အင်းဝမြို့ဟောင်းဆီက ဘုံပြတ် သမ တို့ဘဝ
အင်းဝမြို့ရိုးအနီးမှ ဘုံပြတ်တစ်စင်းကို တွေ့ရစဉ်
ဖုန်တထောင်းထောင်းထနေတဲ့ လှည်းလမ်းထက်က အညာဒေသ တပေါင်းလရဲ့ အပူဒဏ်ကိုအန်တုရင်း မြင်းလှည်းတစ်စီးကို ဟန်ချက်ညီညီ တရွေ့ရွှေ့ ခရီးနှင်နေသည့် မြင်ကွင်းက သာမန်ထက် ထူးခြားနေသည်။ ဖုန်ထူထူလမ်းနှင့် ချိုင့်ခွက်များတင်းကြမ်းနိုင်လှသော လမ်းမထက်က မြင်းဇာက်ကြိုးကို ဆုပ်ကိုင်၍ နိုင်ငံခြားသားခရီးသွားများ၏ လိုရာခရီးကို ပို့ဆောင်ပေးနေသော လက်ချောင်းပိုင်ရှင်များ သို့တည်းမဟုတ် မြင်းလှည်းမောင်းနှင်နေသူတို့မှာ အမျိုးသမီး မြင်းလှည်းသမများပင် ဖြစ်သည်။
ထိုထိုသော မြင်ကွင်းများကို ဧရာဝတီမြစ်မကြီးအတွင်းသို့ ဒုဋ္ဌ၀တီမြစ်ပေါင်းဆုံ စီးဝင်ရာအနီးရှိ အင်းဝမြို့ဟောင်းတွင် တွေ့ရှိ ရမည်ဖြစ်ပြီး ပုခက်လွဲသောလက်တစ်စုံတို့၏ နိစ္စဓူဝနေ့ရက်တိုင်းသည် နှင်တံကို ဆုပ်ကိုင်စွဲလို့ ဖြတ်သန်းလျှောက်လှမ်းရင်း တစ်ဝမ်းတစ်ခါးလား သမုဒ္ဒရာ ၀မ်းတစ်ထွာလား ဆိုသည်ကတော့ ဝေခွဲရခက်လှမည် ဖြစ်သည်။
မန္တလေးမြို့၏ အနောက်မြောက်ဘက် ဧရာဝတီမြစ်ကမ်းနံဘေးတွင်ရှိသော ရတနာ ပူရအင်းဝမြို့ဟောင်းသို့ ရန်ကုန် - မန္တလေး အမြန်လမ်းမှတစ်ဆင့်ဖြစ်စေ၊ အိုးတုတ္တန်းလမ်းမှ မြစ်ငယ်မြစ် (ဒုဋ္ဌ၀တီမြစ်) အား စက်လှေဖြင့် ကူး၍ဖြစ်စေ လမ်းနှစ်သွယ်ဖြင့် သွားရောက်နိုင်သည်။
အညာဒေသတချို့တွင် ပျောက်ကွယ်လု နီးနီးအခြေအနေတွင် ရှိနေသော မြင်းလှည်းအမြောက်အမြားကို အင်းဝမြို့ဟောင်းတွင်တော့ ဘိုးဘွားဘီဘင်ဘောင်ဆက် အလုပ်တစ်ခုအနေဖြင့် တည်ရှိနေဆဲဖြစ်ပြီး မြင်းလှည်းအစီးပေါင်း ၂၀၀ ခန့်ရှိသည့်အနက် အမျိုးသမီး မြင်းလှည်းမောင်းသူများ အယောက် ၃၀ ခန့်ရှိပေသည်။ ယခင်က တောင်ယာလုပ်ငန်းများ အခါကောင်းခဲ့စဉ်၌ တောင်သူသိမ်းချိန်၊ တောင်သူစိုက်ချိန်တို့တွင် ကျေးရွာအတွင်း ဖြတ်သွားသည့် တောင်သူများ အဆာပြေစားဖို့ရန် အမျိုးသမီးများတို့သည် မုန့်ပဲသရေစာများ၊ အကြော်အလှော်များ ပြုလုပ်ကာ ရောင်းချခဲ့ကြသည်။ စားဝတ်နေရေးလည်း အဆင်ပြေပြေရှိခဲ့ကြသည်။ ရာသီဥတု ဖောက်ပြန်ခြင်းနှင့် လယ်ယာလုပ်ငန်းခွင်အတွင်း စိုက်ပျိုးရိတ် သိမ်းမှုများ တစ်စတစ လျော့ကျလာမှုကြောင့် ကျေးရွာများတွင် မြင်တွေ့ရလေ့ရှိသည့် မုန့်ပဲသရေစာ ရောင်းချသူများဈေးကွက် ပျောက်ကွယ်လာခဲ့တော့သည်။ ယင်းအခြေအနေနှင့် တစ်ပါတည်း ကျွဲကူးရေပါဖြစ်လာသော ကုန်ဈေးနှုန်းလည်းကြီးလာသဖြင့် ရှေးရိုးစွဲအတိုင်း အမျိုးသမီးများ အိမ်တွင်း၌နေ၍ အိမ်မှုကိစ္စများကို လုပ်ကိုင်ရန် မဖြစ်တော့သည့်အလျောက် သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် မြင်းလှည်းပေါ်တက်ထိုင်ရင်း မြင်းဇက်ကြိုးကို ကိုင်ခဲ့ကြခြင်း ဖြစ်သည်။
အမျိုးသမီးမောင်းသည့် မြင်းလှည်းဆိုသော်ငြားလည်း အမျိုးသားမောင်း မြင်းလှည်းများနှင့်တန်းတူ မြင်းလှည်းဂိတ်မှ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်းအတိအကျ လိုက်နာကြရကာ စီနီယာအတိုင်း အလှည့်ကျ စောင့်ကြရသည်။ စီနီယာအလှည့်ကျဖြင့် မောင်းနှင်ထွက်ရသည်ဖြစ်သဖြင့် ထိုအမျိုးသမီး မြင်းလှည်းသမတို့သည်လည်း သူတို့၏ အလှည့်ကျ နံပါတ်စဉ်မရောက်မချင်း မြင်းလှည်းသမားတို့နှင့်အပြိုင် နေပူပူအောင်တွင် စောင့်စားကြရသည်။ မြင်းလှည်းမောင်းအခကြေးငွေများ ကောက်ခံရာတွင်လည်း အခြားသော အမျိုးသားမောင်းမြင်းလှည်းများနည်းတူ နှစ်နာရီလျှင် ကျပ် ၁၀၀၀၀ ကောက်ခံခွင့်ရှိပြီး သတ်မှတ်နှစ်နာရီထက် မိနစ်သုံးဆယ်ကျော်လျှင် ကျပ်ငါးထောင်၊ တစ်နာရီကျော်ပါက ကျပ်တစ်သောင်းသာ တန်းတူညီမျှ တိုး၍ကောက်ခံခွင့်ရှိကြသည်။ ကိုယ်ပိုင် မြင်းလှည်းရှိသူတို့အဖို့ နှစ်နာရီမောင်းပို့ပြီး ငွေကျပ်တစ်သောင်းအား မြင်းလှည်းမောင်းသမတို့၏ အိမ်မှုကိစ္စအ၀၀ မိသားစုအရေးအတွက် လိုအပ်သည်များ ၀ယ်ခြမ်းခြင်းပြုနိုင်သော်လည်း သူတစ်ပါး၏ မြင်းလှည်းကို ငှားမောင်းရသူအဖို့ အမျိုးသားများနည်းတူ ငွေကျပ် သုံးထောင်သာရကြပေသည်။
ခရီးသွားဧည့်သည်များ မြင်းလှည်းလာရောက်ငှားရမ်းပါက အမျိုးသမီးမြင်းလှည်းသမတို့သည့် အခြားသောအမျိုးသား မြင်းလှည်းသမားများထက် ပို၍ဂရုစိုက်တတ်ကြသည်။ မြင်းလှည်းပေါ်မှ အတက်၊ အဆင်းသော်လည်းကောင်း လက်ကိုတွဲ၍တက်စေ၊ ဆင်းစေသည်။ မြင်းလှည်းမောင်းနေရင်း ပါလာသည့် ခရီးသွားဧည့်သည်တို့၏ အခြေအနေကိုကြည့်၍ သူတို့က ခဏရပ်ပေးပါဆိုရင် ရပ်ပေးပြီးစောင့်ကြရသည်။ ထိုကဲ့သို့ ဂရုတစိုက်ရှိပြီး စည်းကမ်းများကို အမျိုးသားများနည်းတူ တစ်သဝေမသိမ်း လိုက်နာကြသော် ငြားလည်းပဲ မြင်းလှည်းစီးလာသူတို့၏ ငြိုငြင်မှုကို ခံရတတ်စမြဲ။ မိန်းမသားပေမယ့် ယောက်ျားသားများနည်းတူ မြင်းလှည်းကို ကောင်းမွန်စွာ အတိမ်းအစောင်းမရှိ မောင်းနှင်နိုင်သော်လည်းပဲ ခရီးသွားဧည့်သည်တို့သည် အမျိုးသမီးမောင်းမည့် မြင်းလှည်းဟုသိလျှင်ဖြင့် မြင်းလှည်းပြောင်းပေးရန် တောင်းဆိုတတ်ကြသည့် အခါများလည်း မနည်းမနော။ ထိုကဲ့သို့ တောင်းဆိုလာလျှင် အခြားသော အမျိုးသားမောင်းသည့် မြင်းလှည်းတစ်စီးစီးဖြင့် နေရာလဲပေးရင်း သူမတို့၏ မြင်းလှည်းအလှည့် တစ်ဖန်ပြန်လည်ကျရောက်ရန် ထပ်စောင့်ကြရပြန်တော့သည်။
အင်းဝက ဘုံပြတ်သမ
“ကြီးကြီးတို့ကို တချို့က မကြိုက်တာတွေရှိတယ်။ အမျိုးသမီးတွေ မောင်းတာမစီးတာတို့ ဘာတို့ပေါ့။ အဲ့လိုရှိလာရင်လည်း ခရီးသည် စိတ်ကြိုက်မြင်းလှည်းကို ပြောင်းပေးလိုက်ရတယ်။ ဒီတစ်ခါ မမောင်းရပေမယ့် နောက်ဧည့်သည်လာရင် မောင်းရမှာပဲဆိုပြီး နောက်ဆုတ်ပေးရတာပေါ့” ဟု ၁၉၈၉ ခုနှစ် မှစတင်၍ မြင်းလှည်းမောင်းခဲ့သည့် ဒေါ်နုနုက မြင်းလှည်းမောင်းရာတွင် ကြုံတွေ့ရသည့် နှင့်ပတ်သက်၍ ပြောပြသည်။
ဒေါ်နုနုသည် သားနှစ်ယောက်၊ တူ၊ တူမ တွေဖြင့် ယခင်ကမုန့်ပဲသရေစာများကို ရောင်းချခဲ့သည်။ ဒေါ်နုနု၏ အမျိုးသားဖြစ်သူက မြင်းလှည်းမောင်းရင်း မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ကြသည်။ တောင်သူများ အလုပ်ဆင်းချိန်၊ ပြန်ချိန်တို့တွင် ဒေါ်နုနု၏ဆိုင်တွင် မုန့်ပဲသရေစာများကို ၀ယ်စားကြသဖြင့် ဒေါ်နုနု၏ စီးပွားရေး အဆင်ပြေပြေ ရှိခဲ့သည်။ နောက်ပိုင်းတောင်သူများ ပျောက်ကွယ်လာချိန်တွင် ထိုမုန့်ပဲသရေစာများ ယခင်ကဲ့သို့ မရောင်းရတော့သဖြင့် စီးပွားရေး အခြေအနေပြောင်းလဲဖို့ စဉ်းစားလာရသည်။ တစ်ချိန်က ထွန်းတောက်ခဲ့ဖူးသော်လည်း ယခုအချိန်သမယတွင် တောမကျမြို့မကျသည့် အင်းဝမြို့ဟောင်း၌ အခြားသောစီးပွားရေး လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ် မဖြစ်လှသည်မို့ မြင်းလှည်းမောင်းသည့်ဘက်သို့ အန်တီဒေါ်နုနုအပြင်၊ သားနှစ်ယောက်၊ တူ၊ တူမလေးယောက်တို့အားလုံး ခြေစုန်ပစ်၍ ၀င်ခဲ့ခြင်းဖြစ်သည်။ ထိုခေတ်၌ မြင်းလှည်း တစ်စီးတစ်ခေါက်လျှင် ကျပ်ငါးရာသာရခဲ့သဖြင့် ကျပ်တည်းမှုများ ရှိခဲ့ကြသော်လည်း အခြားအလုပ်များ မည်မည်ရရမရှိသည်မို့ ချွေတာစားသောက်ရင်း မောင်းနှင်ခဲ့ရသည်ဟု အင်းဝမြို့ဟောင်း၌ ပထမဆုံးအမျိုးသမီး မြင်းလှည်းမောင်းဖြစ်ခဲ့သည့် ဒေါ်နုနု၏ ပြောပြချက်ကယခင်နှင့် ယခုခေတ်၏ ကွာဟပြောင်းလဲလာခဲ့ပုံကို ထင်ဟပ်စေသည်။
ယခုအခါ ထိုသားနှစ်ယောက်၊ တူ၊ တူမတို့သည် ကိုယ်စီအိမ်ထောင်ကျပြီး မြို့ပေါ်တက်ကာ လုပ်ကိုင်ရလွယ်ကူပြီး သက်သာသည့် လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြသဖြင့် အန်တီဒေါ်နုနုသာလျှင် မြင်းလှည်းမောင်းရင်း ကျန်ရစ်ခဲ့ရှာသည်။ စစ်စစ်မြင်းလှည်းမောင်းခြင်းသည် တွက်ခြေမကိုက်ကြပေ။ မြင်းလှည်းတစ်ခေါက် မောင်းလျှင်ရသည့် ကျပ်တစ်သောင်းမှာ မြင်း၏၀မ်းစာအတွက် ပဲရေမော်၊ ကောက်ရိုး၊ ဖွဲများကျွေးရပြီး ည၊ မနက် လေးပိဿာခန့်ကုန်ကာ ကျပ် ၅၀၀၀ ခန့်မှာ မြင်းအတွက်ဖြင့်ပင် ပြန်လည်အသုံးပြုကြရသည်။ ကျန်သည့် ကျပ် ၅၀၀၀ ကိုသာလျှင် မိသားစုအတွက် ၀မ်းခြမ်းခြင်းပြုကြရသည်။ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် အချိန်အခါမျိုးတွင် တစ်နေ့လျှင် မြင်းလှည်းတစ်ခေါက် ပုံမှန်မောင်းထွက်ခွင့်ရသော်လည်း ခရီးသွားဧည့်သည်များ နည်းပါးသည့် နွေခေါင်ခေါင်များတွင် မြင်းလှည်းတစ် ခေါက်ထွက်ဖို့ရာ မသေချာမရေရာပေ။ ထိုအခါမျိုးတွင် ငွေတိုးချေးကာ စားသောက်ကြရသည်။ တစ်ဆောင်းသစ်၍ ခရီးသွားဧည့်သည်များ ပြန်လည်များပြားလာပြီး အဆင်ပြေသည့် အခိုက်တွင် ဆပ်စရာ၊ ပေးစရာများပေးရင်းဖြင့် သံသရာလည်ခဲ့ကြရသည်။
“တကယ်တော့ အလုပ်အကိုင်တွေမရှိ၊ အလုပ်အကိုင်တွေခက်ခဲလို့သာ သူသူငါငါ မြင်းလှည်းတွေထောင်ပြီး မောင်းကြရတာ။ တွက်ကြည့်မယ်ဆိုရင်တော့ မြင်းလှည်းသမားက မကိုက်ပါဘူး။ မြင်းရဲ့အစာဖိုးနဲ့ လူစားတာနဲ့ မလောက်ငဘူး” ဟု မြင်းလှည်းမောင်းခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်သည့် အန်တီဒေါ်စိုးကြည်က မြင်းလှည်းသမတို့၏ စီးပွားရေး အခြေအနေခက်ခဲပြီး ချေးငှားစားသောက်နေရပုံကို ရှင်းပြလေသည်။
တစ်ချိန်က မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦး၏ လုပ်ခဖြင့် တစ်မိသားစုလုံး အဆင်ပြေသည်ဟု ပြောစမှတ်ရှိခဲ့ကြားဖူးခဲ့သည်။ သို့သော် ယခုခေတ်တွင်တော့ တစ်မိသားစုလုံး ၀ိုင်းဝန်းကြိုးစား လုပ်ကိုင်စားခဲ့ကြသော်လည်း အဆင်မပြေခဲ့ကြပေဟု အနာဂတ်လူငယ်များ၏ စကားဝိုင်းတွင် ပါဝင်လာမည် ဖြစ်ပေတော့သည်။
နံနက်ခင်းနေထွက်မှ နေ၀င်သည်အထိ မြင်းလှည်းပေါ်ထိုင်ရင်းဘေးက မြင်းလှည်းမောင်းဖော်တွေဖြင့် စကားပြောရင်း စောင့်ခဲ့ရသည့်နေ့တွေ ထိုအမျိုးသမီး မြင်းလှည်းမောင်းသမများအတွက် များလှပါဘိတကား။ နေမင်း၏ အလင်းရောင် ကွယ်ပျောက်လုနီးနီး အချိန်အထိ စောင့်ဆိုင်းခဲ့ရသောနေ့များလည်း မရေတွက်နိုင်ခဲ့ပေ။ နောင်လာမည့် အနာဂတ်နေ့ရက်များအတွက် မည်သည့် မျှော်လင့်ချက်ကိုမှမထားရဲဘဲ တစ်နေ့တာ အဆင်ပြေစေဖို့ရန် ဆုတောင်းခဲ့သည့် အကြိမ်များလည်း မရေတွက်နိုင်ကြတော့ပေ။
သက္ကရာဇ် ၇၂၆ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တစ်ချိန်က အင်းဝမင်းနေပြည်တော်ကြီးသည် ယခုအချိန်၌ မှေးမှိန်နေရှာပေတော့သည်။ နှစ်ပေါင်း ၆၀၀ ကျော်ပြီဖြစ်သည့်အလျောက် မင်းအဆက်ဆက် တည်ဆောက်ခဲ့ကြသော သမိုင်းဝင်အဆောက်အအုံများလည်း ခပ်ယဲ့ယဲ့ဖြင့် မှေးမှိန်ဖျော့တော့လာနေပြီး အင်းဝမြို့ဟောင်းအခြေပြု ဘုံပြတ်သမတို့အနာဂတ်မှာလည်း ခပ်ဝါးဝါးပင်ဟု ဆိုနိုင်ပေသည်။
Writer:
■ ဟေမာန်ဦး
Credit - Eleven Media Group
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment