စာနယ်ဇင်းအလုပ်သည်ရာဇဝတ်မှုမဟုတ်
သတင်းထောက်သုံးဦးကို သြဂုတ် ၁၈ ရက်က ရုံးထုတ်စဉ်မြင်ရစဉ် (ဓာတ်ပုံ-မောင်တာ)
‘စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှုမဟုတ်’ဟူသော တီရှပ်အဖြူ ရောင်ဝတ်ဆင်ထားသည့် လူငယ် အချို့ကို ရန်ကုန်မြို့ လမ်းမများ ပေါ်တွင် တွေ့နေရသည်။ ‘စာနယ် ဇင်းလွတ်လပ်ခွင့်ရှိရမည်’ဟူ သော အနီရောင်စာလုံးခပ်ကြီးကြီး ပင် ပါသေးသည်။
ထိုတီရှပ်၏ အဓိပ္ပာယ်သည် ရန်ကုန်မြို့နှင့် မိုင် ပေါင်းရာကျော်ကွာဝေးသည့် သီ ပေါမြို့နယ်တွင် အမှုရင်ဆိုင်နေရ သည့် သတင်းသမားသုံးဦးကို ရည် ညွှန်းသည်။ ကိုယ့်အလုပ်ကိုယ် လုပ်ရင်း အိမ်ပြန်မရောက်နိုင်ခဲ့ သည့် သတင်းသမားသုံးဦးအ တွက် ဖြစ်သည်။
ပြစ်မှုထင်ရှား၍ တရားရုံးက သာ စီရင်ချက်ချပါက လာမည့် ၂ နှစ်မှ သုံးနှစ်အထိ သူတို့သည် အိမ် အပြန်လမ်းနှင့် ဝေးနေဦးမည်ဖြစ်သည်။
‘‘ဒါကြည့် သတင်းထောက် လုပ်လို့ ငါလက်ထိတ်နဲ့။ ဒါဒီမိုက ရေစီလို့ပြောလို့ရမလား’’
သံကြိုးနှင့် ချည်ထားသော သတင်းထောက်သုံးဦး၏ပုံနှင့်အ တူ တီရှပ်နောက်ကျောတွင် စာလုံးမည်းကြီးနှင့် ရိုက်နှိပ်ထားသော သတင်းထောက် လဝီဝမ်၏ မေး ခွန်းထုတ်မှုဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ မြို့နယ်တရားရုံးပင်မ အဆောက်အအုံ၏ နောက်ကျော ဘက် သံဆန်ခါများအလုံအပြည့် ကာရံထားသော အခန်းကျဉ်းလေး အတွင်း အမျိုးသားတစ်စုရှိနေကြ သည်။ အမျိုးသားခြောက်ဦးသည် နေ့လယ်စာစားရန် ထမင်းဘူး ကိုယ်စီဖြင့်ရှိနေပြီး ခြံဝင်းအပြင် ဘက်ရှိ လူအချို့နှင့် အပြန်အလှန် စကားပြောဆိုနေသည်။
‘‘သတင်းထောက်က သတင်းထောက်အလုပ်လုပ်တာပဲ။ ကျွန် တော်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ခံယူထားတာက ငါဟာ Conflict Reporter (ပဋိပက္ခသတင်းများ ရေးသားသော သတင်းထောက်) ပဲ။ တိုက်ပွဲဖြစ်တာတို့၊ အဓိက ရုဏ်းဖြစ်တာတို့ဆိုရင် ရုံးမှာဆို ကျွန်တော်က အဓိကပဲ။ အဲဒီတော့ ကိုယ်လုပ်သင့်တာကို လုပ်တယ်’’
ကိုလိုနီခေတ်က အင်္ဂလိပ်တို့ ရေးဆွဲခဲ့သည့် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဒီမိုက ရေစီခေတ်တွင် အမှုဖွင့်ဖမ်းဆီးခံ ထားရသည့် ဧရာဝတီသတင်းဌာန မှ အကြီးတန်းသတင်းထောက် လဝီဝမ်က တရားရုံးအပြင်ဘက်ရှိ သူ၏ လုပ်ဖော်ကိုင်ဖက်သတင်း သမားအချို့ကို ပြောပြနေခြင်းဖြစ် သည်။ မွန်တိုင်းရင်းသားတစ်ဦး ဖြစ်သည့် ကိုလဝီဝမ်သည် ဧရာ ဝတီသတင်းဌာနတွင် တာဝန်ထမ်း ဆောင်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်နေပြီဖြစ်ပြီး ပဋိ ပက္ခနှင့် အဓိကရုဏ်းဖြစ်စဉ်များ ကို အဓိကတာဝန်ယူရေးသားနေ သည့် ဝါရင့်သတင်းထောက်တစ် ဦးလည်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ကိုလဝီဝမ်နှင့် ဒီဗီဘီသတင်းဌာန မှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ဦးပြည့်ဘုန်းအောင်တို့သည် ရှမ်း ပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ နယ်အတွင်း တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA)က ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ ဖျက်ဆီးပွဲသို့ သတင်းသွားယူခဲ့ကြ ပြီး အပြန်လမ်းတွင် တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သတင်းထောက်များကို နှစ်ရက်ကြာဖမ်း ဆီးထားခဲ့ပြီးနောက် တပ်မတော်၊ ခြေမြန်တပ်ရင်း (၅၀၃)၊ သီပေါမှ တပ်ရေးဗိုလ်ကြီး၊ ဗိုလ်သက်နိုင်ဦး က တရားလိုပြုလုပ်ကာ မတရား အသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ လက်ရှိတွင် ကိုလဝီဝမ်အပါအဝင် သတင်းသမားသုံးဦးသည် မတရား အသင်းဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရပြီး သီပေါ အကျဉ်းထောင်၌ ထိန်းသိမ်းခံထား ၍ အိမ်ပြန်မရောက်သည်မှာ ရက် ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီ။
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေ ချိန်တွင် တပ်မတော်က သတင်း မီဒီယာသမားများကို မတရားအ သင်းဆက်သွယ်မှုဖြင့် စွပ်စွဲကာ ပထမဆုံးအကြိမ် အမှုဖွင့်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ယခင်က တပ် မတော်က သတင်းမီဒီယာသမား များကို ကြီးလေးသည့်ပြစ်ဒဏ် များ ချမှတ်နိုင်သည့် အခြားဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်တရားစွဲဆိုမှု များ ရှိခဲ့သော်လည်း မတရားအ သင်းဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှု ဖွင့်တရားစွဲဆိုခြင်းမှာမူ ယခုအ ကြိမ်သည် ပထမဆုံးဖြစ်သည်။
အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၈ တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၁၉၀၈ မတရားအသင်းအက်ဥပဒေ သည် နှစ်ပေါင်း ၁၀၀ ကျော်ကြာ မြင့်သည့်အချိန်အထိ မြန်မာနိုင်ငံ တွင် အသက်ဝင်နေဆဲဥပဒေတစ် ခုဖြစ်သည်။ အဆိုပါဥပဒေကို မြန်မာနိုင်ငံကို ကျူးကျော်သိမ်း ပိုက်ထားသည့် အင်္ဂလိပ်တို့က သူ တို့ကို တော်လှန်ပုန်ကန်ရန် ကြိုး ပမ်းသည့် မြန်မာနိုင်ငံသားများကို နှိပ်ကွပ်ရန် ရေးဆွဲပြဋ္ဌာန်းခဲ့သည် ဟု မြန်မာနိုင်ငံသားများက မှတ်ယူကြသည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း စစ်ပါ အမွေရခဲ့သည့် မြန်မာနိုင်ငံ တွင် ခေတ်အဆက်ဆက် အစိုးရ များက အဆိုပါဥပဒေကို ပယ်ဖျက်ခြင်းမပြုဘဲ ကိုင်စွဲအသုံးပြုခဲ့ပြီး ယခုအခါ သတင်းသမားများကိုပါ မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုလာခြင်းဖြစ် သည်။
ယခုကဲ့သို့ သတင်းထောက် များ မတရားအသင်းအက်ဥပဒေ ဖြင့် အမှုဖွင့်ဖမ်းဆီးခံရခြင်းသည် သတင်းမီဒီယာဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်သလို စာနယ်ဇင်း လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဖွဲ့ အစည်းဖြစ်သည့် သတင်းမီဒီယာ ကောင်စီက သတင်းမီဒီယာသမား များအပေါ် အကာအကွယ်ပေးနိုင် မှု အားနည်းခြင်းကြောင့်လည်းဖြစ် ကြောင်း သတင်းစာဆရာအချို့က သုံးသပ်သည်။
‘‘ဒီဖမ်းဆီးမှုဟာ ကျွန်တော် တို့ သတင်းမီဒီယာလောကတစ်ခု လုံးကို ခြိမ်းခြောက်လိုက်တာပဲ’’ဟု Myanmar Now သတင်းဌာန အယ် ဒီတာချုပ် ကိုဆွေဝင်းက ပြောသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်လုပ် ဆောင်နေချိန်မှ ယနေ့အချိန်ထိ သတင်းမီဒီယာလွတ်လပ်မှု တိုး တက်လာသည်ဟု ခံစားခဲ့ရသမျှ ယခုဖြစ်စဉ်ကြောင့် နောက်ပြန် ဆုတ်သွားသည်ဟု ခံစားရကြောင်း နမ့်ဆန်မြို့နယ်အတွင်း သတင်း ထောက်များ ဖမ်းဆီးအမှုဖွင့်ခံရပြီး တစ်ရက်အကြာ ဇွန်လ ၂၉ ရက် တွင် ကိုဆွေဝင်းက 7Day News အား ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြဋ္ဌာန်း ခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီ ယာဥပဒေအရ သတင်းထောက် များအနေဖြင့် စစ်မက်ဖြစ်ပွားရာ ဒေသများသို့ သွားရောက်သတင်း ယူခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များ တွင် သတင်းမီဒီယာကို ပေါင်းကူး အဖြစ် အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုထားသော်လည်း သတင်းရယူနိုင်ရန် လက်နက်ကိုင် အဖွဲ့တစ်ခုထံ သွားရောက်ခဲ့သည့် သတင်းထောက်များကို တပ် မတော်က ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုမှုသည် သဘောထားမကြီးရာ ကျကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်သလို သတင်းစာပညာသင် တန်းဆရာတစ်ဦးဖြစ်သည့် ဦးမြင့် ကျော်က ပြေသည်။
‘‘ကျွန်တော့်အမြင်မှာတော့ ဒါက လုံးဝမဖမ်းသင့်ဘူး၊ မဖြစ် သင့်ဘူး’’ဟု ဦးမြင့်ကျော်က ပြော သည်။
‘‘ဘယ်သူ့ကိုမှ ကောင်းကျိုး မဖြစ်စေဘူး’’ဟု ၎င်းက ဆက်ပြော သည်။တအာင်း (ပလောင်) လက် နက်ကိုင်အဖွဲ့ (TNLA)သည် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် အခြေ စိုက်လှုပ်ရှားနေပြီး ၂၀၁၂ ဝန်း ကျင်ကစတင်ကာ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် လက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်တွင် TNLA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းပါဝင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် တပ်မတော်ကြား ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း နှစ် ဖက်ထိခိုက်ကျဆုံးမှု များပြားခဲ့ သလို အရပ်သားအချို့ သေဆုံးမှု များ၊ မြန်မာနိုင်ငံ နယ်စပ်ကုန် သွယ်ရေး၏ အဓိကလမ်းကြောင်း ဖြစ်သည့် မန္တလေး-မူဆယ်နယ် စပ် ကုန်သွယ်ရေးလမ်းကြောင်း ယာယီပြတ်တောက်သည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ၂၀၁၆ ဒီဇင်ဘာတွင် TNLA အပါအဝင် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းအဖြစ် ရှမ်းပြည် နယ်လွှတ်တော်က သတ်မှတ်ခဲ့ သည်။ သို့သော် ပြည်သူ့လွှတ် တော်တွင် TNLA အပါအဝင် လက်နက်ကိုင်သုံးဖွဲ့ကို မတရားအသင်း အဖြစ် သတ်မှတ်ခဲ့ခြင်းမရှိပေ။
TNLA နှင့် တပ်မတော်ကြား တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသေး ဘဲ လက်ရှိအချိန်ထိ မကြာခဏဖြစ် ပွားနေဆဲဖြစ်သလို ပြီးခဲ့သည့်ကာ လတစ်လျှောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း တပ် မတော်က TNLA ကို အသိအမှတ် ပြုခဲ့ခြင်းမရှိဘဲ သောင်းကျန်သူအ ဖြစ်သာ ဆက်တိုက်ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုသို့ တပ်မတော်နှင့် TNLA ကြား တင်းမာမှုမြင့်တက်နေချိန် တွင် TNLA က ပြုလုပ်သည့် မူး ယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ သွားရောက် သတင်းယူခဲ့သည့် သတင်းထောက် သုံးဦးကို မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်၏။
၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့သူများကို ဖမ်းဆီး ထားသည်ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် မည်သည့်အချက်အ လက်မျှ ထုတ်ပြန်ခြင်းမရှိပေ။
သတင်းသမားများအား မတရားအသင်းဥပဒေဖြင့် သီပေါတရားရုံးသို့ တရားစွဲဆိုရာတွင် တပ်မတော်ကိုယ်စားအနေဖြင့် မဟုတ်ဘဲ ခြေမြန်တပ်ရင်း (၅၀၃)၊ သီပေါမှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးက တစ်ဦးတည်းအနေဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု သီပေါမြို့ နယ်တရားသူကြီးက ပြောကြား သည်။
ဩဂုတ် ၁၈ ရက်က သီပေါ မြို့နယ်တရားရုံးအတွင်း အမှုစစ် ဆေးရာတွင် တရားလိုပြသက် သေအဖြစ် လာရောက်ထွက်ဆိုခဲ့ သည့် ခမရ (၅၀၆)မှ ဗိုလ်မှူး မြတ်မော်အောင်ကို တရားရုံးမှ အထွက်တွင် သတင်းသမားများ အား မတရားအသင်းအက်ဥပဒေ ဖြင့် ဖမ်းဆီးအှုဖွင့်ထားခြင်းနှင့်ပတ် သက်၍ တစ်စုံတစ်ခု မေးမြန်းရန် ကြိုးစားခဲ့ရာ ၎င်းက မည်သို့မှ တုံ့ ပြန်ပြောကြားခြင်းမပြုဘဲ လက် ကာပြခဲ့သည်။ သတင်းသမားများ ကို ဗိုလ်မှူးမြတ်မော်အောင်ကဦးဆောင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဖမ်းဆီးခံသတင်းထောက်များ က ပြောသည်။
(TNLA) က ၎င်းတို့ထံ လာ ရောက်သတင်းယူသည့် သတင်းထောက်များအား အပြန်လမ်းတွင် တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ဇွန်လ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။ ထိုသို့ ဖမ်းဆီးခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်ကြောင်းနှင့် အမြန်ဆုံးလွတ်မြောက်ရန် သတင်းမီဒီယာအဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝိုင်းဝန်းကြိုးစားပေးရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
မတရားအသင်းအက်ဥပဒေ သည် နိုင်ငံတော်အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ထား သည့် လက်နက်ကိုင်အဖွဲ့အစည်း ကို လက်နက်ထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် တပ်သားအင်အားစုဆောင်းပေး ခြင်း စသည့်ဆက်သွယ်ကူညီသူကို အပြစ်ပေးအရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ကို ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ၂ နှစ်ထက်မနည်းသော၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့်အ တူ ငွေဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
သတင်းစာပညာအရ သတင်းထောက်များသည် သတင်းရင်း မြစ်များကို ထိတွေ့ဆက်ဆံရန်လို အပ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ် ပွားနေသည့် လက်နက်ကိုင်အဖွဲ့ ထံ သွားရောက်၍ ဖမ်းဆီးသည်ဆို ခြင်းသည် မဖြစ်သင့်ကြောင်းမြန်မာဂျာနယ်လစ်ကွန်ရက်၏ အ တွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးဇေယျာလှိုင်က ပြော သည်။
‘‘သတင်းစာဆရာတွေက သတင်းစာကျင့်ဝတ်အရ၊ သတင်း စာဆရာတစ်ယောက်ရဲ့ ပရော် ဖက်ရှင်နယ်အရ သူ့သတင်းရင်း မြစ်ရှိတဲ့နေရာကို သွားတယ်။ သတင်းထောက်လှမ်းမေးမြန်း တယ်။ ပြည်သူလူထုကို တင်ပြ တယ်။ အဲဒီအလုပ်ကို ဆောင်ရွက် တယ်။ အဲဒီလိုဆောင်ရွက်တဲ့အ ပေါ်မှာ ဒီအဖွဲ့အစည်းကတော့ ဥပဒေအရ ထုတ်ပြန်ထားတဲ့ မတရားအသင်းဆိုပြီး အဓိပ္ပာယ် ဖွင့်ပြီး ဖမ်းဆီးတာကတော့ မဖြစ် သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်နေရာ မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အားလုံးသိဖို့လိုတယ်။ အဲဒီလိုသိ နိုင်ဖို့အတွက် သတင်းစာဆရာ တွေရဲ့ တာဝန်ဖြစ်တယ်။ အခုလို ဖမ်းတာကတော့ စဖမ်းကတည်း ကိုက မဖြစ်သင့်တဲ့ကိစ္စလို့ မြင်ပါ တယ်’’ဟု ဦးဇေယျာလှိုင်က ပြော သည်။
တပ်မတော်က သတင်း ထောက်သုံးဦးကို မတရားအသင်း ဆက်သွယ်သည်ဟုဆိုကာ ဖမ်း ဆီးတရားစွဲဆိုခြင်းသည် TNLA အပါအဝင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပတ် သက်သည့် သတင်းဖော်ပြနေခြင်း များကို မကြိုက်နှစ်သက်ကြောင်း သတိပေးခြင်းဖြစ်နိုင်သည်ဟု ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးက ပြော သည်။
‘‘ဒီလိုကိစ္စမျိုးတွေကို Report လုပ်တယ်။ Cover လုပ်တယ်ဆို ရင် သတိထားကြဆိုတဲ့ Message။သတင်းစကားပေါ့ဗျ။ ဒါတွေကို ပေးတယ်လို့ ကျွန်တော်တို့က တော့ ခံစားရတယ်။ သဘောက ဒီနယ်ဘက်တွေကိုသွားပြီးတော့ တိုက်ပွဲသတင်းတွေ၊ ပဋိပက္ခ သတင်းတွေကို ရေးနေခဲ့ကြတာ ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ် တောက်လျှောက်ပဲရေးခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ ဒီသုံးယောက်ကို အဖမ်းပြလိုက်တာပေါ့ဗျာ။ အဲဒီတော့ ကျန်တဲ့သူတွေအတွက်ကို ပါ သတိပေးတဲ့ Message လို့ကျွန်တော်တို့ကတော့ ယူဆတယ်။တကယ်လို့သာ ၁၇(၁)နဲ့ဖမ်းရင်သတင်းထောက်တွေ အများကြီးအဖမ်းခံရမယ်’’ဟု ဦးကျော်စွာမိုးက မှတ်ချက်ပြုသည်။
တိုင်းရင်းသားဒေသများသို့ သွားရောက်သတင်းရယူသည့် သတင်းသမားများကို ဖမ်းဆီး တရားစွဲဆိုလိုက်ခြင်းကြောင့် ပြည် တွင်းငြိမ်းချမ်းဖြစ်စဉ်အပေါ် ရိုက် ခတ်မှုများရှိစေနိုင်သလို ပြည်တွင်း သတင်းမီဒီယာလွတ်လပ်မှုအပေါ် တွင်လည်း မေးခွန်းထုတ်စရာဖြစ် လာသည်ဟု သတင်းစာဆရာများ က ပြောသည်။
‘‘တကယ့်အစစ်အမှန်ကို မရနိုင်ရင်၊ သတင်းအချက်အလက် မှန်ကိုမရရင် ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် နားလည်မှုရဖို့ ပိုခက်ခဲစေ နိုင်တယ်။ Peace Process ဆို တာက နဂိုကတည်းက ရှုပ်ထွေး ပြီး နက်နဲတဲ့အတွက် သတင်းအ ချက်အလက်မှန်တွေမရရင် နား လည်မှု၊ ယုံကြည်မှုတွေ လျှော့ သွားစေနိုင်တယ်။ အဲဒါဆိုရင် ငြိမ်း ချမ်းရေးဖြစ်စဉ်အတွက် မကောင်းဘူးပေါ့’’ဟု ဦးကျော်စွာမိုးက ဆက်လက်ပြောသည်။
တပ်မတော်က သတင်း ထောက်များကို မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး နောက်ပိုင်း ပြည်တွင်းသတင်းမီဒီ ယာများတွင် TNLA နှင့်ပတ်သက် သည့် သတင်းဖော်ပြမှုများ၊ TNLA နှင့်ချိတ်ဆက်၍ သတင်းရယူနေမှု များ သိသိသာသာလျှော့နည်းသွား သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် က ပြောသည်။
‘‘အပစ်ရပ်လက်မှတ်မထိုး ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေဆီကို သွား ဖို့ဆိုတာတော့ အားလုံးလည်း တွန့်သွားပြီ။ အဲဒါက အကျိုးသက်ရောက်မှုပဲလို့ မြင်တယ်’’ဟု ဦးမြင့် ကျော်က ဆိုသည်။
လက်ရှိတွင် သီပေါအကျဉ်း ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး မတရားအသင်းဥပဒေ ဖြင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများအတွက် အာမခံရရန် နှစ်ကြိမ်တိုင်တိုင် လျှောက် ထားခဲ့သော်လည်း သီပေါမြို့နယ် တရားသူကြီးက ပယ်ချထားပြီး တတိယအကြိမ် အာမခံကို ဩဂုတ်၂၅ ရက်က လျှောက်ထားခဲ့ကာ စက်တင်ဘာ ၁ ရက်တွင် ပေး၊မပေး ဆုံးဖြတ်မည်ဖြစ်သည်။ အဆိုပါအမှုကို အပတ်စဉ် သောကြာနေ့တိုင်းတွင် ရုံးချိန်းစစ်ဆေးလျက်ရှိသည်။
လက်ရှိတွင် တရားလိုပြ သက်သေကိုးဦးအနက် နှစ်ဦးကို စစ်ဆေးပြီးစီးနေပြီး အမှုကို အမြန်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်အောင် စစ်ဆေးနေသည်ဟု သီပေါမြို့နယ် တရားသူကြီးက ပြောသည်။
TNLA က ပြုလုပ်သည့် မူး ယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှအ ပြန် ဖမ်းဆီးခံထားရသူများတွင် သတင်းသမားသုံးဦးနှင့်အတူ ကား သမားနှစ်ဦးနှင့် တီးဝိုင်းဆရာတစ် ဦးတို့လည်း ပါဝင်သည်။ အသက် (၃၀) ဝန်းကျင်အရွယ် တီးဝိုင်း ဆရာ မိုင်းထွန်းအေး၏ ဖခင် (၆၀)ကျော်အရွယ် ဦးမောင်ဌေးက မိသားစုတွင် အဓိကအားကိုးနေရသည့် သားဖြစ်သူ ဖမ်းဆီးခံထားရ ၍ အားကိုးမရှိတော့ဘဲ မိသားစုစားဝတ်နေရေး အခက်တွေ့နေရသည် ဟု ရင်ဖွင့်သည်။
ဖမ်းဆီးခံသတင်းထောက် ကိုလဝီဝမ်က ပြည်သူလူထုမဲပေး ရွေးချယ်မှုဖြင့် အာဏာရလာသည့် NLD လွှတ်တော်ကိုယ်စားလှယ် များနှင့် NLD အစိုးရအနေဖြင့် ခေတ်စနစ်နှင့် ကိုက်ညီမှုမရှိတော့ သည့် မတရားအသင်းအက်ဥပဒေ အပါအဝင် ပြည်သူလူထုအပေါ် ဒုက္ခပေးနေသည့်ဥပဒေကို ပယ် ဖျက်ပေးစေလိုသည်ဟု ပြော သည်။
‘‘NLD အစိုးရ၊ ပြည်သူတွေ က မဲပေးပြီးတော့ တက်လာတဲ့ အစိုးရက ဒီဟာကို ရှေ့ဆက်ဘယ် လိုလုပ်ကြမလဲ စဉ်းစားပေးကြပါ။ ပြည်သူတွေလည်း တော်တော် ဒုက္ခရောက်နေကြပြီ။ ဒီဥပဒေတစ် ခုကြောင့် ဒါကို ပြင်မလား၊ ဖျက် မလား ကျွန်တော်တို့ ကြားချင် တယ်’’ဟု ကိုလဝီဝမ်က တရားရုံး အချုပ်ခန်းအတွင်းမှ ပြောသည်။
ဖမ်းဆီးချုပ်နှောင်ခံထားရ၍ ခက်ခဲသည့်နေ့ရက်များကို ဖြတ် သန်းနေရသော်လည်း အချင်းချင်း အားပေးကာ အကောင်းဆုံးရင် ဆိုင်နေသည်ဟု သီပေါအကျဉ်း ထောင်တွင် ထိန်းသိမ်းခံထားရ သည့် သတင်းထောက်သုံးဦးက ပြောသည်။ သူတို့ဖမ်းဆီးခံရမှုအ ပေါ် အကြောင်းပြုကာ ကောင်းမွန် သည့်စနစ်တစ်ခုသို့ ပြောင်းလဲ သွားစေလိုသည်ဟု ဒီဗီဘီသတင်း ဌာနမှ ဦးအေးနိုင်က သူ၏မျှော် လင့်ချက်ကို ပြောသည်။
‘‘ကျွန်တော့်လို Conflict Reporter တွေ၊ အဓိကရုဏ်း သတင်းတွေကို ရေးနေတဲ့သတင်း ထောက်တွေကို ပြောချင်တယ်။ မကြောက်ပါနဲ့’’ဟု ကိုလဝီဝမ်က ပြောသည်။
Credit - 7Daydaily
Post a Comment