Header Ads

မြန်မာလူမျိုးနှင့်အချိန်ကိုအသုံးချပုံ



ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ရပ်ထဲရွာထဲမှာ ကျွန်တော်တို့လည်ရတာ အလွန်ပျော်ပါတယ်။ ဘယ်အိမ်ကို လည်ချင်သလဲ တံခါးသွားခေါက် လိုက်ရုံပဲ။ ကိုယ့်အိမ်မှာ ဘာလေးညာလေး ချက်စားကြတယ်ဆိုရင် စတီးဂျိုင့်နဲ့ အိမ်နီးချုပ်စပ်လိုက် ဝေကြ တယ်။ အလှူလုပ်တဲ့အခါ အလှူအိမ်ကို ဝိုင်းကူကြဖို့ ဖယောင်းတိုင်လေး တစ်ချောင်း၊ အရင်ခေတ်ကဆို ဆေးပေါ့လိပ်လေး တစ်လိပ်ကမ်းပြီး ဖိတ်လိုက်ရုံနဲ့ အရောက်လာကြတယ်။ နာရေးဆို ပိုတောင်ဆိုးသေး ... ညမအိပ်ဘဲ အပြီချဲဖို့ စောင့်နေတတ်ကြတဲ့ အဖွဲ့တွေကိုလည်း ချန်လှပ်ထားလို့ မဖြစ်ပြန်ပါဘူး။

ဆိုလိုတာကလူတွေဟာ ကူညီစိတ်ရင်းခံရှိကြတာမို့ အချိန်ပေးနိုင်ကြတယ်။ စည်းလုံးညီညွတ်မှုနဲ့ ရပ်သူရွာသား ဆိုတဲ့စိတ်ဓာတ်ဟာ မြန်မာတွေဆီမှာ အထူးထွန်းကားတယ်။ လုပ်ပေးရမယ်ဆိုတဲ့စိတ်ကြောင့် လူချစ်လူခင် ပေါကြတယ်။ နောက်ပိုင်းကျတော့ အလှူဆိုလည်း အဖွဲ့ကိုအပ်လိုက် - ဘယ်လောက်ကျတယ် ... မဏ္ဍပ်ဆို လည်း အငှားအဖွဲ့နဲ့ ဘယ်လောက် ကျသင့်တယ်ဆိုတာမျိုး ဖြစ်လာတဲ့အခါအချိန်ဟာ စေတနာ မဟုတ်တော့ ဘဲ ရုပ်ပြငွေကြေး ဖြစ်လာရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ အပြင်ဘက်မှာ မြန်မာအချင်းချင်း ပြန်တွေ့ကြတဲ့အခါ တစ်ခုခုနောက်ကျရင် ''မြန်မာစံတော်ချိန်အတိုင်းပေါ့'' လို့ အပြောခံရတာကို မခံချင်ဆုံးပါပဲ။ နောက်ကျရင် နောက်ကျတဲ့ အကြောင်း ရင်း ရှိရမယ်။ ကောင်းမွန်စွာ ရှင်းပြနိုင်တဲ့ အရင်းခံအကြောင်း ရှိရမယ်။ ဒါကို မြန်မာတွေပျက်ယွင်းခဲ့တဲ့ အချိန်နောက်ကျမှုကိုနောက်ပြောင် ဟားတိုက်စရာအဖြစ် လုပ်ပစ်လိုက်ရတာ အသည်းနာလို့ မဆုံးပါဘူး။

အခုနောက်ပိုင်း ကားအသစ်နဲ့ တစ်ပတ်ရစ်ကားတွေ ဖိသွင်းလာတဲ့အခါ လမ်းတွေဆိုးဆိုးရွားရွား ပိတ်လာ တယ်။ လူတွေရဲ့ နေ့စဉ်ဘဝအချိန် နာရီတွေဟာ မလောက်ငှတဲ့ကြားထဲက ချွေးစီစီအနံများကြားမှာ ကား တဝီဝီစီးပြီး ခံစားရပြန်တယ်။ ဒါကို ဒီတစ်ခေါက် လမ်းပန်းဆက်သွယ်ရေး ပြေလည်အောင် အထူးတည်ဆောက် ထားတဲ့ လှည်းတန်းခုံးကျော်တံတား အောက်မှာ (၂၅) မိနစ်စောင့်ရာက ကျွန်တော် အိပ်ပျော်သွားတဲ့အထိ ကား မရွေ့တော့မှ လက်တွေ့ ဆတ်ဆတ်ကလေး သိမြင်လိုက်ရပါတယ်။

ဒါကိုမှ တချို့က အားမရဘဲ ''မြန်မာတွေမှာ အပေါဆုံးကအချိန်ပဲ'' လို့ ပြောတတ်ကြသေးတယ်။ ခံပြင်းစရာပါ။ မနက် အလုပ်ထွက်ကတည်း က အိမ်ပြန်ရောက်တဲ့အထိ ကျွန်တော်တို့ရဲ့ဘဝအချိန်တွေကို မသိလိုက် ဘာသာ ပွတ်တိုက်ပွန်းပဲ့သွားတဲ့ မိနစ်ပေါင်းများစွာဟာ အသုံးချရကောင်းမှန်း မသိလို့လား၊ သုံးကောင်းတိုင်း သုံးနေမိကြ လို့ပါလား ...။

အမေရိကားမှာ ရုံး၊ ဆေးရုံ၊ အစိုးရဌာနစသဖြင့် ဘယ်နေရာမဆို တန်းစီ စောင့်ရတယ်။ အရင်ရောက်တဲ့လူ အရင်ဝင်ပဲ ... ရှင်းတယ်။ ဒါပေမဲ့ လူသိပ်များတဲ့ ကညန - DMV လိုနေရာမျိုးမှာ ဧည့်သည်များမှုကို လူနဲ့ မထိန်းတော့ဘဲ အချိန်ချိန်း - Apointment (ရက်၊ နာရီ၊ မိနစ်ချိန်း ဆိုသည်ကို ဆိုလိုပါသည်) နဲ့ အလုပ်လုပ် ကြတယ်။

ဥပမာ - မနက် (၉) နာရီ အပွိုင့်မင့်ရှိရင် ကိုယ်က အစောဆုံး (၈း၎ဝ) ရောက်ရင်ရပြီ။ ရောက်တာနဲ့စာရင်းပေး - Register လုပ်ပြီး ဆေးခန်းဆိုရင် သူနာပြုက ဆရာဝန်နဲ့မတွေ့ခင် အကြို - Prep လုပ်တာတို့၊ သွေးပေါင် ချိန်တိုင်းတာတို့၊ ကိုယ်အလေးချိန် ချိန်ထားတာတို့၊ အဖျား ရှိ/မရှိ တိုင်းတာတို့ ကြိုလုပ်ကြတယ်။ ဆရာဝန် ဝင်လာပြီဆိုရင် အကြာဆုံးအချိန် ကွာဟမှုက (၁၅) မိနစ်ခန့်သာ ရှိတတ်တယ်။ တချို့ ပိုကြာတဲ့နေရာတွေ ရှိတယ်ဆိုတာကိုတော့ မငြင်းလိုပါဘူး။

အဓိက ဆွေးနွေးချင်တာက မမှားတဲ့လူသားမရှိပေမယ့် အမှားပြင် အမှန်လုပ်တဲ့လူသား များလာရေးကို မီးမောင်းထိုးပြချင်တာပါ။ ဒါကြောင့် ပြဿနာတစ်ခုဖြစ်ရင် ဖြေရှင်းချင်တဲ့စိတ်က အရေးကြီးတယ်။ ဒီလိုပြော လို့ ''မင်းတို့ရောက်နေတဲ့ အမေရိကားအကြောင်း လာမပြောနဲ့ ... ဒါ မြန်မာနိုင်ငံကွ''လို့ လုပ်နေသ၍ မဖြေရှင်း ဖြစ်သေးဘူးဆိုတာ သက်သေပြနေသလိုပါပဲ။ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရာဖြေရှင်းချက်တွေဆိုတာ မဖြစ်မနေ လုပ်နေရမယ့် အားထုတ်မှုတွေပါ။ ကောင်းတဲ့စနစ်ဆိုရင် ကျွန်တော်တို့ မွေးမြူသင့်တယ်။ အတူတကွ ပူးပေါင်း ဆောင်ရွက်သင့်တယ်။

လက်တွေ့အကျဆုံးဥပမာအနေနဲ့ အိမ်တစ်အိမ်ကို အလည်သွားမယ့်အခါ အမေရိကားမှာ ဖုန်းကြိုဆက်ရတယ်။ မဆက်ဘဲသွားရင် အများစုက မကြိုက်ကြဘူး။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တွေးရင်တော့ ငါ့အမျိုးအိမ်သွား လည်တာပဲလေ ... အရင်းကြီးတွေပဲ ... ဘာဆက်စရာ လိုသလဲပေါ့ ...။ ဒါပေမဲ့ ဒီအလေ့အကျင့်က မမြင်သင့် မမြင်အပ်တာတွေ၊ မကြားသင့်လျှို့ဝှက်အပ်တာတွေ တော်တော်များများကို တားဆီးနိုင်တယ်ဆိုတာ အနောက် တိုင်းအတွေ့အကြုံအရ သိရတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်ရဲ့ အချိန်ကို စုလိုက်ကြတာပါပဲ။

အိမ်ရှင် မအားဘူးဆိုတဲ့နောက် ဧည့်သည်က သွားစရာမလိုတော့ လမ်းမှာ ကားပိတ်စရာ မလိုတော့ဘူး။ ဒီအစားသူ တခြားအလုပ်လုပ်မယ် ဆိုရင် တစ်ခုခု အကျိုးရှိသွားနိုင်တယ်။ အခုလို လက်ကိုင်ဖုန်း ပေါများလာ တဲ့အခါ လူတွေဟာ တစ်ဦးနဲ့တစ်ဦး အချိန်းအချက်မိလာတယ်။ ခက်တာက ပိုလာတဲ့အချိန်ကို ဖုန်းပြောရင်း အကုန်သုံးလိုက်ကြပြန်တယ်။ ဒါကြောင့် ဖုန်းပြောတာလည်း ထိထိမိမိနဲ့ လိုရင်းပြောတတ်ရင် အကောင်းဆုံး ပါပဲ။

လုပ်ငန်းနဲ့ဆိုင်တဲ့ တချို့ကိစ္စတွေကို ဓာတ်ပုံရိုက်ပြီး လုပ်နိုင်တယ်။ ဥပမာ - ကားလက်မှတ်ကို ဖုန်းနဲ့ဓာတ်ပုံ ရိုက်ပြီး ရောင်းချတာမျိုး ရှိလာနိုင်တယ်။ ရုပ်ရှင်လက်မှတ်ကို တန်းစီစရာမလိုအောင် လက်ကိုင်ဖုန်းကနေ ရောင်းချလာနိုင်တယ်။ ကုန်တင်ကုန်ပို့စာရင်းတွေကို ဖုန်းထဲကနေ ရွတ်ဖတ်ပေးစရာမလိုဘဲ အင်တာနက်သုံးပြီး Viber ကနေ ဗောက်ချာပို့လိုက် ရုံနဲ့ အလုပ်ပြီးမြောက်နိုင်ပါတယ်။ ဒါ့အပြင် Facebook Secret Group Chat  ဖွင့်ပြီး ကိုယ့်အသင်းအဖွဲ့ သီးသန့်အစည်းအဝေးထိုင်တဲ့အချိန်ကို အကျိုးရှိရှိ လျှော့ချနိုင်ပါတယ်။

အခု ကျွန်တော်စောင့်နေတဲ့လေယာဉ်က ရောက်ပြီး - Check In  ကောင်တာရောက်မှ မိနစ် (၃ဝ) နောက်ကျ မယ်လို့ ပြောတယ်။ လေယာဉ် လက်မှတ်ဝယ်တုန်းက ကျွန်တော့် ဖုန်းနံပါတ်တောင်းလို့ ပေးထားပေမယ့် လေယာဉ် နောက်ကျတယ်ဆိုတာကို ကြိုအသိပေးခြင်းမရှိခဲ့ဘူး။ ရန်ကုန်အတက်ကတည်းက နောက်ကျတာလို့ ဆင်ခြေပေးတယ်။

ခရီးထွက်နေသူတစ်ယောက်အဖို့ ကျွန်တော်တိုရဲ့ အလုပ်လုပ်နိုင်မှု ခွန်အား - Productivity ကို အချိန်နဲ့ လဲလှယ်နေရတာပါ။ မိနစ် (၃ဝ) နောက်ကျတာ ပြဿနာမရှိပေမယ့် နောက်ကျနေပါတယ်ဆိုတာသိရင် ကျွန်တော် အချိန်ကိုက်ကွင်းဆင်းတော့မှာပေါ့။ ဒီကြားထဲမှာ ကျွန်တော့်အတွက် တစ်ခုခု အကျိုးရှိတာကို မိနစ် (၃ဝ) အတွင်းမှာ မလုပ်နိုင်ဘူး လို့ ဘယ်သူပြောနိုင်မလဲ ...။

မိမိကို လူလိုသူလို ဆက်ဆံစေချင်ရင် မိမိကလည်း သူတပါးကို လူလိုသူလို ဆက်ဆံရမယ်လို့ ရောက်လေရာမှာ သင်ယူခဲ့မိတယ်။ ဒါကို ကျွန်တော်တစ်ယောက်တည်း အသုံးချရုံနဲ့တော့ လောကကြီးက လှပသွားမှာ မဟုတ်ပါဘူး။ တစ်ယောက်တစ်ပေါက် အုတ်ကျိုးအုတ်ပဲ့တွေ စီနေသမျှတော့ စေတီတစ်ဆူ တည်နိုင်မှာ မဟုတ်ပါဘူး။

ဒါတွေအားလုံးကို ခြုံပြီးအများအတွက် နားလည်တဲ့ စိတ်သဘော ထား လုပ်ဆောင်မှုတွေ မွေးစေလိုပါတယ်။ ''ကိုယ်ချင်းစာတရား - Courtesy ထားပြီး တစ်ဖက်သားကို မိမိကိုယ်တိုင်ကဲ့သို့ ဆက်ဆံသင့်လှပါတယ် ...'' ကိုယ့်အလှည့်ကျရင် ဘယ်လိုလုပ်မလဲလို့ တွေးမိလိုက်တယ်ဆိုရင် တော်တော်လေး အဆင်ပြေသွားပါ လိမ့်မယ်။


Credit - Netguide Journal
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


No comments