Header Ads

ဒီနှစ်နွေ မီးပြတ်မှာလား



ရန်ကုန်မြို့ ဗဟန်းမြို့နယ်မြင်ကွင်း အချို့ကို ညပိုင်းအချိန်တွင် အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်)

လက်ရှိအစိုးရ တာဝန်ယူပြီး တစ်လမပြည့်ခင် နွေကာလမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ပြည်သူတွေအကြားမှာ ဝေဖန်မှု အမျိုးမျိုး ထွက်ခဲ့ပါတယ်။ မီးပြတ်တောက်မှာကို ကြိုတင်အသိမပေးတာ၊ ကြိမ်ဖန်များစွာ လာလိုက်မလာလိုက်၊ မီးအားဆောင့်တက်လိုက် ဖြစ်တာတွေကြောင့် လျှပ်စစ်ပစ္စည်းများ စွာချို့ယွင်းပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်သူရွေးကောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ကံကောင်းထောက်မစွာ နှစ်တိုင်းနဲ့ မတူတဲ့ ဆိုးရွားတဲ့ မီးပြတ်တောက်မှုအပေါ် ပြည်သူအများစုက အပြစ်မမြင်ဘဲ ဗျုရိုကရေစီစနစ်ဆိုးရဲ့ အမွေလို့ နားလည်မှု အပြည့်ပေးခဲ့ပါတယ်။

“တစ်ခုခုဆို အရင်ကလူတွေက ပညာပြတယ်ဆိုတာမျိုးက မပြောကောင်းဘူးပေါ့။ ဒါတွေက အမုန်းစကား Hate Speech တွေပေါ့။ Hate Speech တွေက လက်ရှိကမ္ဘာမှာ အရမ်းအရေးကြီးတယ်။ အမုန်းစကားတွေပြောပြီး တစ်ယောက်နဲ့ တစ်ယောက် မပြေလည်ကြဘူးဆိုရင်တော့ ပန်းတိုင်ကိုဘယ်လိုမှ မရောက်ဘူး” လို့ ဒေါက်တာခင်မောင်ညိုက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ နွေရောက်တိုင်း မီးပြတ်တောက်မှု၊ ဓာတ်အားမလုံလောက်မှု၊ အလှည့်ကျမီးပေးခဲ့ရမှုတွေ ဖြစ်ပေါ်ခဲ့တာကြာခဲ့ပါပြီ။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က စတင်ခဲ့တဲ့ နွေရောက်တိုင်း အလှည့်ကျမီးပေးမှု စနစ်အောက်မှာ ဒုက္ခခံနေကြရတာတော့ နယ်မြို့အများစုနဲ့ စက်မှုဇုန်တွေပါ။

ပြီးခဲ့တဲ့ငါးနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း နွေမှာမီးပြတ်တောက်မှုတွေ ကြုံခဲ့ရပေမယ့် ဆိုးရွားတဲ့ ပြတ်တောက်မှုမရှိသလို အစိုးရစီမံမှုနဲ့ပဲ ပြည်သူအများစု မီးရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရင်အစိုးရတွေ အစဉ်အလာအရဆိုရင် မီးဖြတ်တော့မယ်ဆိုတာနဲ့ ကနဦးက စက်မှုဇုန်တွေပါ။ ဒုတိယက နယ်မြို့တွေဖြစ်ပြီး နောက်ဆုံးကျမှ ပဲ စီးပွားရေးမြို့တော်ရန်ကုန်ကို မီးဖြတ်ပါတယ်။ အချိန်ပိုင်း ဖြစ်ချင်ဖြစ်မယ်။ အလှည့်ကျ ဖြစ်ချင်ဖြစ်မယ်။ ဒီလိုနောက်ဆုံးမှ မီးဖြတ်ရတာကလည်း ထမင်း၊ ဟင်းချက်တာကအစ အ၀တ်လျှော်၊ မီးပူတိုက်၊ ရေတင်တာနဲ့ ကျဉ်းကျပ်လှောင်ပိတ်နေတဲ့ တိုက်ခန်းတွေမှာ နေထိုင်ရတဲ့ ရန်ကုန်လူထုအတွက် မီးမရရှိရင် လုံးဝအဆင်မပြေတဲ့ အခြေအနေကြောင့်ပါ။  ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ ဆိုရင် ဆောင်းရာသီမှာတောင် မီးပြတ်တောက်နေလို့ လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက လာမယ့်နွေရာသီမှာ ပြည်သူလူထုက လျှပ်စစ်မီးနှင့် ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ပေါ်နေကြောင်းနဲ့ လက်ရှိဆောင်းရာသီမှာကို ရာသီဥတုပူလို့ ပန်ကာ၊ အဲကွန်းတွေ  ဖွင့်ထားရတာကြောင့် နွေရာသီကာလမှာ ရာသီဥတုပိုမိုပူပြင်းလာရင် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရမှာဖြစ်လို့  လျှပ်စစ်မီးပြတ်တောက်မှာကို စိုးရိမ်နေရတယ်လို့ ကြိုတင်ဆွေးနွေးခဲ့ပါတယ်။

ဒီလိုပူပန်နေရတဲ့အတွက်လည်း လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လာမယ့်နွေမှာ မီးမပြတ်အောင် လုပ်ဆောင်နေတယ်ဆိုတာနဲ့ မီးမပြတ်ရေး လုပ်ဆောင်နေတယ်ဆိုတာကို တိုင်းဒေသကြီးလွှတ်တော်နဲ့ အခါအခွင့်သင့်တိုင်းမှာ ကတိပေးမှုတွေ ပြုလုပ်ခဲ့သလို မီးမပြတ်ရေးအတွက် စီမံထားမှုတွေအကြောင်းကိုလည်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဒီလိုပြောကြားမှုတွေကြောင့် လာမယ့်နွေမှာ မီးမပြတ်တောက်ဘူးလို့ ယူဆကြပေမယ့် လက်ရှိမှာတော့ ဒီအခြေအနေက ပြောင်းပြန်ဖြစ်စပြုလာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေနေရတဲ့ အခိုက်အတန့်မှာကို မြို့နယ်အချို့မှာ မီးပြတ်တောက်မှုတွေ ရှိလာခဲ့ပါပြီ။

နွေမရောက်မီ မီးပြတ်တောက်မှုတွေ ရှိသလို မီးမှန်မှန်ရဖို့ မီတာခတွေ တိုးကောက်မယ်လို့ ဆိုခဲ့မှုတွေ ရှိတာကြောင့်လည်း နွမ်းပါးလှတဲ့ ပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေ ဆင့်ကဲဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရန်ကုန်မြို့တွင်း ရေဖြတ်တောက်မှုတချို့ ပြုလုပ်ရာမှာ အသိပေးမှုရှိခဲ့ပေမယ့် အတိအကျ အသိပေးမှုမရှိတာကြောင့် မြို့နယ်တချို့က ကြေညာထားတဲ့ ရက်ထက်ရေပြတ်တောက်မှုဖြစ်လို့ ပြည်သူတွေ အခက်အခဲဖြစ်ခဲ့ရသလို လက်ရှိမှာ မီးပြတ်စပြုလာချိန်မှာလည်း ကြိုတင်အသိပေးမှုတွေ မရှိတာကြောင့် ပြည်သူတွေအခက် ကြုံခဲ့ရပါတယ်။

“မနေ့ကလည်း တို့အိမ် ရေမလာဘူး။ ရေဖြတ်တယ်။ ဒါမျိုးတွေက မလုပ်သင့်ဘူး။ အရင်ခေတ်က ဖုန်းလိုင်းဖြတ်တယ်။ လုပ်ငန်းလုပ်သူတွေက ဆက်ကြေးသဘောမျိုး ၃၀၀၀ ၊ ၅၀၀၀ ကြား တစ်လ တစ်လ ပေးရတယ်။  ၁၀၀၀၀ ပေးရသူတွေ လည်းရှိတယ်။ အခုဆို ရေနဲ့ နှိပ်စက်တာပေါ့။ ဒါတွေက မလုပ်သင့် မလုပ်ထိုက်တာ လူတိုင်းသိပါတယ်။ ရေနဲ့ မီးနဲ့ ဖြတ်တယ်သာပြောတာ အစားအသောက်ကြတော့လည်း သူများထက်ဈေးကြီး၊ လစာလည်းနည်းတယ်။ ထိုင်းမှာဆို မြန်မာငွေ ၁၀၀၀ လောက်ဆို ဗိုက်ရိုက်စားလို့ရတယ်။  သူငယ်ချင်းတွေ ပြန်လာပါဆို မလာကြဘူး။ ယိုးဒယားပဲ ပြန်နေကြတယ်။ နောက်တစ်ခုပေါ့။ စည်ပင်မှာဆို ရွေးကောက်ခံ ကိုယ်စားလှယ် လေးယောက်တင်ရမှာ။ အခုထိဘာမှ မလုပ်သေးဘူး။ အခုက အရွေးခံထားရတဲ့ သူသုံးယောက်ပဲရှိတယ်။ သူတို့က လူကောင်းတွေပေမယ့် ဒီလုပ်ငန်းတွေက အကြီးကြီး။  လူကောင်းဖြစ်ပေမယ့်လည်း လုပ်ငန်းကြီးက အကြီးကြီးဆိုတော့ နေရာတကာလည်း သိမှာမဟုတ်ဘူး။ မသိဘဲနဲ့လုပ်တယ်။ ဒါကို လူတွေကလည်း ခေါင်းညိတ်နေမယ်ဆို ဒီလူတွေက အာဏာရှင် ပုံစံပဲဖြစ်လာမှာ” လို့ ဒေါက်တာ ခင်မောင်ညိုက ရေ၊ မီးဖြတ်တောက်မှုအပေါ် မတ် ၁၂ ရက်မှာ သုံးသပ်ပြောကြားပါတယ်။

လျှပ်စစ်ကို ပေါက်ဈေးအတိုင်း ၀ယ်သုံး။ မီတာခသုံးဆတက်မယ်။ လာမယ့်နွေမီးမပြတ်စေရဆိုတဲ့ စကားမျိုးတွေအတွက် လက်ရှိကာလမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဘယ်လောက်အထိ ကြိုတင်ပြင်ဆင်ထားလဲဆိုတာကို လက်ရှိအချိန်မှာ ပြည်သူလူထုက သိချင်နေပြီဖြစ်ပြီး တစ်ခုတည်းသော မေးခွန်းကိုလည်း မေးချင်နေပြီဖြစ်ပါတယ်။ အဲဒီမေးခွန်းက “လာမယ့်နွေ မီးပြတ်မှာလား” ။



ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုအတွင်း လျှပ်စစ်လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

လာမယ့်နွေ မီးပြတ်မှာလားဆိုတဲ့ မေးခွန်းအတွက်လည်း ရန်ကုန်အစိုးရအနေနဲ့ ကြိုတင်တွေးထား ခဲ့ပြီးဖြစ်သလိုပြီးခဲ့တဲ့ နွေအတွေ့အကြုံမှာ အစိုးရသစ်ရဲ့ သက်တမ်း တစ်လဆိုတဲ့ အခြေအနေကြောင့် နွေရာသီမီးပြတ်တောက်မှုကို ပြည်သူတွေ နားလည်ပေးခဲ့ပေမယ့် လက်ရှိအစိုးရရဲ့ တစ်နှစ်သက်တမ်း၊ ဒုတိယ နွေမှာတော့ နားလည်ပေးနိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး (ဒေါ်) နော်ပန်းသဉ္ဇာမျိုးက ၂၀၁၆ ခုနှစ် ဇွန်လက အမေရိကန်စင်တာမှာ ပြုလုပ်ခဲ့တဲ့ ရက် ၁၀၀ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

“လိုအပ်တာရဲ့ သုံးပုံတစ်ပုံပဲ ပေးနိုင်တယ်။ လာမယ့်နှစ် နွေရာသီ မတိုင်ခင်မှာ ဒီပြဿနာကို ဘယ်လို ဖြေရှင်းပေးမလဲ။ ဒီနှစ်နွေရာသီမှာ ကျွန်မတို့သည် အခုမှ စတက်တာဆိုပြီး နားလည်ပေးချင်ပေးလိမ့်မယ်။ နောက်နှစ်မှာဆို နားလည်မှာ မဟုတ်တော့ဘူး။ ဒါကို ကျွန်မတို့ သိပါတယ်။ လာမယ့် နွေမတိုင်ခင်ဆို ကျွန်မတို့က စက်အသစ်တွေလည်း ပြန်တပ်ရမယ်။ ခွဲရုံအသစ်တွေလည်း ပြန်ဆောက်ရမယ်ဆို ကျွန်မတို့ မီပါ့မလား။ ဘယ်လိုမှ မမီပါဘူး။ မီနိုင်တဲ့နည်းနဲ့ ဘယ်လိုလုပ်မလဲ။ လက်ရှိရနေတဲ့ Gas က ဘယ်လိုလဲ။ ဆန်းစစ်တော့ လျှပ်စစ်ကဏ္ဍ Production ပိုင်းမှာဆို Gas ကို အဓိကထားပြီး သုံးနေရတယ်။ ၂၀၂၇ မှာဆို Gas ကုန်ပြီ။ နောက်တစ်ခုကလည်း ၂၀၂၉ ဆို ကုန်ပြီ။ ဒီလိုကာလမှ ကုန်မယ်ဆိုပေမယ့် Gas ထွက်ရှိမှုက ၂၀၁၅ ကတည်းက ကျဆင်းနေပြီ။ အဲဒီတော့ မြန်မာနိုင်ငံရရှိမယ့် Gas ကိုယ်တာကို ပြန်စဉ်းစားတော့ အကုန်လုံးကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို ရောင်းပြီးသား ဖြစ်နေပြီ။ ကျွန်မတို့ ဘယ်လိုလုပ်မလည်း တရုတ်နိုင်ငံက ပြန်မရောင်းပါဘူး။ သူ့နိုင်ငံမှာ လျှပ်စစ်ထုတ်ပြီး ပြန်ဝယ်ရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်” လို့ နော်ပန်း သဉ္ဇာမျိုးက ဆိုပါတယ်။

ဒါ့ပြင် ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံက ဓာတ်ငွေ့ရောင်းချထားတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို မြန်မာနိုင်ငံဆီ လျှပ်စစ် ပြန်လည်ရောင်းချဖို့ ဆွေးနွေးရာမှာ တရုတ်နိုင်ငံက ပြန်လည်ရောင်းချမှု မပြုဘဲ တရုတ်နိုင်ငံမှာသာ လျှပ်စစ်ဓာတ်အားထုတ်ပြီး ပြန်ဝယ်မှ ဖြစ်နိုင်မယ်လို့  တုံ့ပြန်ခဲ့တာနဲ့ လာမယ့်နွေရာသီမှာ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ လျှပ်စစ်ကဏ္ဍမှာ တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံနိုင်မယ့် အဖွဲ့အစည်းများစွာနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဒီလိုဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေမှာ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ပြည်တွင်းပြည်ပက အဖွဲ့အစည်းပေါင်း ၆၀ ကျော်နဲ့ ပြည်တွင်း ပြည်ပစီးပွားရေး အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံဆွေးနွေးထားတယ်လို့ နော်ပန်းသဉ္ဇာမျိုးက ပြောခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေ ဘယ်လောက်ခရီးပေါက်ခဲ့ပါပြီလဲ။

“လျှပ်စစ်မီးက အခုခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းဖြစ်နေပြီ။ လျှပ်စစ်မီးမရှိလို့လည်း ကျွန်တော်တို့မှာ အခြေခံအဆောက်အအုံ မကောင်းဘူးလို့ ပြောကြတယ်။ အခြေခံ အဆောက်အအုံမကောင်းရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မ၀င်လာဘူး။ သီလ၀ါမှာ ဂျပန်က ရင်းနှီးမြှုပ်နှံဖို့လုပ်တော့ သူတို့က လျှပ်စစ်မီးမရှိလို့ စက်ရုံဆောက်ဖို့လုပ်တယ်။ အဲဒီစက်ရုံက ကျောက်မီးသွေးဖြစ်နေတော့ အကုန်လုံးက ကန့်ကွက်ကြတယ်။ တကယ့်တကယ် မြန်မာနိုင်ငံမှာ Gas ထွက်တာတွေက သူများရောင်းလိုက်ပြီ။ ရောင်းထားတာတွေကို ပြန်ညှိနှိုင်းပြီးတော့ လုံလုံလောက်လောက်ဖြစ်အောင် လုပ်ဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တိုင်းပြည်က ထွက်တာလေ။ တရုတ်ကို ရောင်းထားတာလည်း အများကြီး။ ထိုင်းကိုရောင်းထားတာလည်း အများကြီး။ သူတို့က ကူညီတာမှန်တယ်။ ကိုယ်ဘက်က မလုပ်တတ်လို့ ကူညီတာမှန်ပေမယ့် ဒါမရှိရင် မြန်မာပြည်က ဘယ်လိုမှ မတိုးတက်ဘူး။ ဒီတော့လျှပ်စစ်ကို ဘယ်ကရမလဲဆိုရင်တို့က ရေအားကိုလည်း ကန့်ကွက်ထားတယ်။ ရေအားကလည်း ငလျင်ကြောနဲ့ဆိုင်တာတို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးမှာ ဒီလိုလုပ်ဖို့ လက်မခံတာ။ အများကြီးရှိတယ်ဆိုတော့ လျှပ်စစ်ရမယ့် အလားအလာတွေက အရမ်းနည်းတယ်။ ဒီလိုနည်းတယ်ဆိုတော့ ရန်ကုန်မြို့မှာ အိမ်သုံးနဲ့ လုပ်ငန်းသုံးနှစ်မျိုးပေါ့။ အိမ်သုံးဆိုတာက လျှပ်စစ်မီး လင်းဖို့လောက်ပဲ။ အိမ်သုံးဆိုရာမှာ သုံးပိုင်းခွဲလို့ရသေးတယ်။ မီးလင်းဖို့၊ အဲကွန်းတွေဖွင့်ဖို့၊ ရေတင်ဖို့ဆိုပြီး သုံးပိုင်းခွဲလိုက်ရမယ်။ သုံးပိုင်းခွဲလိုက်ပြီးတော့ စက်မှုဇုန်တွေလည်း ပေးရမယ်။ လူတွေပြောနေကြတယ်။ စက်မှုဇုန်တွေ ဈေးမြှင့်မယ်ဆို ပစ္စည်းတွေ ဈေးတက်ကုန်မယ်။ သူတို့က အရူးတွေမှ မဟုတ်တာ။ သူတို့ဘယ်အရှုံးခံမလဲ။ ပစ္စည်းတွေ ဈေးတက်မယ်ဆိုရင် နိုင်ငံတကာကပစ္စည်းတွေ ပိုဝင်လာမယ်။ မှောင်ခိုတွေ အများကြီး ၀င်လာမယ်။ တိုင်းပြည်မှာ အများကြီး နစ်နာတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေမရတော့ဘူး။ ပြီးတော့နယ်မှာ အလုပ်မရှိလို့ ရန်ကုန်တက်လာကြတယ်။ ရန်ကုန်တက်လာတော့လည်း အလုပ်မရှိလို့ ခိုးဆိုးတိုက်ခိုက်တွေ ဖြစ်လာတယ်။ အလုပ်မရှိ လေလွင့် အရက်သောက်မယ်။ မူးမယ်။ ခံစားရမှာအများကြီးရှိတယ်။ လျှပ်စစ်ပစ္စည်းတွေဆို ကွန်ပျုတာသုံးတုန်း မီးပြတ်ရင် ရေးထားတာပျက်တယ်။ အဲဒီလိုဖြစ်တော့ မီးစက်တွေ၊ အင်ဗာတာတွေဝယ်တယ်။ ရန်ကုန်မြို့မှာ လိုက်တွက်ကြည့်ရင် ဘီလျံနဲ့ ချီပြီးရှိတယ်။ ဒီပိုက်ဆံတွေ အလကားနေရင်း နိုင်ငံခြားကို ပေးလိုက်ရတယ်။ ဆုံးရှုံးသွားတယ်။ အင်ဗာတာဆိုတဲ့ ပစ္စည်းကို ဆရာထင်တယ်။ အာရှတိုက်တစ်ခုလုံးမှာ မြန်မာပြည်ပဲရှိမယ်။ ဥရောပ၊ အမေရိကမှာ အင်ဗာတာမရှိဘူး။ တို့က ကိုယ်ပိုင်မီးစက်လည်းသုံးရ၊ အင်ဗာတာလည်း သုံးရဆိုတော့ ဘက်ထရီတွေ ၀ယ်ရတယ် ။ ဘက်ထရီတွေကလည်း ဈေးကြီးတာ ပြောမနေနဲ့။ သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်တယ်။ ဒီဟာတွေက တိုင်းပြည်အရမ်းနစ်နာတယ်” လို့ ဒေါက်တာခင်မောင်ညိုက သုံးသပ်ပါတယ်။

သူတို့ ဒီလို ပြောခဲ့တယ်

လက်ရှိအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ သောက်သုံးရေ၊ လျှပ်စစ်နဲ့ မိလ္လာစနစ် ချို့ယွင်းမှုတွေ ပြုပြင်ရေး၊ အလုပ်အကိုင် ပိုမိုရရှိရေး၊ ယာဉ်ကြောပိတ်ဆို့မှု စတာတွေကို အဆင်ပြေအောင် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအတွင်း မိန့်ခွန်းပြောကြားရာမှာ ကတိပေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “လျှပ်စစ်မီးက အခက်အခဲတစ်ခု ရှိပါတယ်။ ရေအားလျှပ်စစ်နဲ့ ထုတ်လုပ်မှုမှာလည်း ကျွန်တော်တို့မှာ နည်းနေတယ်။ ရေအားလျှပ်စစ်က တန်ဖိုးအနည်းဆုံး ဖြစ်ပါတယ်။ ဂက်စ်နဲ့လျှပ်စစ်ဓာတ်အား ထုတ်တာက တန်ဖိုးများပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဓာတ်အားသုံးစွဲခ တိုးမြှင့်ကောက်ခံဖို့ ကလည်း အခက်အခဲရှိပါတယ်။ ဒီနေရာမှာ စက်မှုလုပ်ငန်းရှင်တွေက ဒီဒဏ်ကို နည်းနည်းခံရပါမယ်။ အများပြည်သူကို ပေးနိုင်ဖို့အတွက် ၅၇ ကျပ်နဲ့ ၀ယ်ပြီး ၃၅ ကျပ်နဲ့ ပေးနိုင်ဖို့အတွက်ပါ။ ဒါပေမဲ့ စက်မှုဇုန်တွေမှာ မီးအားက လိုသလောက်မရဘူး။ သူသာများများရရင် ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားသုံးစွဲခတွေ ကာမိပြီး ကျေးလက်ကို ၃၅ ကျပ်နဲ့ ကျွန်တော်တို့ မီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် မီးကို ဘယ်လိုရအောင် လုပ်မလဲဆိုတဲ့ အခက်အခဲ ကျွန်တော်တို့မှာ ရှိလာပါတယ်။ မီးရအောင်ဘယ်လို လုပ်မလဲဆိုတော့ ကျွန်တော်တို့ဆီက ဂက်စ်ဝယ်ထားတဲ့ နိုင်ငံတွေနဲ့ ညှိနှိုင်းရပါမယ်။ ကျွန်တော်တို့ဆီက ကုန်ကြမ်းတွေ သယ်သွားပြီး ကုန်ချောထုတ်မယ့်အတူတူ ကျွန်တော်တို့ဆီမှာပဲ ကုန်ချောတွေထုတ်ပြီး ရောင်းသွားဖို့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ ဦးဖြိုးမင်းသိန်းက စက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

စက်မှုဇုန်တွေ မီးများများသုံးဖို့၊ မြန်မာနိုင်ငံမှာပဲ လျှပ်စစ်ကုန်ချောရဖို့ လက်ရှိကာလမှာ ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလဲဆိုတာ ပြည်သူလူထုက သိချင်နေမှာဖြစ်သလို လာမယ့်နွေမှာ မီးမပြတ်စေရေးအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလဲလို့ ဆက်မေးရမယ်ဆိုရင် လာမယ့်နွေရာသီမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိဖို့ စုစုပေါင်း မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံနဲ့ ဖြည့်ဆည်းပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွက် ပုဂ္ဂလိကနဲ့ အစိုးရစက်မှု လုပ်ငန်းသုံးလျှပ်စစ်ယူနစ် စုစုပေါင်း ၂၅၈ ဒသမ ၃၉ သန်းရှိပါတယ်။ အဲဒီမှာ လျှပ်စစ်ဓာတ်အားယူနစ်တွေရဲ့ ပျောက်ဆုံးမှုဆိုရာမှာ လျှပ်စစ်ထုတ်အား ထုတ်လုပ်တဲ့ယူနစ်နဲ့ ကောက်ခံရရှိတဲ့ ရောင်းချယူနစ်က ကိုက်ညီမှုမရှိနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်ဓာတ်အား ပို့လွှတ်သောခွဲရုံနဲ့ မီးအသုံးပြုသူတွေကြားမှာ ၃၃ ကေဗီ၊ ၁၁ ကေဗီ၊ ၆ ဒသမ ၆ ကေဗီ၊ ၀ ဒသမ ၄ ကေဗီ ဓာတ်အားလိုင်းမြောက်မြားစွာ ထားရှိပြီး ၎င်းဓာတ်အားလိုင်း အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မီးသုံးသူထံကို ဓာတ်အားရောက်ရှိခြင်းပါတယ်။ ဓာတ်အားလိုင်းကြိုး သွယ်တန်းရာ လမ်းတစ်လျှောက်မှာ သစ်ပင်သစ်ကိုင်းများနဲ့ ထိစပ်နေပါကလည်း လျှပ်စစ်ယိုစီးမှုဖြစ်ပြီး ဓာတ်အားပျောက်ဆုံးမှု ဖြစ်ပါတယ်။ ဓာတ်အားသုံးစွဲသူနဲ့ ၀န်ထမ်းများရဲ့ မသမှုကြောင့်လည်း ဓာတ်အား ပျောက်ဆုံးမှုများလည်း ရှိပါတယ်။ ဥပမာ- အချို့သော စက်မှုဇုန်တွေမှာ ကိုယ်သုံးစွဲတာ ၁၀၀၀ သုံးစွဲသော်လည်း ထရန်စဖော်မာမှာ ၅၀၀ ကေဗီလို့ တပ်ထားတာမျိုးတွေ ရှိပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ယူနစ်နဲ့ မပြောနိုင်သော်လည်း ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံး ၁၃ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာမှာ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ဖရန်ချိုင်းကုမ္ပဏီတွေက တစ်ဆင့် စက်မှုဇုန်တွေကို ဓာတ်အားဖြန့်ဖြူးတာရှိသလို ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက တိုက်ရိုက်ဖြန့်ဖြူးတာလည်း ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လာမည့် နွေရာသီအတွက် ပြည့်ဝကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ အစီအစဉ်နှစ်ခု ရှိပါတယ်။  ပြည့်ဝ ကောင်းမွန်သောဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရင် ပြည့်ဝသောဆိုတာ ဗို့အားပြည့်ဝတာကို ပြောတာပါ။ ကောင်းမွန်သောဆိုတာ လျှပ်စစ်မီးမပြတ်ဘဲ အဆက်မပြတ်ရရှိမယ့် လျှပ်စစ်ကိုပြောတာပါ။ လာမည့် နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာပေးနိုင်ဖို့ (၁) ဆိပ်ကြီးခနောင်တိုမှာ အလုံဓာတ်အားပေးစက်ရုံရဲ့ တစ်ဖက်ကမ်းမှာ ၃၀၀ မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံတစ်ရုံကို စတင်ဆောင် ရွက်နေပါပြီ။ (၂) သန်လျင် - သီလ၀ါ အထက်ပိုင်းမှာ သင်္ဘောနဲ့တင်လာမယ့် ၃၀၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ် အားပေးစက်ရုံ သင်္ဘောပေါ်တင်လာတဲ့ စက်ရုံအဲဒါလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သို့ သော် လျှပ်စစ်ဓာတ်အားဆိုတာ ထုတ်လုပ်မှုပိုင်းတစ်ခုတည်းနဲ့ ပြီးတာမဟုတ်ပါဘူး။  သယ်ပို့မှုနဲ့ ဖြန့်ဖြူးမှု အပိုင်းတွေလည်း လိုအပ်ပါတယ်။ ထုတ်လုပ်ရေးအပိုင်းက ထုတ်လုပ်နိုင်သော်လည်း သယ်ပို့မှုနဲ့ ဖြန့်ဖြူးမှု အပိုင်းမှာ အဆင့်မမီသေးဘူးဆိုရင် ဗို့အားကျဆင်းတာတို့၊ မီးပြတ်တဲ့ ကိစ္စတွေဖြစ်နေဦးမှာပဲ။ အဲဒီသုံးပိုင်းမှာ ကုန်ကျစရိတ်က တစ်ပိုင်း၊ ယခုလက်ရှိနိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ ဈေးနှုန်းဟာ အလွန်သက်သာတဲ့ ဈေးနှုန်းဖြစ်နေပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက နှစ်စဉ်မြန်မာ ကျပ်ငွေ ၄၇၀ ဘီလျံခန့် ပျမ်းမျှခြင်း အရှုံးပေါ်နေပါတယ်။ အခုအသစ် ထပ်မံတိုးချဲ့မယ့် ၆၀၀ မဂ္ဂါဝပ်နဲ့ ဆိုရင် မြန်မာကျပ်ငွေ ၉၀၀ ဘီလျံလောက် အရှုံးပေါ်နိုင်ပါတယ်။ ဒီငွေတွေဟာလည်း ပြည်သူတွေရဲ့ ငွေတွေပါပဲ။ ဒါကြောင့်မို့ ရန်ကုန်တိုင်းမှာ နှစ်စဉ်ပုံမှန် လျှပ်စစ်တိုးတက်လိုအပ်ချက် ရာခိုင်နှုန်း ၂၀ အရ ၂၀၁၇ - ၂၀၁၈ မှာ ၂၉၅ မဂ္ဂါဝပ်၊  ၂၀၁၆ - ၂၀၁၇ မှာ ဓာတ်အား ပေးလွှတ်မှုခွင့်ပြုပြီးတဲ့ မြို့ပြလုပ်ငန်းများအတွက် လိုအပ်ချက် ၂၁၄ မဂ္ဂါဝပ်၊ ဆိုင်းငံ့ထားရတဲ့ စက်မှုဇုန် ထရန်စဖော်မာများအတွက် ၅၇ မဂ္ဂါဝပ် စုစုပေါင်း ၅၆၆ မဂ္ဂါဝပ်ရှိတဲ့အတွက် ဒီဓာတ်အားတွေကို ပေးနိုင်ရန်အတွက် ၆၀၀ မဂ္ဂါဝပ်ကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ပြည့်ဝကောင်းမွန်သော ဓာတ်အားရရှိဖို့အတွက်ကို သယ်ယူမှုအပိုင်းမှာလည်း ယခုထက်စက်ရုံတွေ အားလုံးနီးပါးဟာ ဗို့အားပြည့် နေပြီး Over Load ဖြစ်နေပါတယ်။ “လို့ ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ရောင်းနိုင်တဲ့ဈေးနဲ့ ၀ယ်နိုင်တဲ့ဈေးကို ၀န်ဆောင်မှု ပြည့်ပြည့်၀၀ ပေးလိုက်မယ်ဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ပြဿနာလိုပဲ ဆီဆိုင်တွေမှာ ကြိုက်သလောက်ထည့် ပေါက်ဈေးနဲ့ဝယ်မယ်ဆိုရင် လျှပ်စစ်ပြဿနာကလည်း ဒီလိုပဲ ဖြစ်သွားနိုင်ပါတယ်” လို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာမှာ အရှုံးမပေါ်စေဖို့ ရောင်းချတဲ့ ဓာတ်အားဈေးနှုန်းနဲ့ ၀ယ်ယူနိုင်မှု ဈေးနှုန်းကို ၀န်ဆောင်မှုအပြည့်အ၀ပေးပြီး ပေါက်ဈေးအတိုင်း ကြိုက်သလောက် ၀ယ်ယူခြင်းစနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၆ ရက်မှာ ပြောခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဘတ်ဂျက် ဘီလျံ ၄၇၀ ခန့် အရှုံးပေါ်ခဲ့တာနဲ့ လက်ရှိလျှပ်စစ် အပြင်ပေါက်ဈေးက ထုတ်လုပ်တဲ့ ဈေးသက်သက်ဖြစ်ပြီး ဖြန့်ချိစရိတ်နဲ့ သွယ်တန်းစရိတ်တို့ မပါဝင်တာ၊ ဒီစရိတ်ဟာ ၁၃၀၊ ၁၄၀ ကျပ်အထိ ရှိနေတာကို အစိုးရက ၃၅ ကျပ်၊ ၅၀၊ ၇၅ ကျပ်စတဲ့ နှုန်းထားတွေနဲ့ ရောင်းချတာ၊ စက်မှုဇုန်တွေမှာ ကျပ် ၁၀၀၊ ကျပ် ၁၅၀ နှုန်းတွေနဲ့သာ ရောင်းချတဲ့ အခြေအနေတွေကြောင့် အရှုံးပေါ်တာလို့ ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောပါတယ်။

“ဒီအရှုံးခံမှုဟာ ပြည်သူလူထုရဲ့ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အရှုံးခံပြီး လုပ်ရမယ်ဆိုတဲ့ခေတ် စနစ်ဟာ ဒီမိုကရေစီခေတ်စနစ်မှာ ပြန်သုံးသပ်ပြီး ဆောင်ရွက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။အစိုးရ အဖွဲ့အသစ်အနေနဲ့လည်း ဒီအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး ဘယ်လိုအကောင်းဆုံး ကုစားနိုင်မလဲဆိုတဲ့ အခြေအနေကို စဉ်းစားရမှာပါ။ ဒါဟာ အဖြေတစ်ခုထုတ်မယ်ဆိုရင် ခက်ခဲတဲ့ ပုစ္ဆာတစ်ခု ဖြစ်ပါတယ်။ အဖြေမှန်တော့ ရှိပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

လက်ရှိအခြေအနေမှာ မီတာခတိုးမြှင့်မယ့် အနေအထားကတော့ ရှိလာနိုင်မှာ ဖြစ်ပါတယ်။  လာမယ့် ဘဏ္ဍာနှစ် (ဧပြီ - ၁ ရက်) ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခတွေ တိုးကောက်မယ်လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောခဲ့တဲ့ စကားကို ကိုးကားပြီးတော့ ဒဂုံမြို့နယ် မဲဆန္ဒ နယ်အမှတ် - ၂ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မတ် ၂ ရက်မှာ ပြည်တွင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။  

ဒီနေ့ နေ့လည် ၂ နာရီမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့တော့ မီတာခတိုး ကောက်မယ့် ကိစ္စပြောသွားတယ်။ ၀န်ကြီးချုပ် ပြောတာက ပြည်ထောင်စုအစိုးရကနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် အရှုံးခံပြီးတော့ လျှပ်စစ်က စီစဉ်ပေးခဲ့တာကြာခဲ့ပြီပေါ့နော်။ ထုတ်လုပ်မှုစရိတ်ကကို ၁၀၀ ပတ်ဝန်းကျင်လောက်ကျတာကို တစ်ယူနစ်ကို ၃၅ ကျပ်ပဲ ကောက်တယ်။ အဲဒါကြောင့် အရှုံးပေါ်နေတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွက် ရေရှည်မခံနိုင်ဘူးပေါ့။ အဲဒီအတွက် တိုးကောက်မှဖြစ်မယ်။ တိုးကောက်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်မြတ်အောင် ဆိုရင် ၁၃၀ နဲ့ ၁၃၅ ကျပ်အကြားရမှကို ဖြစ်မယ်ဆိုပြီး ပြောသွားတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေ သဘောပေါက်အောင် ချပြပေးရမယ်လို့ ပြောသွားတယ်။ မီတာခတိုးမြှင့်ကောက်ခံတာကို ရှေ့လာမယ့်ဘဏ္ဍာရေးနှစ်မှာ ကောက်မယ်လို့ ပြောတယ်။ ရှေ့လာမယ့် ဘဏ္ဍာရေးနှစ်က ဧပြီ ၁ ရက်က စမယ်ဆိုတော့ ဧပြီလကုန် မှာပေးရမယ့် သဘောဖြစ်သွားတယ်” လို့ ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြားမှုအပေါ်မှာ ကိုးကားပြီး ပြည်တွင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ 

ဦးကျော်ဇေယျရဲ့ ပြောကြားမှုကို ပြည်တွင်းမီဒီယာတွေက ချက်ချင်းသတင်းတင်ဆက်ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးဒေါ်နီလာကျော်က ငြင်းဆိုမှု ပြုခဲ့ပါတယ်။ လက်ရှိအနေအထားအရ စက်မှုဇုန်တွေလို နေရာမျိုးတွေကို မီတာခတိုးမြှင့်မယ့် အနေအထား ဖြစ်နေပါတယ်။ ဒီလို တိုးမယ်ဆိုတာကို လုပ်ငန်းရှင်တွေကတော့ ကြောက်ရွံ့မှုမရှိဘဲ ကိုယ်တိုင်မီးစက်နဲ့သုံးတဲ့အခါ တစ်ယူနစ် ကို ကျပ် ၅၀၀ လောက်ကျနေတာမို့ မီတာခတိုးချင်တိုး မီးမှန်ဖို့ပဲလိုတယ်လို့ ဆိုပါတယ်။

“လျှပ်စစ်မီးရဖို့အတွက် ကိုယ်ထူကိုယ်ထလုပ်ခဲ့ရပါတယ်။ ၃၅ ကျပ်ကနေ ၁၅၀ အထိ ကျွန်တော်တို့ လုပ်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ မီးမရဘူး။ မီးရအောင်လုပ်ပေးပါ။  မီးရတဲ့အခါလည်း မှန်အောင်လုပ်ပေးပါ။ ဈေးတက်ချင်လည်း တက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘာသာကိုယ်လည်း ၀ယ်နေရတဲ့အတူတူ မထူးပါဘူး” လို့ ရွှေလင်ပန်း စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စက်မှုဇုန်တွေကို မီတာခတိုးရင် စက်မှုလုပ်ငန်းရှင်တွေက ကုန်ပစ္စည်းအပေါ်မှာ ဈေးနှုန်းတိုးမယ်။ ကုန်ပစ္စည်းအပေါ် ဈေးနှုန်းတိုးရင် အခြေခံစားသုံးသူကို တိုက်ရိုက်ထိမယ်။ ပြည်တွင်းထုတ်လုပ်တာတွေက ဈေးနှုန်းကြီးလာရင် ပြည်ပကုန်စည်တွေကို ဈေးကွက်မယှဉ်နိုင်မှု ဖြစ်မယ်။ ဈေးကွက်မယှဉ်နိုင်တဲ့အပြင် မှောင်ခိုဝင်ရောက်မှု ပိုမြင့်လာမယ်။ ဘယ်လိုပဲ ဖြစ်ပါစေ။ မီတာခ တိုးမယ်ဆိုတာက အခြေခံ ပြည်သူလူထုဆီကိုပဲ နောက်ဆုံးထိ ခိုက်စေမှာ ဖြစ်ပါတယ်။ မီတာခတက်ခြင်းက အဖြေလားဆိုတာကို အသေးစိတ် ပြန်လည်သုံးသပ်ဆွေးနွေးဖို့ လိုအပ်မှာပါ။

“လှိုင်သာယာစက်မှုဇုန်ဆိုတာ ရန်ကုန်တိုင်းမှာ အကြီးဆုံးပါ။ ကျွန်တော်တို့ စက်မှုဇုန်တွေအတွက် အရေးအကြီးဆုံးက လျှပ်စစ်ပေါ့။ ကျွန်တော်တို့ စက်မှုဇုန်မှာ အသုံးပြုတဲ့ လျှပ်စစ်က မဂ္ဂါဝပ် ၅၀ ရှိတယ်။ တကယ်သုံးစွဲမယ်ဆိုရင် ၂၇၀ မဂ္ဂါဝပ်လိုအပ်ပါတယ်။ လက်ရှိရတာက မဂ္ဂါဝပ် ၅၀ ပဲရပါ တယ်။ အဲဒါတောင်မှာ ၂၀ မဂ္ဂါဝပ် တစ်လုံးကို ကိုယ်ထူကိုယ်ထ တပ်ဆင်ရပါတယ်။ ကျွန်တော်တို့မှာ တစ်နှစ်တစ်နှစ်ကို ထိန်းသိမ်းခတင် YESC ကို သိန်းပေါင်း ၁၀၀၀၀ လောက် ပေးနေရပါတယ်။ ပြုပြင်စရိတ်တွေလည်း ကျခံသုံးနေရပါတယ်။ လက်ရှိမှာဆိုရင် မလောက်ငှတော့ဘူး။ စက်မှုဇုန်ထဲက လုပ်ငန်းရှင်တွေက လျှပ်စစ်ဓာတ်အားရဖို့ လာလျှောက်ရာမှာလည်း ပေးနိုင်တဲ့ အနေအထားမရှိပါဘူး။ လျှပ်စစ်ဓာတ်အားရှိမယ့် တိုးတက်မယ့်အနေအထားမှာ ကျွန်တော်တို့ အနေနဲ့ ရှင်းရခက်ပါတယ်။ စက်မှုဇုန်က လုပ်ငန်းရှင်ဆီက ငွေကောက်ပြီးတော့ ကျွန်တော်တို့က လျှပ်စစ်မလုံလောက်လို့ မီးမပေးနိုင်တဲ့ အခြေအနေကို ဖြေရှင်းပေးစေလိုပါတယ်” လို့ လှိုင်သာယာစက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက လို့ဆိုပါတယ်။

 

လျှပ်စစ်အတွက် အစိုးရ အရှုံးခံမှုအခြေအနေ

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း ၁၉၀၀၀ ကျော်ရှိလာမယ်လို့ လျာထားပြီး လျှပ်စစ်တစ်ယူ နစ်ရောင်းတိုင်း ၂၃ ဒသမ ၁ ကျပ် အရှုံးပေါ်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းပြောကြား ခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းရဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် သာမန်ရငွေ သုံးငွေလျာထား ချက်ဟာ ယခင်နှစ်ရဲ့ ပြုပြင်ပြီး ခန့်မှန်းခြေထက် အရှုံးပိုမိုလျာထားခဲ့တာက မြန်မာနိုင်ငံမှာ နှစ်စဉ်လျှပ် စစ်ဓာတ်အားသုံးစွဲမှု တိုးတက်နေပြီး ယခင်နှစ်က တစ်နိုင်ငံလုံးဓာတ်အား သုံးစွဲမှုဟာ ၁၇၈၁၂ ယူနစ်သန်း ပေါင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ နှစ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ ယူနစ်သန်းပေါင်း ၁၉၅၉၃ အထိ ရောက်ရှိလာဖို့ တွက်ချက်လျာထားတယ်လို့ ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံက အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်မှာ ၆ ဒသမ ၅ သန်းလောက်က လျှပ်စစ်မီး မရရှိသေးပါဘူး။ နိုင်ငံတွင်းက အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်မှာ ၆ ဒသမ ၅ သန်း လျှပ်စစ်မီးမရရှိသေးတဲ့အပြင် လက်ရှိလျှပ်စစ်ရနေတဲ့ ၃ ဒသမ ၅သန်းရဲ့ လာမယ့်နှစ် အသုံးပြုမယ့်  ဓာတ်အားကို ပြည့်မီအောင်ထုတ်လုပ်ရင်ကို ငွေကျပ် ၉၀၀ ဘီလျံအထိ အရှုံးခံရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဒေါ် နီလာကျော်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ နှစ်စဉ် ၁၅ ရာခိုင် နှုန်းခန့် မြင့်တက်နေပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ် အထိ လိုအပ်ချက်ရှိလာမှာ ဖြစ်တဲ့အပြင် ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားတွေရဲ့ ထက်ဝက်ခန့်ကို ရန်ကုန် မြို့က သုံးစွဲနေတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးခဲ့တဲ့ ရေအား၊ သဘာဝ ဓာတ်ငွေ့၊  ဒီဇယ်နဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေမှာ စုစုပေါင်းစက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်က ထုတ်လုပ်ဖြန့်ဖြူးမှုက ၂၀၁၆ နှစ်ဆန်းပိုင်းအထိ ၂၅၀၀ မဂ္ဂါဝပ်အထိပဲ ရှိပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေပေမယ့် မြန်မာနိုင်ငံက အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၈ သန်းမှာ လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ အိမ်ထောင်စု ၆၆ ရာခိုင်နှုန်း (အိမ်ထောင်စုပေါင်း ၇ ဒသမ ၁၇၈ သန်း) ရှိလို့ အဆိုပါ အိမ်ထောင်စုတွေကို လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရေးအတွက် လက်ရှိထက် သုံးဆပိုမို ကြိုးပမ်းဆောင်ရွက်နိုင်ဖို့  လိုအပ်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အချက်အလက်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ် အားဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်မှာ ၈၁၂၁ မဂ္ဂါဝပ်၊ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာနှစ်မှာ ၁၄၅၄၂  မဂ္ဂါဝပ်အထိ လိုအပ်လာမှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်က ၆၆ ရာခိုင်နှုန်းကျော်၊ သဘာဝဓာတ် ငွေ့က ၂၉ ရာခိုင်နှုန်းခန့်နဲ့ ကျောက်မီးသွေးက သုံးရာခိုင်နှုန်းဝန်းကျင် ပါဝင်နေပါတယ်။

တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမယ့် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ပေးစွမ်းနိုင်စေရေးအတွက် လျှပ်စစ်ထုတ်လုပ်ရေးမှာ သာမက သွယ်တန်းမှုနဲ့ ဖြန့်ဖြူးမှုအပိုင်းတွေမှာ ပြင်ဆင်ဖို့နဲ့ အဆင့်မြှင့်တင် တိုးချဲ့နိုင်ဖို့ လိုအပ်နေပြီး နှစ်တိုင်း အနည်းဆုံး မဂ္ဂါဝပ် ၅၀၀ ဓာတ်အားပေး စက်ရုံတစ်ရုံတိုးချဲ့ ဆောက်လုပ်နိုင်မှပဲ ၂၀၃၀ ပြည့်နှစ်ကျမှ လိုအပ်ချက်ကို ကာမိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ရဲ့ တွက်ချက်မှုအရ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးရရှိဖို့ စုစုပေါင်းခန့်မှန်း ဒေါ်လာ ၄၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံဖို့လိုအပ်နေပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကအတားအဆီးက လက်ရှိဈေးနဲ့ ရောင်းချရင် ထုတ်လုပ်မှုစရိတ်ကို ဘယ်လိုမှ မကာမိနိုင်ဘဲ အရှုံးပေါ်မယ့် အခြေအနေလို့ တွက်ဆထားပါတယ်။

အစစအရာရာ ကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် ဆက်ပြီး အရှုံးခံမလား။ မဖြစ်မနေ လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်မလားဆို တာကိုတော့ အစိုးရအနေနဲ့ အတိအလင်းကြေညာပြီး ဆွေးနွေးဆုံးဖြတ်ရမယ့် အခြေအနေဖြစ်နေပါပြီ။ ဒါပေမဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် နွမ်းပါးကျပ်တည်းလှတဲ့ ပြည်သူတွေကို တိုက်ရိုက်ထိမယ့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ဖို့ကိုတော့ ပြည်သူတွေက သဘောတူမယ် မထင်ပါဘူး။

“အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကုန်ဈေးနှုန်းက နှစ်ဆနီးပါးလောက် တက်လာတယ်။ ကျပ်ငွေတန်ဖိုးကလည်း အရမ်းကျသွားတယ်။ တိုင်းပြည်ရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားအလုပ်သမားတွေရဲ့  လုပ်ငန်းတွေ မကောင်းတော့ ပြည်သူတွေ ပိုပြီးကျပ်တည်းလာကြတယ်။ ဒီအချိန်မှာ ရေနစ်ရာဝါးကူထိုးမယ့် လျှပ်စစ်မီတာခတွေတက် မယ်ဆိုတာ လုံးဝမဖြစ်သင့်သေးပါဘူး။ မီတာခတွေတက်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေများလာပြီး ကုန်ဈေးနှုန်းတွေလည်း တက်လာပါလိမ့်မယ်။ ဒါဆို ပြည်သူတွေ ပိုဒုက္ခရောက်ကုန်မှာပါ။ အစိုးရကိုပြောချင်တာက အရင်လူတွေလို ထစ်ခနဲရှိ ဒီဆင်းရဲသား ပြည်သူတွေရဲ့  အိတ်ထောင်ထဲကပဲနှိုက်ယူဖို့ မစဉ်းစားသင့်ပါဘူး။ အခြားလေလွင့်နေတဲ့ နေရာတွေကနေ ရှာဖွေသင့်ပါတယ်။ ခုဆို အခွန်အတုပ်တွေကလည်း နည်းလမ်းပေါင်းစုံနဲ့ တိုးမြှင့်ဆောင်နေကြရတဲ့အထဲ မီတာခတိုး ကောက်မယ်ဆိုတာ လုံးဝမဖြစ်သင့်သေးပါဘူး။ ပြည်သူတွေရဲ့ တစ်ဦးချင်း ၀င်ငွေတိုးတက်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် အရင်လုပ်ပေး ပြီးမှ လျှပ်စစ်မီတာခကို တိုးကောက်သင့်တယ်လို့ ပြောချင်ပါတယ်” လို့ ဝေဖန်ရေးဆောင်းပါးရှင် ကျော်ကြီး MDY က အကြံပြုပါတယ်။

ဒီနှစ်နွေ မီးပြတ်၊ မီတာခ တက်မှာလား

ပြီးခဲ့တဲ့တစ်နှစ်မှာ မီးပြတ်တာကို သည်းခံခဲ့တဲ့ ပြည်သူတွေအတွက် လက်ရှိနှစ်မှာ အစိုးရကို မေးချင်ကြမယ့် မေးခွန်းက မီးပြတ်မှာလားဆိုတဲ့ မေးခွန်းဖြစ်သလို ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးပြောသလို စတက်ခါစမှာ နားလည်ပေးခဲ့ပေမယ့် တစ်နှစ်သက်တမ်းအကြာ ဒုတိယနွေမှာ နားလည်ပေးနိုင်ကြမလား ဆိုတာကတော့ လက်ရှိအစိုးရရဲ့  လုပ်ဆောင်မှုတွေ ချပြမှု၊ မီးပြတ်မှုတွေ ကြိုအသိပေးမှု၊ မီးရရှိရေးအစွမ်းကုန် ကြိုးပမ်းနေတဲ့အကြားက မီးပြတ်တာဖြစ်ကြောင်း ပြည်သူနားလည်အောင် အသိပေးနိုင်မှုစတဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်မှုတွေက စကားပြောမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ မီတာခတွေ တက်မယ်ဆိုရင်လည်း ပြည်သူကို အချိန်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မီတာခတွေ တိုးမြှင့်ဖို့အတွက် ပြည်သူလူထုကို အချိန်နီးကပ်မှ ချပြခဲ့လို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကစပြီး မြန်မာနိုင်ငံက ဒေသအချို့မှာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြသလို မီတာခစာရွက်တွေ ရောက်ရှိလာချိန်မှာလည်း မီတာခ မတိုးမြှင့်ခင်ကထက် လေးဆ၊ ငါးဆမြင့်တက်ခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိအစိုးရအနေနဲ့လည်း မီတာခတွေ တိုးမြှင့်မယ်ဆိုရင် လက်ရှိ သင်္ကြန်ပိတ်ရက်တွေလို အချိန်နီးကပ်မှ ၀ရုန်းသုန်းကား တိုးမြှင့်မယ်လို့ ပြောတာထက် အချိန်ယူပြီးမှ မီတာခ တိုးမြှင့်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

မီတာခတွေနဲ့ ပတ်သက်ရင်လည်း အိမ်တွင်းအသေးစားလုပ်ငန်းတွေမှာ လျှပ်စစ်မီးလာမှ အလင်းရောင်ရပြီး အလုပ်လုပ်ရပေမယ့် လျှပ်စစ်ကိုလုပ်ငန်းမှာ အဓိကအသုံးမပြုတဲ့ လုပ်ငန်းတွေရှိပါတယ်။ ဒီလို လျှပ်စစ်မီးကို လုပ်ငန်းမှာ မသုံးပေမယ့် လုပ်ငန်းသုံး မီတာခနဲ့ ကောက်ခံနေတဲ့ ပြဿနာများစွာကလည်း ရှိနေပါတယ်။

“ကျွန်တော်မီတာမသုံးတာကို လုပ်ငန်းလုပ်တာနဲ့ပဲ တက်သွားတယ်။ အရင်  ၅၀၀၀ ကနေ ၁၅၀၀၀ ဖြစ်တယ်။ မီးသုံးတာမစစ်ဆေးဘဲ အလုပ်ခေါင်းစဉ်ပေါ်ကဈေး သတ်မှတ်တယ်။ အိမ်တွင်းစက်မှုလက်မှု အထူးခံစားခွင့်မလိုပေမယ့် အသိပေးသင့်တယ်။ အလုပ်သမားတွေက စောင့်မီးကမလာ။ မီးပြတ်တာက ဖြတ်ချင်ဖြတ်ပေါ့ ကြိုပြီးတော့ အကြောင်းကြားသင့်တယ်” လို့ Selfie ဆပ်ပြာထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းက ကိုဂျွန်သောင်းက ဆိုပါတယ်။

လက်ရှိအခြေအနေမှာ မီတာခတွေ သုံးဆတိုးမြှင့်ဖို့နဲ့ ပတ်သက်ပြီး ဒေါ်နီလာကျော်ကပဲ “မီတာက တိုးတက်ကောက်မယ်ဆိုရင်လည်း ကိုယ်စိတ်ထင်တိုင်း တိုးတက်ကောက်ယူလို့ ရတာမှမဟုတ်တာ။ နည်းလမ်းပေါင်းစုံနဲ့ အချက်အလက်ပေါင်းစုံနဲ့ ညှိနှိုင်းတွက်ချက်ပြီးတော့ အဖြေရှာနေကြရခြင်း ဖြစ်ပါတယ်။ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိရမယ်။ ကိန်းဂဏန်းတွေရှိရမယ်။ ဒီအပေါ်မှာ အခြေခံပြီး စနစ်တကျနဲ့  တွက်ချက်ထားတာ ဖြစ်ရမယ်။ အဲဒီလို တွက်ချက်နေတဲ့အနေအထားမှာ ဒီလိုမျိုးလွယ်လွယ်ကူကူပေါ့ ၀န်ကြီးချုပ် ပြောစကားထဲမှာလည်း မပါပါဘူး၊ ဒီသုံးဆဆိုတဲ့စကားလုံးက၊ အဲဒီကနေ ဘယ်သူ့ဘက်ကနေစပြီး လွဲသွားလည်းတော့ မသိဘူး။ မီတာခ သုံးဆတက်မယ်ဆိုတဲ့ မမှန်ကန်တဲ့ သတင်းတစ်ခု တက်သွားပါတယ်” လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

ဒါပေမဲ့ လက်ရှိနွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ၂၀၁၆ ခုနှစ် မေ ၃၁ ရက်မှာပြောခဲ့တဲ့ ” လာမယ့်နွေ မီးရရှိရေး အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့ စကားအပါအ၀င် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ ပြောခဲ့တဲ့ မီးရရှိရေး ကြိုးပမ်းမှုတွေဟာ လက်ရှိကာလမှာတော့ ကြိုးပမ်းမှုမအောင်မြင်တဲ့ အနေအထားကို ရောက်သွားခဲ့ပြီလို့ ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့မှုတွေက သက်သေခံခဲ့ပြီ ဖြစ်ပါတယ်။

“နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်၀၀နဲ့အဆင်ပြေစွာပေါ့နော်။ မီးမပြတ်ဘဲနဲ့၊ မီးကတော့ ပြတ်တာလည်း ပြတ်အုံးမှာပါပဲ။ အဲဒီတော့ မီးအပြည့်အ၀ရရှိဖို့ ကျွန်မတို့  ကြိုးစားအားထုတ်နေပါတယ်” လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက တစ်နှစ်ကို လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်း တိုးတက်သုံးစွဲနေပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှုရဲ့ ၄၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၅၀ ကြား အထိ သုံးစွဲနေတာဖြစ်ပြီး ဒီနှစ်နွေရာသီမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားကို ၃၃၀၀ နဲ့ ၃၅၀၀ မဂ္ဂါဝပ်လောက်အထိ တိုးတက်သုံးစွဲလာကြဖို့လည်း ခန့်မှန်းထားတာ တွေ့ရပါတယ်။

“ရန်ကုန်အနေနဲ့ လက်ရှိမှာ ၁၁၆၂ မဂ္ဂါဝပ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ပူပြင်းတဲ့ အချိန်မရောက်သေးပါဘူး။ ဒီထက်တက်လာနိုင်တဲ့ အနေအထားရှိပါတယ်” လို့ ဦးမောင်မောင်လတ်က ဆိုပါတယ်။

ရေမှန်မှန်မရရှိတာ၊ မီးမမှန်တာ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် မေ ၂၂ ရက်မှာ ပြုလုပ်တဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့ နယ် NLD ရုံးဖွင့်ပွဲမှာ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ လျှပ်စစ်မီးမှန်မှန်မရတာဟာ ဘာကြောင့်လဲဆိုတော့ စနစ်ကမမှန်လို့ပဲလို့ ပြောချင်တယ်။ လျှပ်စစ်မီးရရှိ ဖို့ပဲဖြစ်ဖြစ်၊ ရေရရှိဖို့ပဲဖြစ်ဖြစ်၊ အင်မတန်အရေးကြီးတဲ့ အလုပ်ရဖို့ပဲဖြစ်ဖြစ် ပြင်ဆင်ရမှာက စနစ်ဖြစ်တယ် ဆိုတာကိုတော့ ကျွန်မယုံကြည်ချက် ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြောခဲ့တဲ့စကားနဲ့ လက်ရှိအစိုးရရဲ့ တစ်နှစ်သက်တမ်းအတွေ့အကြုံမှာ ပြည်သူတွေ ရေရရှိတဲ့နိုင်ငံ၊ မီးမှန်မှန်ရတဲ့ နိုင်ငံဖြစ်လာဖို့ စနစ်တစ်ခု ချပြီးခဲ့ပြီလားဆိုတာကတော့ လာမယ့်နွေရာသီနဲ့ လက်ကျန်လေး နှစ်သက်တမ်းက သက်သေခံသွားမှာ ဖြစ်ပါတယ်။  

Writer: ဖြိုးဝေ
Ref - Eleven Media Group

အောင်မြင့်မြတ်(Myanmar Youths)



ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


No comments