Header Ads

ရယ်စရာမောစရာတွေနဲ့အိမ်ကလေး





(တစ်)

သားရေ...။
သည်တစ်ခါတော့ ဖေဖေက သားကို ရယ်စရာ မောစရာတွေအကြောင်း ပြောပြရင် ကောင်းမလားလို့ စဉ်းစားမိတယ်ကွာ။
ဟုတ်တယ် ဖေဖေတို့သားအဖတွေနဲ့ ထိတွေ့ဆက်စပ်နေရတဲ့ ပတ်ဝန်းကျင်မှာ ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ် ဘယ်လိုလောကဓံတရားနဲ့ပဲ
ကြုံကြုံ အရယ်အမောမပျက်ပဲနဲ့ ရင်ဆိုင်ဖြတ်သန်းသွားတဲ့ သူတွေ ရှိသလို ဘယ်လိုအခြေအနေမျိုးမှာမှ ကိုယ်တိုင် ကလည်း မရယ်မောတက်၊တခြားသူတွေရဲ့
အရယ်အမော အပြုံးအရွှင်တွေကလည်း အလွယ်တကူနဲ့ ကိုယ့်ကို မကူးစက်နိုင်ပဲ ခြောက်တိခြောက်ကပ်ဖြစ်နေတဲ့ သူတွေလည်း ရှိနေကြတယ် မဟုတ်လား သားရယ်။
ဒါကြောင့် ဖေဖေက အခုတစ်ခါ သားကို ရယ်စရာ မောစရာတွေအကြောင်း ပြောဦးမှလို့ စိတ်ကူးပေါ်မိလာခဲ့တာပါပဲ။

(နှစ်)
တချို့လူတွေဟာ မရယ်မောတက်ကြဘူး သားရဲ့ ဒါဟာ တော်တော်ကို အံသြစရာကောင်းတဲ့ ဘဝနေထိုင်မှု ဟန်ပန်တစ်မျိုးလို့ ဖေဖေကတော့ ထင်မိတာပါပဲ သားရယ်
မြေစာရင်းဌာနမှာ အလုပ်လုပ်တဲ့ ဖေဖေ့ မိတ်ဆွေတစ်ယောက်ရှိတယ်ကွ။ သူဟာ မရယ်မောတတ်ပြီးတော့ ရယ်စရာတွေကိုလည်း ဘယ်တော့မှ မကြိုက်
တတ်တဲ့ လူပေါ့။ ဟာသရုပ်ရှင်တွေကို သူ ကြည့်လေ့မရှိဘူး။ဟာသ စာပေကိုလည်း သူ ဘယ်တော့မှ မဖတ်ဘူး။ ကိုသန်းလှိုင်၊ကိုတင်လှိုင်၊စန္ဒရားချစ်ဆွေ၊စန္ဒရား
လှထွဋ်၊သန်းဖေလေး၊ကိုစောညိမ်း အဆွေးသီချင်းတွေချည်းပဲ အမြဲနားထောင်တယ်။ ညည်းတယ်။ ဝတ္ထုဆိုရင်လည်း နွေကန္တာဦးတို့၊ မိုးညအိပ်မက်မြူတို့၊ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည် ခိုင်တို့၊
တပြည်သူမရွှေထားတို့ သူ့လက်ထဲမှာ တကိုင်ကိုင်နဲ့ ။ သူဟာ အမြဲတမ်းဆွေနေတဲ့မိုးလိုပဲ။ အုံ့အုံ့မှိုင်းမှိုင်းကြီးနဲ့ တစ်ခါတလေ လက်ဖက်ရည်ဝိုင်းတွေဘာတွေမှာ ဖေဖေတို့ စုမိဆုံမိကြလို့ ရယ်စရာမောစရာတွေဘက်
စကားရောက်သွားတဲ့အခါတွေမှာလည်း သူက ခပ်ယဲ့ယဲ့ပြုံးတယ် ဆိုရုံကလေးပါပဲ။ အားရပါးရနဲ့ ရွှင်လန်းသွားအောင် ရယ်တယ်ဆိုတာ မရှိသလောက်ပါပဲ သားရာ။
ဒါ ရယ်စရာလားဗျာဆိုတဲ့ သူ့အမေးကို ဖေဖေတို့ ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။ တစ်ခါတခါ သူတို့အိမ်ဘက်ကို ဖေဖေရောက်သွားလို့ အကဲခတ်ကြည့်တဲ့အခါ သူက စာအုပ်တစ်အုပ်နဲ့
သူ့ဇနီးကလည်း စာအုပ်တစ်အုပ်နဲ့၊သူ့သမီးကလည်း စာအုပ်တစ်အုပ်နဲ့ အသက်ရှင်ရတာ မခြောက်သွေ့ လွန်းဘူးလား။
ဖေဖေ အလုပ်လုပ်နေတဲ့ တက္ကသိုလ်ကျောင်းရဲ့ အပေါက်ဝ မလှမ်းမကမ်းကအိမ်တစ်အိမ်ဆိုရင်လည်း ဖေဖေ တော်တော်ကို စိတ်ဝင်စားမိတယ်။
အဲ့ဒီအိမ်က ဥစားကြက်ခြံကလေးနဲ့၊ အိမ်ဆိုင်ကလေး တစ်ဆိုင်နဲ့ သမီးတွေကလည်း နှစ်ယောက်လား သုံး ယောက်လား မသိ။ တစ်အိမ်လုံး ဘယ်သူမှ ရယ်မောမနေ
ကြဘူး။
ဖေဖေ ကြက်ဥသွားသွားဝယ်တဲ့အခါ အမေလုပ် တဲ့သူက ကြက်ဥပေးမယ်၊ပိုက်ဆံယူမယ်၊ ဒါပဲ။ ပြီးရင် ကြက်ခြံထဲမှာ ဟိုနားချွတ်ချွတ်၊ သည်နားချွတ်ချွတ်၊ သမီး
တွေကလည်း အိမ်ဆိုင်ကလေးထဲမှာ ငုတ်တုတ်၊ တစ်ခါတခါ သူတို့အဖေနဲ့ လမ်းမှာဆုံတက်တယ် သားရဲ့ သူက ခေါင်းတစ်ချက်ဆက်ပြပြီး နှုတ်ဆက်သွားရုံ
ဒါလောက်ပါပဲ။ အသက်ရှင်ရတာ လေးလံပင်ပန်းလိုက်တာ။

(သုံး)
ဖေဖေကတော့ ရယ်တက်မောတက်၊ပျော်တက်ရွှင်တက်တာဟာ မိသားစုဘဝကို စိမ်းစိုအောင်လုပ်တဲ့ အနုပညာ တစ်ရပ်လို့ ထင်မိတယ် သားရယ်။
ဗိုလ်ချုပ်ကြီးမက်အာသာ ဆိုတာကို သား ကြားဖူးမလား မသိဘူး။ ဒုတိယကမ္ဘာစစ်ကြီးမှာတုန်းက ပစိဖိတ်စစ်မျက်နှာမှာ တာဝန်ယူခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီးပေါ့။
သူက Build me a son ဆိုတဲ့ စာအုပ်ကို ရေးခဲ့သေးတာပေါ့။ သူ့သားကို တည်ဆောက်တဲ့ စာအုပ်ပါပဲ။ ဆရာတက်တိုးတို့ ဘာသာပြန်ခဲ့ဖူးသေးတာပေါ့။ အဲသည့်
စာအုပ် တစ်နေရာမှာ ဗိုလ်ချုပ်ကြီးမက်အာသာက -
"အလွန့်အလွန်လေးနက်သူ မဖြစ်စေချင် ထိုက်သင့်သလောက် ဟာသဓာတ်ခံ ရှိစေချင်" လို့ ရေးထားခဲ့တာကို ဖေဖေ လက်ခံတယ်ကွာ။
နောက် တော်ဖလာ(Alvin Tofler)ဆိုတာကိုရော သား ကြားဖူးမလား မသိဘူး။ သူက လူမှုရေးသိပ္ပံနယ်ပယ်မှာ တော်တော့်ကို ထင်ရှားတဲ့ ပညာရှင်တစ်ယောက်ပေါ့။
သူ့ရဲ့ တတိယလှိုင်း(The Third Wave)တို့၊ ယဉ်ကျေးမှု စားသုံးသူများ(The culture consumers)တို့ ၊ အနာဂတ် သွေးလန့်ခြင်း(Future shock)တို့ ဆိုတဲ့
စာအုပ်တွေဟာ ဖေဖေတို့ စာဖတ်သူတွေနဲ့ ရင်းနှီးသင့် သလောက် ရင်းနှီးနေခဲ့ပြီ မဟုတ်လား။ ကျော်ဝင်း၊မောင်ကြည်သစ်၊မောင်စူးစမ်း၊ကိုတာစတဲ့ စာရေးဆရာတွေက သူ့စာတွေကို မကြာမကြာ
ဘာသာပြန်ကြ၊ညွှန်းကြနဲ့။ ထားပါ သားရယ်။
အဲသည့် တော်ဖလာက ..
"ကျွန်တော်တို့တစ်တွေဟာ ရက်စက်မှုတွေ၊ပူဆွေးမှုတွေ၊ဒေါသတွေနဲ့ ပြည့်လျှမ်းနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ကြရတာ မဟုတ်လား။ အရောင်တလက်လက် ထွက်နေတဲ့
ကတိစကားတွေလည်း ရှိသေးတယ်။ ဒီလို လောကကြီးကို ဖြတ်သန်းရတဲ့အခါ အသက်ရှင်ရပ်တည်နိုင်ဖို့တစ်ခုတည်းသော နည်းလမ်းဟာ ဟာသဓာတ်ခံ ရှိဖို့ပဲဗျ" တဲ့
သား သဘောမကျဘူးလား။
ဖေဖေတို့ငယ်ငယ်တုန်းက ကပ်ဒေါက်ဂလပ်စ် (Kirk Douglas)ဆိုတဲ့ မင်းသား မြန်မာပရိသတ်တွေ ကြားထဲမှာ တော်တော့ကို ထင်ရှားခဲ့ဖူးသေးတယ် သားရဲ့
သူကတော့ ...
"ဟာသမရှိရင် ဘဝမှာ ရပ်တည်လို့မရဘူး။ ကိုယ့်ကိုကိုယ် ပြန်ပြီး ဟားကို ဟားပစ်နိုင်ရမယ်။ မဟားနိုင်လို့ကတော့ ခင်ဗျား နာပြီသာမှတ်" တဲ့
ဟုတ်တယ် သားရဲ့။ ရယ်စရာမောစရာတွေဟာ ဖေဖေတို့ ဖြစ်တည်နေခြင်းကို လွတ်လပ်သွား၊ ပေါ့ပါးသွား၊ ရင်းနှီးပွင့်လင်း သွားစေတာကတော့ အမှန်ပါပဲလေ။

(လေး)
တစ်ခါတုန်းက ကျောက်ပန်းတောင်းမြို့ကလေးကို စာပေဟောပြောပွဲကိစ္စနဲ့ ဖေဖေ ရောက်သွားခဲ့ဖူးတယ်။ အဲသည့်ပွဲမှာ ဖေဖေနဲ့အတူဟောမယ့် စာရေးဆရာ
တစ်ယောက်က ကိုနေဝင်းမြင့်ပေါ့။ ဖေဖေတို့တစ်တွေ ပုပ္ပါးတောင် တက်လိုက်ကြ၊ ကြက်မောက်တောင်ဆည်ကို သွားလိုက်ကြ၊ ပုဂံဘက် ကူးလိုက်ကြနဲ့ ရိုက်လိုက်တဲ့ဓာတ်ပုံတွေက တစ်ကွက်ပြီး
တစ်ကွက်၊ ဒါနဲ့ ဖေဖေတို့ပြန်မယ့်နေ့လည်းရောက်ရော ကားဂိတ်မှာ နှုတ်ဆက်ကြတော့ ကိုနေဝင်းမြင့်က ကျောက်ပန်းတောင်းပွဲ အဓိကစီစဉ်သူ ကိုခင်မောင်ချို ဆိုသူဘက်ကို လှည့်ပြီး .....
"ကဲ ကိုချို ကျွန်တော်တစ်ခု မေတ္တာရပ်ခံခဲ့ပါရစေ၊ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကျွန်တော်တို့ စာရေးဆရာတွေဆီ လုံးဝ ပို့မပေးပါနဲ့ဗျာ" လို့
ဆိုလိုက်တဲ့အခါ အကုန်လုံး ဝါးခနဲ ပွဲကျသွားတော့တာပါပဲ။ ဘယ်တော့မှ ပို့လေ့မရှိတာကို ငေါ့ပြီးမေတ္တာရပ်ခံလိုက်တဲ့ အခါကျတော့ အမှန်တရားနဲ့ နီးစပ်ကာ
နေရထိုင်ရ လွတ်လပ်ပေါ့ပါးသွားပါရော။ တစ်ခါကလည်း ဖေဖေရယ်၊ကိုအောင်ဝေးရယ် လပွတ္တာမြို့ကလေးကို ရောက်သွားခဲ့ဖူးတယ်။
အဲသည့်မှာ မြို့ကိုပတ်ဖို့ ဖေဖေတို့ကို စက်ဘီး တစ်စီးစီ ပေးတဲ့အခါ ကိုအောင်ဝေးက ....
"တစ်ခါတခါ ကိုယ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ သွားသွား တူတယ်ကွာ" တဲ့။
မြို့ခံက
"ဘာဖြစ်လို့လဲ အစ်ကို"ဆိုတော့ ကိုအောင်ဝေးက "ကိုယ် စက်ဘီး မစီးတက်ဘူးကွာ" တဲ့
အကုန်လုံး ဝါးခနဲပါပဲ။
ရယ်စရာမောစရာတွေဟာ လူတွေကို ရင်းနှီးစေတယ်ကွာ။

(ငါး)
ဖေဖေ့မိတ်ဆွေ စာရေးဆရာကိုတာက ရယ်ရွှင်ဖွယ် ဆိုတဲ့ စာတမ်းကလေးတစ်အုပ် ထုတ်ဖူးတယ်။
အဲသည်အထဲမှာ ကိုတာက ရစ်ချက်ဆောင်းဒါးရဲ့ အဆိုအမိန့်တစ်ခုကို ကိုးကားထားတယ်။
ဆဲလ်တွေက အကြံဥာဏ်ကို မွေးဖွားပေးသတဲ့။ စိတ်တင်းကြပ်ရင် ဆဲလ်တွေ သေသတဲ့။
ဖေဖေ လက်ခံတယ်ကွ။ နောက် ဘင်ဂျမင်ဖရင်ကလင်ရဲ့ အဆိုကိုလည်း ကိုတာက ကိုးကားထားသေးတယ်။
ပျော်စရာဖြစ်မှ အားတက်သရောရှိတာတဲ့။ ပျော်တော့မှ ဥာဏ်ထက်တာတဲ့။ ငါးနှစ်အရွယ် ကလေးတွေဟာ တစ်နေ့ကို အကြိမ်
၁၀၀ လောက် ရယ်ပြီး ၄၅နှစ် ရောက်လာရင် ၁၁ ကြိမ် လောက်သာ ရယ်တော့သတဲ့။
ဒါကြောင့် ဖေဖေတို့တစ်တွေဟာ ကြီးလာလေလေ ပညာရှာဖို့ ကျဉ်းမြောင်းခက်ခဲလာလေလေ ဖြစ်ရတာပေါ့။
ဖေဖေတို့တစ်တွေ ပျော်စရာဖြစ်အောင် မနေတော့တာလေ ဥာဏ်တွေ တုံ့ဆိုင်းသွားပြီပေါ့။ တစ်ချို့မိသားစုတွေဟာ တော်တော့်ကို ပျော်စရာ
ကောင်းပါတယ် သားရယ်။ အဖေနဲ့သမီး၊အမေနဲ့သား၊မောင်နဲ့နှမ စကြနောက်ကြ၊ ရယ်ကြမောကြ။
ဖေဖေ့မိတ်ဆွေတစ်ယောက်ဆို တော်တော့်ကို အသားမည်းတယ်။ သူ့သမီးကလေးက ချောချော ဖွေးဆွတ်လို့ သူက တစ်ခါတခါ သူ့သမီးကို ..
"ဟေ့ ဖေဖေက ဘာအမွေမှ မပေးနိုင်ဘူး အသားအရေနဲ့ အဆင်းလက္ခဏာအလှပဲ အမွေ ပေးနိုင်တာ" လို့
ဆိုလိုက်တဲ့အခါ တစ်အိမ်လုံး ဝါးခနဲ။
သူတို့ကိုကြည့်ပြီး ဖေဖေ ပျော်လိုက်တာ။ ၈.၁၁.၂၀၀၆ BBC သတင်းတစ်ရပ်မှာ တရုတ် နိုင်ငံတောင်ပိုင်း၊ဂွမ်းဒေါင်းပြည်နယ်၊ရှန်ဇန်းရင်ပြင်မှာ
နေ့စဉ် နံနက်တိုင်း လူ ၁၀၀၀ လောက်က နာရီဝက် တိတိ ရယ်နေကြလေသတဲ့။
Laughing club ဆိုလား ပထမဆုံးအသင်းသားက ကျန်လီဆင်တဲ့။ ရယ်မောပျော်ရွှင်တယ်ဆိုတာ လူ့ဘဝရဲ့ မရှိမဖြစ်
အခန်းကဏ္ဍတစ်ခု သားရဲ့။ အေးကွာ ဖေဖေကတော့ မိသားစုတိုင်းကို စကြ၊ နောက်ကြ၊ရယ်ကြ၊မောကြနဲ့ ဘဝကို စိမ်းစိုအောင်နေရင်း
ဖြတ်သန်း ပြီးမြောက်သွားကြစေချင်တာပါပဲ သားရယ်။

- မောင်သာချို -
[ စိမ်းလန်းသော မိသားစုများ စာအုပ်မှ ]
Credit: Wun Zinn


No comments