကြောင့် သွားလာရေးအတွက် အဆင်ပြေအောင် လမ်းကြောင်းပြောင်းပြီး ဈေးကို အဝေးကနေပတ်ပူဇော်တဲ့သဘောနဲ့ ပတ်ပြီးပြိုင်ပွဲဝင်ရတယ်။ ဒီနှစ် ဒိုင်စာရင်းအ မည်တွေထွက်တဲ့ အခါမှာ ဒိုင်အကူဆိုတာတွေ ပါလာတဲ့အတွက် ပြိုင်ပွဲဝင်မယ့် သူတွေထဲက နေပြန်ကြားရတဲ့အသံတွေရှိတယ်။ ဒိုင်အကူ တွေက အမှတ်မပေးရပါဘူး။ အရင်နှစ်တွေ လိုပဲ ဒိုင်တစ်ဒိုင်မှာ အဓိကကျတဲ့ သူတွေက ပဲပေးမှာပါ။ ဒိုင်အကူအနေနဲ့က လုပ်ငန်းမြန် ဆန်အောင်ထည့် ဖွဲ့ထားတဲ့သဘောပါ” ဟု အမှတ်ပေးဒိုင်ချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးကာ လက်ရှိတွင် ခုံအမှတ် (၃) ဒိုင်အဖွဲ့မှ ဦးကျော် သန်းက ရှင်းလင်းပြသည်။
ဆင်အကပြိုင်ရာတွင် ရိုးရာအမွေအ ဖြစ်အစဉ်အဆက် ဆင်နွှဲလာသည့် စည်းကမ်း ချက်များအပြင် အချို့စည်းကမ်းချက်များအား ပြောင်းလဲခြင်း ထပ်တိုးခြင်းများလည်း ရှိသော်လည်း သမားစဉ်အရ ပြိုင်ပွဲဝင်ရသည့် သတ်မှတ်အစီအစဉ်များဖြစ်သော ဘုရားကန်တော့၊ နတ်ပင့်၊ ဆင်ကြိမ်း၊ လေးခင်းအက၊ အရိုင်က၊ ဗုံထောက်၊ စိတ်ကြိုက်သီချင်း အစီအစဉ် စသည့်အစီအစဉ် ခုနစ်မျိုးအား တစ်ဆင့်ချင်း သရုပ်ဖော် ယှဉ်ပြိုင်ရလေ့ရှိသည်။
“အဖွဲ့တစ်ဖွဲ့ကို ပြိုင်ပွဲဝင်ချိန်က မိနစ် ၂၀ ပေးတယ်။ အဲဒီ မိနစ် ၂၀ မှာ ရှေးသမားစဉ် အတိုင်းပြိုင်ပွဲဝင်ရတယ်။ ကနဦးဆုံး ဘုရားပင့် ပြီးရင်နတ်ပင့် (စားတော်တိုက်လို့လည်းခေါ် တယ်) ပြီးရင် ဆင်ကြိမ်း၊ ပြီးရင် ယဉ်ကျေး လိမ္မာခါစ ဆင်ကြီးရဲ့ ကပြဟန်နဲ့ ကပြရတဲ့ ရိုင်တိုင်တိုင် ယိမ်းတိမ်းတိမ်းအက၊ ပြီးရင် ဗုံထောက် ဗုံထောက်သံနဲ့ ကတာက ပျော်ရွှင်မှု ရသ၊ ကြည်နူးမှုရသကိုပေးနိုင်လို့ ပွဲလာ ပရိ သက်တွေကို ဖမ်းစားနိုင်ဆုံးအကပါ။ အဲဒါ တွေပြီးမှ မိမိတို့ ကြိုက်နှစ်သက်တဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ရတာပါ။ လက်ရှိအထိကို ဒီသမားစဉ်ကို မမှန်တဲ့ပြိုင်ပွဲဝင် ဆင်အဖွဲ့တွေ ရှိသေးတယ်။ ဒီနှစ်မှာ အဲဒီလိုတွေမဖြစ်အောင်တော့ ဆင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်” ဟု ဦးကျော်သန်းက ဆက်လက်ရှင်းပြသောအခါ ရိုးရာအမွေ လက်ဆင့်ကမ်းသည့် အခါအမှတ်မှားကာ တိမ်းလွဲချက်များမှ အမှားကြာ အမှန်ဖြစ်တတ်သည့် အပြုအမူတို့ကို သတိချပ်စေနိုင်သည်။
‘ငါပြုသော ဆည်၊ မြောင်း၊ ကန်၊ ချောင်း၊ ဂူ၊ ကျောင်း အုတ်ပလ္လင်၊ ပန်းတင်၊ ရေတွင်း၊ စေတီ၊ တံတိုင်း၊ မီးတား၊ အရံတို့ကို မဖျက်ဆီးဘဲ တိုးပွားအောင်ပြုစု၊ လုပ်ကြံ၊ ဆောင်ရွက်၊ ကိုးကွယ်၊ ချီးပ၊ ပြင်ဆင်လုပ်ကြစေသတည်း။ ထိုသို့ ပြုသောကုသိုလ်အဖို့ကို ငါမင်းမြတ်အားလည်း အမျှပေးဝေ စေသတည်း။ ငါမင်းမြတ် ပြုစုတည်ထောင်ခဲ့သော ပွဲတော်၊ လမ်းတော်များကိုလည်း လုပ်ရိုးလုပ်စဉ်အတိုင်း နှစ်သက်ကြည်ညိုဖွယ်ရှိအောင် ဆည်တော်နံ မုဋ္ဌောဘုရားမှစ၍ စောင်းတန်းဦးရောက် ဆိုင်း၊ ကနား၊ ပွဲလမ်းသဘင်စီစဉ် ပြုလုပ်ကြစေသတည်း။ ဆည်တော်နံစေတီကို ပြင်ဆင် ပြုလုပ်လှူဒါန်းသော သူအပေါင်းတို့ ငါကဲ့သို့ ဘုန်းကြီးချမ်းသာစေသတည်း’ ဟူသည့် အနော်ရထာမင်းမိန့်မှာ ချက်အတိုင်း ကိုးခရိုင်သားတို့က ယနေ့မျက်မှောက်ခေတ်အထိ ရိုးရာပွဲလမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်း ကျင်းပနေဆဲဖြစ်သည်။
ကျောက်ဆည်သားများ၏ စိတ်နှလုံးတွင် အနော်ရထာကျေးဇူး ကိန်းအောင်းနေသကဲ့သို့ ဆင်အက၊ ဆင်ရုပ်နှင့် ဆင်လှူပွဲမှာလည်း မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် ခေတ်ကာလ အတွန်းအတိုက် အချိုးအကွေ့ အခက်အခဲများ ကြားကပင် အယဉ်၊ အရိုင်း၊ အဆင် ဒီဇိုင်းများဖြင့် ရိုးရာအမွေထိန်းသိမ်းကာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရင်း ကျင်းပနေပေဦးမည်။
writer: လဲ့လဲ့အောင်
Post a Comment