Header Ads

ကောင်းမွန်သောခေတ်မီခြင်းဖြစ်ဖို့



‘‘ကိုတိုးရေ၊ ကိုတိုး၊ မြန်မြန် လာ။ နင့်ဖုန်းလာနေတယ်’’

ကျွန်တော့်နားထဲကို စူးစူးဝါး ၀ါးဝင်လာသည့် အိမ်နားက မိန်းမ တစ်ယောက်၏ အသံကြောင့် ကျွန်တော့်တွေးလက်စတို့ ပြတ် တောက်သွားရ၏။ အသံ၏ စူးဝါး မှုကြောင့် မဟုတ်။ ‘ကိုတိုး’ဟု ခေါ်လိုက်သော အမည်နှင့် ‘နင့်ဖုန်းလာနေတယ်’ဟူသော စကားသံ ကြောင့်ဖြစ်သည်။ ကျွန်တော့် အိမ်နားက ကိုတိုးဟူသော ကလေးက ယခုမှရှိလှ (၁၀) နှစ်ပေါ့။ အတန်းက ယခုမှ လေးတန်းဖြေထား၏။ လာမည့် စာသင်နှစ်တွင်မှ အထက်တန်း ကျောင်းကြီးရောက်မည်။ ငါးတန်းရောက်မည်။ သည် အသက်၊ သည်အတန်းသာရှိသေးသည့် ကလေး၊ မူလတန်းကျောင်း ကတောင် မထွက်ရသေးသည့် ကလေးက ကိုယ်ပိုင်ဖုန်းနှင့်။ ပြီး တော့ သူ့ကို အဝေးကနေ ဖုန်း လှမ်းဆက်သည့် သူကလည်း ရှိ သေးသည်။ ဆိုတော့ ‘‘အင်း...ငါ တို့ ချောင်ကြိုချောင်ကြား ကား တောင်ဝင်လို့မရတဲ့ ရပ်ကွက်ထဲ က လူတွေတောင် ခေတ်မီကုန်ပါ ပေါ့လား’’ဟု တွေးမိရင်းက မူလ ကျွန်တော့်တွေးလက်စတို့ ပြတ် တောက်သွားရခြင်းဖြစ်ပါ၏။

ကျွန်တော်တို့ လူမျိုးသည် မဟုတ်သည့်ဘက်မှာ ခေတ်မီ သည့်နေရာတွင် ကမ္ဘာပေါ်မှာ ဘယ်လူမျိုးနှင့် မဆိုယှဉ်နိုင်သည်။ လွန်ခဲ့သည့် ဆယ်နှစ်လောက်က ကျွန်တော်တို့ တောမြို့လေးမှာ ခရစ်သက္ကရာဇ် တစ်နှစ်ပြောင်းချိန်ညဥ့်သန်းခေါင်မှာ မူးမူးရူးရူးနှင့် ဟက်ပီးနယူးရီးယားဟု ၀ိုင်းအော် သည့် အသံတွေ မကြားရသေး။ ယခုမူ ဟိုးပင်လယ်ကမ်းခြေက တံငါတဲကလေးတွေအထိတောင် ဟက်ပီးနယူးရီးယားကုန်ကြလေပြီ။ လွန်ခဲ့သည့် ငါးနှစ်က ဗယ်လင် တိုင်းဒေးဆိုတာ ဘာမှန်းမသိခဲ့ သည့် ကျွန်တော်တို့ ရပ်ကွက်က လေးက ယခုနှစ်မှာ ချောကလက် တွေလက်ဆောင်ပို့တတ်ပြီ။ ဗယ် လင်တိုင်းဒေး ဘယ်လိုဖြစ်လာ တယ်ဆိုတာ မသိပေမယ့် အဲသည့်နေ့မှာ ဘာလုပ်ရမယ်ဆိုတာကို တော့ မြန်မြန်ဆန်ဆန်ပဲ သိပစ် လိုက်ကြ၏။

(၁၂) နှစ်၊ (၁၃) နှစ်အရွယ် ဆိုင်ကယ်ကို ခြေထောက်လို့မမီသေးသည့် သားဖြစ်သူကို ဖအေကိုယ်တိုင်ရပ်ကွက်ထဲပတ်ပြီး ဆိုင်ကယ်စီးသင်ပေးသည်။ နောင်အရွယ်ရောက်လာရင် ဆိုင်ကယ်မစီးဘဲနေမှာ အလွန်ပဲ စိုးရိမ်နေပုံရ၏။ ငယ်ငယ်ရွယ်ရွယ်နှင့် ဖုန်းသုံး တတ်တာ၊ ဖေ့စ်ဘွတ်ခ်ကြည့် တတ်တာ၊ ဂိမ်းဆော့တတ်တာ၊ ဆိုင်ကယ်စီးတတ်တာ ဂုဏ်တစ် ရပ်ဟု လူကြီးမိဘတို့ ထင်မှတ်နေ ပုံရသည်။ ချမ်းသာသည့် မိဘက ဟန်းဆက်ကောင်းကောင်း၊ မရှိ မရှားမိဘကလည်း ဈေးနှုန်းအ သင့်အတင့်ရှိသည့် ဟန်းဆက်များကို ကျောင်းမနေရသေးသည့် သားသမီးများကို ၀ယ်ပေးထားလိုက်၏။ အပျင်းပြေဂိမ်းဆော့ဖို့။ နောက်တော့ ဆင်းမ်ကတ်တွေက လည်း ဈေးပေါတော့ ၀ယ်ထည့်ပေးလိုက်၏။ တချို့မိဘများ ဆိုလျှင် ဖေ့စ်ဘွတ်ခ်ပါ ဖွင့်ပေးထားလိုက်သေးသည်။ သည်တော့ ကလေးက ကျောင်းမရောက်ခင် ကတည်းက ဖေ့စ်ဘွတ်ခ်၊ ဂိမ်း၊ ဗိုက်ဘာအကုန်ကျွမ်းကျင်အဆင့် ရောက်နေပြီ။ ကျောင်းစာအုပ်ထဲ က ရုပ်ပုံတွေ၊ စာတွေက ထိုက လေးငယ်အတွက် စိတ်ဝင်စား ဖွယ်မဟုတ်ပါလေတော့။

 အသိပညာ ရေချိန်နိမ့်ကျ လာသည့်အခါ အတုနှင့် အစစ်ခွဲ ခြားမသိကြတော့ပေ။ တန်ဖိုးအ တုကို တန်ဖိုးအစစ်ထင်မှတ်တတ် ကြသည်။ အသိပညာထက် ရုပ် ၀တ္ထုပစ္စည်းများကိုသာ ပို၍ တန် ဖိုးထားလာကြ၏။ သူ့အသက် အရွယ်၊ သူ့အတန်းနှင့် သိသင့် သိထိုက်သည့်ကိစ္စမျိုးကျတော့ အ ထက်တန်းကျောင်းသားအများစု က လောကဓံတရားလိုရင်းနှီးပြီး သား စကားလုံးကိုပင် အရေအ တွက် ရှစ်ပါးဟု မပြောနိုင်ကြပါ ပေ။ သို့သော် ဆယ်လေးငါးနှစ် အရွယ်တွေမသိသင့်၊ မသိအပ်သည့် ညစ်ညမ်းရုပ်ရှင်တွေ၊ ဗီဒီယိုတွေ သူတို့တော်တော်များများ ကြည့်ဖူးထားကြပြီ။ သူတို့ဖုန်းအ ချင်းချင်းပို့တတ်နေကြပြီ။ မူးယစ်ဆေးတွေ၊ စိတ်ကြွဆေးတွေအ ကြောင်းကြားဖူးနားဝရှိနေကြပြီ။ တချို့စမ်းကြည့်ဖူးကြပြီ။

ဤပြဿနာများ၏ အဓိက တရားခံမှာ ကလေးတွေမဟုတ်။ လူကြီးတွေဖြစ်၏။ ငယ်ငယ်ရွယ် ရွယ်နှင့် ဖုန်းအသုံးပြုတတ်တာ၊ ဖေ့စ်ဘွတ်ခ်ကြည့်တတ်တာ၊ ဗိုက်ဘာသုံးတတ်တာ ခေတ်မီသည် ထင်ပြီး သင်ပေးလိုက်သည်။ ကောင်းကျိုး၊ ဆိုးပြစ်ကိုတော့ သူ တို့ကိုယ်တိုင်လည်း မသိ။ သူတို့ ကိုယ်တိုင်လည်း ကျွမ်းကျွမ်းကျင် ကျင်တတ်တာမဟုတ်။ တတ်သ လောက်ကလေးနှင့် လူကြားထဲ ကြွားရရုံ သင်ပေးလိုက်ခြင်းဖြစ် ၏။ ပြီးတော့ လူကြီးဖြစ်သည့် သူတို့က တတ်သလောက်နေရာမှာ ရပ်သွားသည်။ ကလေးက အရွယ်ရလာလေ ပိုကျွမ်းကျင်လာလေ ဖြစ်လာ၏။ နောက်ဆုံးမှာ သင် ပေးလိုက်သည့် လူကြီးတွေကိုယ် တိုင်မသိသည့် နည်းလမ်းတွေကို အသုံးပြုပြီး ကျောင်းပြေးတာ တွေ၊ သမီးရည်းစားချိန်းတွေ့တာ တွေ၊ ညစ်ညမ်းပုံတွေကြည့်တတ် တာတွေ ဖြစ်ကုန်တော့မှ မိသားစု တွေ ဆူဆူပူပူဖြစ်ကုန်ပြီး ဖုန်းပြန် သိမ်းတာတွေ ဘာတွေလုပ်ကြ တော့၏။

တကယ်ဆိုလျှင် ‘လက်ဦး ဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့် ဖ’ ဟူသော ဆိုရိုးစကားနှင့် အညီ သားသမီးတို့၏ အဦးအစ ဆရာသည် မိဘဖြစ်၏။ ငယ်စဉ် ကလေးဘ၀ မိဘ၏ သွန်သင်ဆုံးမလမ်းညွှန်မှုသည် လွန်စွာအရေး ကြီးပါသည်။ ကျွန်တော်တို့၏ သားသမီးများကို အကောင်းအဆိုး၊ အကျိုးအပြစ်ခွဲခြား သိမြင်နိုင်သော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံရန် စာဖတ်ဝါသနာပါအောင် ပျိုးထောင်သင့်ပါသည်။ သားသမီးများ စာဖတ်ဝါသနာပါရန် မိဘများစာဖတ်ဖို့လိုပါသည်။ စာမဖတ်သော မိဘတို့၏ သားသမီး အများစု စာဖတ်ဝါသနာ မပါကြပါ။ အလယ်တန်း၊ အထက်တန်းရောက်၍ စာဖတ်သော ဆရာကောင်း၊ သမားကောင်းနှင့် တွေ့သူအနည်းငယ်မျှသော ကျောင်းသားများသာ ငယ်ငယ်က စာဖတ်ဝါသနာမပါခဲ့သော်လည်း နောင်စာဖတ် ၀ါသနာ ပါသွားသည်ကို တွေ့ဖူးပါသည်။

ယနေ့ခေတ်သည် အသစ်အ သစ်သော ရုပ်ဝတ္ထုပစ္စည်းများ၊ နည်းပညာများဖြင့် နေ့စဉ်ထိတွေ့ နေရ၏။ ထိုရုပ်ဝတ္ထုပစ္စည်းများ၊ နည်းပညာများတွင် ကျွန်တော်တို့ လူမျိုး၏ ဓလေ့စရိုက်နှင့် ကိုက်ညီ တာလည်း ပါသည်၊ မကိုက်ညီ တာလည်း ပါသည်။ လူတစ်ဦး ချင်းစီ၏ ဘ၀ကို ကောင်းကျိုးပေး နိုင်တာလည်း ပါသည်။ ဆိုးကျိုး ပေးနိုင်တာလည်း ပါသည်။ ဘယ် ဟာကတော့ ကောင်းကျိုးပေးနိုင် သည်၊  ဘယ်ဟာကတော့ ဆိုးကျိုးပေးနိုင်သည်စသည်ဖြင့် ခွဲခြားနိုင် သော အသိပညာဉာဏ်အမြင်ရှိဖို့ လိုသည်။

 သို့သော် ကျွန်တော်တို့ လူ မျိုးအများစုက စာဖတ်သော အ လေ့အထအားနည်းရကား ကောင်းမှန်းလည်းမသိ၊ ဆိုးမှန်းလည်း မသိ။ သူများဖေ့စ်ဘွတ်ခ်ဆို လိုက်ဖေ့စ်ဘွတ်ခ်လိုက်ကြသည်။ သူ များအင်တာနက်ဆိုလိုက်အင် တာနက်လိုက်ကြသည်။ သူများ ဗိုက်ဘာဆို လိုက်ဗိုက်ဘာလိုက်ကြ သည်။

  ဖေ့စ်ဘွတ်ခ်တွေ အင်တာ နက်တွေမှာ ကောင်းတာတွေ အများကြီး ပါသည်။ ကမ္ဘာအနှံ့က ဖြစ်ပျက်နေသော သတင်းမျိုးစုံကို သတင်းရင်းမြစ်ခိုင်မာသော သ တင်းဌာနကြီးတွေ၏ ၀က်ဘ်ဆိုက်တွေမှာ၊ ဖေ့စ်ဘွတ်ခ်အကောင့် တွေမှာ၊ ၀င်ဖတ်၍ ရသည်။ နာမည်ကျော်စာရေးဆရာကြီးများ၏ နာ မည်ကြီးစာအုပ်များကို အင်တာ နက်ပေါ်ကနေ ဒေါင်းလုတ်ရယူပြီး အလွယ်တကူဖတ်နိုင်သည်။

ကွန်ပျူတာပြင်နည်း၊ ဖုန်း ပြင်နည်းကစပြီး ဟင်းချက်နည်း အဆုံး အတတ်ပညာမျိုးစုံကို အင် တာနက်ပေါ်မှာ သင်နိုင်ကြသည်။ သို့သော် ကျွန်တော်တို့ လူမျိုးက အဲသလိုကောင်းကျိုးရမည့် ကိစ္စ များကို ယူနိုင်ဖို့၊ ကိုယ့်အသိပညာ ကိုယ့်ခံအားကို မြှင့်တင်ဖို့ မကြိုး စား။ ကိုယ့်ရဲ့အသိပညာကိုယ့်ခံ အားနည်းနည်းကလေးနှင့် ရသ လောက်ကိုသာယူတော့ ခေတ် ပေါ်ရုပ်ဝတ္ထုပစ္စည်းတွေ၊ နည်း ပညာတွေဆီက ကျွန်တော်တို့ဘာ တွေ ရလိုက်ပါသနည်း။ အိမ် ထောင်ရေးဖောက်ပြန်မှုတွေ၊ ရိုင်း ရိုင်းစိုင်းစိုင်းဆဲတာဆိုတာတွေ၊ လူမျိုးရေး၊ ဘာသာရေး၊ သွေးထိုး လှုံ့ဆော်တာတွေ၊ ငယ်ငယ်ရွယ် ရွယ်နှင့် ဖိုမကိစ္စကျွမ်းကျင်အဆင့် ရောက်ကုန်တာတွေ စသည့်ကိုယ် နှင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၏ ပုံရိပ်ညစ်ထေးစေမည့် ကိစ္စဆိုးများသာ ရလိုက်ကြပါသည်။

 ဆရာမောင်သစ်ဆင်းက သင့်ဘ၀မဂ္ဂဇင်းမှာ ‘သူတို့ကိုယ်တို့အချိန်ဓလေ့’ ဟူသော ဆောင်းပါးတစ်ပုဒ် ရေးဖူးပါသည်။ ယင်း ဆောင်းပါးတစ်နေရာတွင် ‘‘ကျွန် တော်တို့ လူမျိုးက အင်္ဂလိပ်လက် အောက် နှစ်တစ်ရာကျော်နေခဲ့ရ ပေမယ့် အင်္ဂလိပ်တွေ စည်းကမ်း ကောင်းတာ၊ အင်္ဂလိပ်တွေအချိန် လေးစားတာ၊ အင်္ဂလိပ်တွေကတိ တည်တာ စတဲ့ကောင်းတာတွေ  ဘာတစ်ခုမှ မရလိုက်ဘူး။ အင်္ဂလိပ် ဘိန်းစားတွေ ဘိန်းရှူတာ၊ အင်္ဂလိပ်ဖဲသမားတွေ လောင်းကစားလုပ်တာ၊ မြင်းလောင်းတာ အဲဒါတွေကျတော့ အကုန်ရလိုက် တယ်’’ဟု ရေးဖူးပါသည်။ ကိုယ့် အသိဉာဏ် ရှိသလောက်သာရ ခြင်းဖြစ်ပါ၏။

ခေတ်ပေါ် ရုပ်ဝတ္ထုပစ္စည်း များ၊ ခေတ်ပေါ်နည်းပညာများဖြင့် ကောင်းသည့်ကိစ္စများ၌ ခေတ်မီ ဖို့ဆိုလျှင် ကျွန်တော်တို့၏ အသိ ပညာကိုယ်ခံအားများကောင်းဖို့ လိုပါသည်။ သို့မှသာ ကျွန်တော်တို့၏ မျိုးဆက်ဖြစ်သော သားသမီး များကို မှန်ကန်ကောင်းမွန်သော ခေတ်မီခြင်းများဆီသို့ စနစ်တကျ သွန်သင်လမ်းပြပေးနိုင်မည် ဖြစ် ပါသည်။

  အသိပညာ ကိုယ်ခံအား ကောင်းရန် စာဖတ်ကြရပါမည်။ စာဖတ်သည့် အလေ့အကျင့် ကောင်းကို နောင်မျိုးဆက်များ အဆက်ဆက်တိုင် စွဲစွဲမြဲမြဲပါသွား အောင် ပျိုးထောင်ကြရပါမည်။ စာဖတ်ခြင်းဖြင့် အသိပညာကိုယ် ခံအားကောင်းကြပါလျှင် ကျွန် တော်တို့ လူမျိုးသည် ကောင်း သော ခေတ်မီခြင်းဖြင့် ခေတ်မီ သော လူမျိုးဖြစ်လာမည်မှာ မြေ ကြီးလက်ခတ်မလွဲသေချာလှပါ သတည်း။    ။



Ref-7Daydaily
အောင်မြင့်မြတ်(Myanmar Youths)



ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


No comments