Header Ads

ဒီချုပ်အမတ်များ၏အခက်



ပြည်ထောင်စုလွှတ်တော်၏ ထိုင်ခုံအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်များက ပိုင်ဆိုင်ထားကြသည်။ (ဓာတ်ပုံ − စိုင်းဇော်)

အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပီပြင်စွာထိန်းကျောင်းလိုသည့် ပင်နီ တိုက်ပုံဝတ်အမတ်အချို့သည် ပါတီ၏အစိုးရ၀န်းရံရေးမူကြောင့်အခက်တွေ့နေကြသည်။

အစိုးရသက်တမ်းနုနယ်သေးချိန်က၀န်းရံထောက်ပံ့ရေးမူကိုနှစ်လိုခဲ့ကြသော်လည်းသက်တမ်း တစ်နှစ်ကျော်လာချိန်ထိပါတီ၏အစိုးရ၀န်းရံရေးမူက တစ်ပြားသားမျှ မလျှော့သေးရာအပြန်အလှန်ထိန်းကျောင်းရေးဘက် အားသန်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်အချို့မှာ အခက်တွေ့နေကြခြင်းဖြစ်သည်။

အာဏာရှင်စနစ်နှင့်ဒီမိုက ရေစီစနစ်ကြား ခြားနားမှုမျဉ်းကြောင်းပေါ်ရှိအပြန်အလှန်ထိန်းကျောင်းမှုတန်ဖိုးကိုစေ့စေ့တွေး လေသူတို့ အသက်ရှူကျပ်လေဖြစ်သည်။

ဇွန်လ ၁၂ ရက်တွင် ကျင်းပ ခဲ့သော အမျိုးသားလွှတ်တော်အ စည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ တင်တင်ဝင်းကို ၎င်းတင်သွင်း သောအဆိုနှင့်ပတ်သက်၍ အ တည်ပြုရန် (သို့မဟုတ်) မှတ်တမ်း တင်ရန် ပွင့်လင်းစွာပြောကြားရန် တိုက်တွန်းခဲ့သော်လည်း အဆို တင်သွင်းသူက ‘အကြောင်း ကြောင်းကြောင့်’ ဟု စကားခံကာ မှတ်တမ်းတင်ရန် ပြောကြားခဲ့ သည်။

‘‘အကြောင်းကြောင်းကြောင့် ကျွန်မကို မှတ်တမ်းတင်ခိုင်းပါ တယ်။ ဒါကြောင့် ကျွန်မမှတ်တမ်း တင်ရပါမယ်’’ ဟု ပဲခူးတိုင်းဒေသ ကြီးမဲဆန္ဒနယ်အမှတ်(၅)မှ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက လွှတ် တော်၌ ပြောကြားခဲ့သည်။

ဒေါက်တာတင်တင်ဝင်းက ‘အကြောင်းကြောင်းကြောင့်’ ၏ အနက်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် သတင်းထောက်များကို ငြင်းဆိုခဲ့သော်လည်း လွှတ်တော်တွင် ၎င်းပြောကြားခဲ့သော စကားများကိုနားထောင်ကြည့်ပါက တစ်ဦးတစ် ယောက်(သို့မဟုတ်)အဖွဲ့အစည်း တစ်ခုက ချုပ်ကိုင်စိုးမိုးနေသည်ဟု ထင်မြင်ယူဆဖွယ်ရာဖြစ်သည်။

ဒေါက်တာတင်တင်ဝင်း အ မျိုးသားလွှတ်တော်သို့တင်သွင်းခဲ့ သောအဆိုသည် အလယ်တန်း၊ အထက်တန်းနှင့် ပညာရေးကော လိပ်များတွင် မျိုးဆက်ပွားကျန်းမာ ရေး၊ ပြည်သူ့နီတိနှင့် ဒီမိုကရေစီ ဘာသာရပ်များ သင်ကြားပေးရေးဖြစ်သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအ၀င် အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးထောက်ခံဆွေးနွေးခဲ့သော အထက်ပါအဆိုကို ဒီချုပ်ကိုယ် စားလှယ်တစ်ဦးက မှတ်တမ်းတင် ရန် ဆွေးနွေးပြီးနောက်တွင် ဒေါက်တာတင်တင်ဝင်း၏အဆို မှာ အကြောင်းကြောင်းကြောင့်ပင် အတည်မဖြစ်ဘဲ မှတ်တမ်းတင်ရုံ တင်နိုင်ခဲ့သည်။

လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ခြင်း၊ သဘောတူခြင်း၊ ကန့်ကွက် ခြင်းများကို လွှတ်တော်ကိုယ်စား လှယ်များက ဒီမိုကရေစီနည်းလမ်း ကျစွာလုပ်ဆောင်နိုင်သော်လည်း မေးမြန်းသည့်မေးခွန်း၊ တင်သွင်း သည့်အဆိုများအပေါ် ထိန်းချုပ် ကန့်သတ်ထားခြင်းခံရကြောင်း အ မည်မဖော်လိုသူ လွှတ်တော်ကိုယ် စားလှယ်အချို့က ပြောသည်။

ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသော မေးခွန်း၊ အဆိုစိစစ်သည့်အဖွဲ့ကို ပါတီက ဖွဲ့စည်းပေးထားပြီး ဒီချုပ် ကိုယ်စားလှယ်အများစု၏ မေးခွန်း များ၊ အဆိုများသည်စိစစ်ရေးအဖွဲ့ ကို ဖြတ်ကျော်ပြီးမှ လွှတ်တော်သို့ တင်သွင်းခွင့်ရခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါစိစစ်ရေး အဖွဲ့သို့ မဖြစ်မနေတင်ပြရမည်ဟု ကန့်သတ်မထားသောကြောင့် အ ချို့ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များက အဆိုပါစိစစ်ရေး အဖွဲ့ထံ တင်သွင်းမှုမပြုဘဲ လွှတ် တော်သို့ တိုက်ရိုက်တင်သွင်း ကြောင်း 7 Day News ဂျာနယ်အား ပြောသည်။

သို့ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွဋ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)ပြင်ဆင်ရေး မေးခွန်းမေးမြန်းရန် စတုတ္ထ ပုံမှန်အစည်းအဝေးနှင့် လက်ရှိ ကျင်းပနေဆဲ ပဉ္စမအကြိမ်ပုံမှန် အစည်းအဝေးတို့တွင် ပါတီစိစစ် အဖွဲ့ကို တင်သွင်းခဲ့ရာ လွှတ် တော်သို့ တင်သွင်းခွင့်မရရှိဘဲဆိုင်း ငံ့ခံရသည်။

‘‘ပါတီက အကြောက်တရား နဲ့အုပ်ချုပ်နေတာ။ ဒီမိုကရေစီ နည်းလမ်းတကျအုပ်ချုပ်နေတာ မဟုတ်ဘူး’’ ဟု ဒီချုပ်မှ အမည် မဖော်လိုသူ အမျိုးသမီးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကပြောသည်။

ဥပဒေပြုရေး မဏ္ဍိုင်ဖြစ် သော လွှတ်တော်သို့တင်ရန် မေးခွန်း၊ အဆိုများကို ကန့်သတ်ခံထားရခြင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း အထက်ပါအမည်မဖော်လိုသူ အမျိုးသမီးအမတ်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေကို ဒီမိုကရေစီ ထွန်းကားပြီးသားနိုင်ငံများနှင့် နှိုင်း ယှဉ်၍ မရကြောင်းနှင့်လက်ရှိတွင် ခေတ်ပြောင်းတော်လှန်ရေးလုပ် ဆောင်နေသည့်ကာလဖြစ်၍ ပါ တီမှ ချမှတ်ဖော်ဆောင်သည့် လမ်းစဉ်အတိုင်း လုပ်ဆောင်ရ မည်ဟု ပါတီခေါင်းဆောင်များက ညွှန်ကြားလေ့ရှိကြောင်း ၎င်းက ပြောပြသည်။

ပြည်သူ့လွှတ်တော်၌ ဗိုလ် ချုပ်အောင်ဆန်းတံတားအမည် ပေးရေး အဆိုကို အတည်ပြုခဲ့စဉ် က လွှတ်တော်ကိုယ်စားလှယ်အ များစုက ပါတီ၏ လမ်းညွှန်ချက် အတိုင်း ထောက်ခံရခြင်းဖြစ် ကြောင်းနှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောထားအမှန် မဟုတ်ကြောင်း ၎င်းကရှင်းပြ သည်။

‘‘ကျွန်တော်တို့အခြေအနေ က သူတို့လိုချင်တဲ့ မူဝါဒဂိုက်လိုင်း အောက်မှာ ကျွန်တော်တို့က မဲပေးပေးရတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်ပေါ့’’ ဟု ဒီချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အမျိုးသားတစ်ဦးက မှတ် ချက်ပြုသည်။ ၎င်းသည်လည်း အမည်ထုတ်ဖော်ရေးသားခွင့်မပြု ပေ။

ရွေးကောက်ပွဲ အနိုင်ရပြီး နောက်နှစ်လကျော်အကြာ လွှတ် တော်သို့ စတင်ရောက်ရှိချိန်တွင် အစိုးရအပြောင်းအလဲအကူးအ ပြောင်းကာလ အဆင်ပြေချောမွေ့ စေရန် ထိန်းထိန်းသိမ်းသိမ်းမေး ခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်း ခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်း အ ထက်ပါ လွှတ်တော်ကိုယ်စား လှယ်က ရှင်းပြသည်။

သို့သော် 7 Day News က လူကိုယ်တိုင်ရော ဖုန်းဖြင့်ပါ မေး မြန်းသည့် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ငါးဦး ကမူ ၎င်းတို့၏အဆို၊ မေးခွန်းများ ကို တားဆီးကန့်သတ်ခြင်း မပြု လုပ်ခံရဘဲ လွတ်လပ်စွာတင်သွင်း ခွင့်ရရှိကြောင်း ဖြေကြားသည်။

ယင်းကဲ့သို့ အစိုးရသစ်စတင် တက်ရောက်လာချိန်တွင် ပါတီမှ မိမိအစိုးရကို မြေတောင်မြှောက် ပေးသည့်ကာလ(တစ်နည်းအား ဖြင့်) အစိုးရသစ်အသက်ဆက်နိုင် ရေး ပန်းနှင့်ပေါက်သည့်ကာလဖြစ် ပြီး ယခင်ဦးသိန်းစိန်အစိုးရလက် ထက်ကလည်း အစိုးရအသက် ဆက်ရေး ပြည်ခိုင်ဖြိုးပါတီက လုပ်ဆောင်ခဲ့ကြောင်း လွှတ်တော် သက်တမ်းနှစ်ဆက်လုံးတွင် အ မတ်ဖြစ်သူ ဒေါက်တာအေးမောင် က ပြောသည်။

‘‘ပြီးခဲ့တဲ့အစိုးရလက်ထက် မှာလည်း တစ်နှစ်၊ တစ်နှစ်ကျော် ကျော်လောက်က အခြေမခိုင် သေးတဲ့အစိုးရအခြေခိုင်အောင် စောင့်ပေးရတဲ့ကာလရှိခဲ့ပါတယ်’’ ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မှတ် ချက်ပြုသည်။

လက်ရှိတွင် အစိုးရသက် တမ်းသည် တစ်နှစ်ကျော်လာ၍ လွှတ်တော်နှင့်အစိုးရ အကြား အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) ကို အား ကောင်းမောင်းသန်ပြုလုပ်လို ကြောင်းနှင့် မေးခွန်း၊ အ ဆိုများကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ချင်းစီ၏ သဘောထားအတိုင်း လွတ်လပ်စွာ ခွင့်ပြုပေးသင့် ကြောင်း ပြည်သူ့လွှတ်တော်မှ အမည်မဖော်လိုသူ အမျိုးသား အမတ်က လိုလားသည်။

လက်ရှိဒီချုပ်လွှတ်တော် ကိုယ်စားလှယ်အများစုက ပါတီမှ ချမှတ်လိုက်သော ညွှန်ကြားချက် များအတိုင်းလွှတ်တော်၌ မေးခွန်း မေးခြင်း၊ အဆိုတင်သွင်းခြင်းတို့ တွေပြုလုပ်ခြင်းသည် ၎င်းတို့လေး စားယုံကြည်သော ပါတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်ကြောင့် ဖြစ် ကြောင်း အထက်ပါ ပြည်သူ့လွှတ် တော်အမတ်က ဆိုသည်။

‘‘ကျွန်တော်တို့ (ဒီချုပ်ပါတီ) ၀င်ကတည်းက ဒေါ်အောင်ဆန်းစု ကြည်ကို ယုံကြည်လို့၊ အပြောင်း အလဲကို လိုချင်လို့ဝင်တာလေ။ မည်သူမည်ဝါရဲ့ ဩဇာခံဖြစ်ဖို့ ၀င် တာမဟုတ်ဘူးလေ’’ ဟု ၎င်းက ဆက်ပြောသည်။

ဒီချုပ်ပါတီမှ ခေါင်းဆောင် အချို့သည် ပါတီနှင့်လွှတ်တော်ကို သဲကွဲစွာမရှုမြင်ဘဲ ရောထွေးနေ ကြောင်းနှင့် အစိုးရကို ဝေဖန် ထောက်ပြခြင်းထက် ၀န်းရံ ထောက်ပံ့ပေးခြင်းကို ပိုမိုလိုလား ကြောင်း ၎င်းက သုံးသပ်သည်။

‘‘ပြောချင် ဆိုချင်၊ လုပ်ချင် ကိုင်ချင်လို့ ပါတီတွေအများကြီး ရှိတဲ့အထဲက NLD ကို ရောက်လာ ခဲ့တာ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာမှတော့ ကျွန်တော်တို့လည်း အရမ်းလုပ် ချင်ပါတယ်။ သို့သော် လုပ်ခွင့် မသာတဲ့အခြေအနေကို ရင်ဆိုင် နေရတယ်’’ ဟု ၎င်းက ညည်းတွား သည်။

၎င်း၏မြို့နယ်အတွက် အ ကျိုးရှိသော မေးခွန်းများတင်သွင်း ခဲ့သော်လည်း ပယ်ချခံရကြောင်း၊ အခြားကိုယ်စားလှယ်များ ၎င်း နည်းတူ ရင်ဆိုင်နေရကြောင်းနှင့် ယင်းအခက်အခဲများကို အား လုံးက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကြောင်း ပြောကြား သည်။

နိုင်ငံရေးပါတီများက လွှတ် တော်ကိုယ်စားလှယ်များအပေါ် ဩဇာလွှမ်းမိုးခြင်းသည် သမားရိုး ကျဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ပြည်သူလူထုကို ရောင်ပြန်မဟပ် သည့် ပြည်သူလူထုနှင့် အမတ် ကင်းကွာစေရန် လုပ်ဆောင်သည့် ယန္တရား မဖြစ်သင့်ကြောင်းနှင့် နိုင်ငံရေးပါတီတိုင်းသည် အမြဲလို လိုပြန်လည် သုံးသပ်ဆင်ခြင်ရန် လိုအပ်ကြောင်း ဒေါက်တာအေး မောင်က ထောက်ပြသည်။

‘‘အခုကိုယ့်အစိုးရမို့ မဝေဖန် ရဲဘူး။ ကိုယ့်လူကိုယ်ထောက်ခံ တာမျိုး ရှေ့ဆက်သွားနေရင်တော့ ဖြင့် လူထုနဲ့ တဖြည်းဖြည်းကင်း ကင်းသွားမှာပေါ့။ အဲဒီလိုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲကနေ တက် လာမယ့် တတိယအကြိမ် ပြည် ထောင်စုလွှတ်တော်ပြည်ထောင် စု အစိုးရဖွဲ့စည်းနိုင်ခြင်းဆိုတဲ့ ကဏ္ဍမှာ အနုတ်လက္ခဏာပြသွား မယ်’’ ဟု ၎င်းက သုံးသပ်သည်။

Ref : 7daydaily


No comments