Header Ads

ပုဂံငလျင် တစ်နှစ်ပြည့်အလွန်



ငလျင်ဒဏ်ခံခဲ့ရသော စူဠာမဏိစေတီကို ငလျင်သင့်ပြီး ရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ပုဂံ၏ အထင်ကရ ဘုရားတစ်ဆူ ဖြစ်သော စူဠာမဏိဘုရား၏ ထိပ်ပိုင်းကို အစိမ်းရောင်မိုးကာတစ်ခုဖုံးအုပ်ထားသည်။ ငလျင်ဒဏ်ကြောင့် တုံးတိဖြစ်သွားသော ဘုရားကြီး၏ ထိပ်ပိုင်းရှိ ပျက်စီး သွားသော အက်ကွဲကြောင်းများမှ မိုးရေများ စိမ့်ဝင်မလာစေရန် ကာကွယ်ထားခြင်းဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်က မြင် တွေ့ခဲ့သော စူဠာမဏိနှင့် ယခု စူဠာမဏိဘုရား၏ မြင်ကွင်းတို့ သည် ပြောင်းလဲကွာခြားသွားပြီ ဖြစ်သည်။ ယခင်က အဝေးကပင် သပ္ပာယ်ကြည်ညိုစွာ ဖူးတွေ့နိုင် သော စူဠာမဏိဘုရားကြီးသည်အနီးကပ်ဖူးမြော်မှသာ ယခုအခါ ရှေ့ဟောင်းလက်ရာများနှင့် အုတ်ချပ်များသာ မြင်တွေ့ရမည်ဖြစ် သည်။ ယင်းမှာ ပုဂံငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်ရန် နှစ်ပတ်အလို က မြင်တွေ့ရသော စူဠာမဏိ ဘုရား၏ ပုံသဏ္ဌာန်ဖြစ်သည်။

နရပတိစည်သူမင်းကုသိုလ် အဖြစ် တည်ထားကိုးကွယ်ခဲ့သော စူဠာမဏိစေတီသည် ပြီးခဲ့သည့် နှစ် ဩဂုတ် ၂၄ ရက်က အင်အား ပြင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုကြီးမားခဲ့သည့် စေတီပုထိုး များထဲမှ တစ်ဆူဖြစ်သည်။ အင် အားပြင်းငလျင်ကြောင့် ရှေး ဟောင်းမြို့တော်ပုဂံရှိ စေတီပုထိုး ၃၈၉ ဆူ ပျက်စီးခဲ့ရာ စူဠာမဏိ စေတီသည် ပျက်စီးဆုံးရှုံးမှုအကြီး မားဆုံးဖြစ်ခဲ့သည်။

စူဠာမဏိဘုရား၏ ပျက်စီး သွားသော အစိတ်အပိုင်းများကို ကြည့်ပါက မူလရှေးဟောင်းလက် ရာများမဟုတ်ဘဲ စစ်အစိုးရလက် ထက်ပြုပြင်ခဲ့သော အစိတ်အပိုင်းများသာ ပျက်စီးသွားသောကြောင့် ယခုအခါ ရှေးလက်ယာဟောင်း များဖြင့် အမြင်တစ်မျိုးဖြစ်ကာ ကြည့်၍ ကောင်းနေသည်။

ဩဂုတ် ၂၄ ရက်တွင် ပုဂံ ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်ပြီ ဖြစ်၏။ ငလျင်လှုပ်ခတ်မှု တစ်နှစ် ပြည့်ဆွေးနွေးပွဲကိုလည်း ရှေး ဟောင်းပညာရှင်များ စုံလင်စွာ ဖြင့် ပုဂံမြို့၌ ပြုလုပ်ရန် စီစဉ်နေကြသည်။

ငလျင်တစ်နှစ်ပြည့်ပြီး အချိန်တွင် အင်အားပြင်းငလျင်ကြောင့် ယခင်က စည်းစနစ်မကျစွာ ပြုပြင်ထားသော စေတီပုထိုးများ၏ အားနည်းချက်၊ အားသာ ချက်များကို သိရှိလာခြင်း၊ ပြည်သူများထံမှ ပုဂံဘုရားများပြုပြင်ရေး အတွက် အလှူငွေများရရှိခဲ့ခြင်း၊ ပုဂံဘုရားများကို အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေပြီဆိုခြင်း ကို မီးမောင်းထိုးပြရာ ရောက်စေခဲ့ သည်။

ထို့အပြင် နောက်ထပ် ယခုကဲ့သို့ အင်အားပြင်းငလျင် ကြုံရပါက ကာကွယ်ရန် ရှေးဟောင်းပညာရှင်များ၊ ဆောက်လုပ်ရေးဌာနမှ ပညာရှင်များ စုပေါင်းထားသော အဖွဲ့ဖြင့် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။ နောင်တစ်ချိန်တွင် ထိုကဲ့သို့ဖြစ်ပေါ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို မျိုးဆက်သစ်လူငယ်များ သိရှိထားခြင်းစသည့်အကျိုးကျေးဇူးများ ခံစားရကြောင်းရှေးဟောင်းပညာရှင်များက ပြော သည်။

အဆိုးထဲက အကောင်းဟု ဆိုရမည်က ၁၉၇၅ တွင် လှုပ်ခတ်ခဲ့သော ပုဂံငလျင်ပြီးနောက် နှစ် ပေါင်း ၄၀ ကျော်ကြာပြီးမှ တစ် ကျော့ပြန် ငလျင်ဒဏ်ကြောင့် ရှေးဟောင်းပုဂံမြို့တော်ရှိ စေတီပုထိုးများ ပျက်စီးဆုံးရှုံးမှုများ၌ အများစုသည် မူလလက်ရာများမဟုတ် ဘဲ စစ်အစိုးရ ပြုပြင်ခဲ့သည့် အစိတ်အပိုင်းများသာ ပြိုကျပျက်စီး ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိခိုက်ပျက်စီးခဲ့သော စေတီပုထိုး များကို အလျင်စလိုမပြုပြင်ဘဲ ပညာရှင်များ၏ အကြံဉာဏ်၊ ယူနက်စကို၏ အကူအညီများရယူပြီး စနစ်တကျပြုပြင်ထိန်းသိမ်းရန် မှာကြားထားသည်။

အစိုးရအဖွဲ့ကလည်း ယခင်အစိုးရလက်ထက်များနှင့်မတူ ပျက်စီးသွားသည့်အတိုင်းသာ စနစ်တကျပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် များကို တန်ဖိုးထားပြီး နည်းလမ်း တကျပြုပြင်မည့် အစိုးရလက် ထက်တွင်မှ မြေငလျင်လှုပ်သော ကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းများအတွက် စိတ်အေးရမည့် အခြေအနေရှိသည်။

ငလျင်ဒဏ်သင့် စေတီပုထိုးများကို အသစ်ထပ်မံပြင်ဆင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ပျက်စီးသွားသည့်အတိုင်းသာ ရေရှည်ခိုင်မြဲရန် မွမ်းမံပြင်ဆင်ထား ခြင်းဖြစ်ပြီး ငလျင်ကြောင့် ယူနက်စကိုသို့ဝင်ရေး မထိခိုက်သလိုငလျင်ကြောင့် ပို၍နာမည်ရခဲ့ကြောင်း ရှေးဟောင်းပညာရှင်များက ပြော သည်။

ယူနက်စကို၏ ယဉ်ကျေးမှု ဌာန အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ‘‘ငလျင်လှုပ်ပြီး တော့ အခု တစ်နှစ်ပြည့်တဲ့အချိန် မှာ ဘုရားတွေပြန်ပြင်တဲ့အပိုင်း တွေကတော့ လုပ်ဆောင်မှုအပိုင်းတွေက အားရကျေနပ်ဖွယ် ကောင်းပါတယ်။ ငလျင်ကို တုံ့ပြန်မှုအပိုင်းမှာတော့ အဆင်ပြေပါ တယ်လို့ ပြောချင်ပါတယ်’’ဟု မှတ်ချက်ပေးသည်။

ချောက်မြို့၏ အနောက် ဘက် ၁၂ မိုင်ခန့်အကွာ ပုဂံမြို့နှင့် ၃၅ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ် သော ၆ ဒသမ ၈ ရစ်ခ်ျတာစကေး ရှိ အင်အားပြင်းငလျင်တစ်ခု ကြောင့် ပျက်စီးခဲ့ရသော ပုဂံဒေသ ရှိ စေတီပုထိုးများတွင် ဓမ္မရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊ စူဠာမဏိ၊ အာနန္ဒာ၊ ဂူပြောက်ကြီး၊ ပြာဿဒ်ကြီး၊ ဗူးလည်သီး၊ မြောက်ဂူနီ စသည့်နာမည်ကြီး စေတီပုထိုးများ ပါဝင်ခဲ့သည်။ စေတီပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက်ပျက်စီးရာ အသေးစားထိခိုက် ပျက်စီးခဲ့သော စေတီပုထိုး ၂၂၄ ဆူကို တစ်နှစ်အတွင်းမှာပင် ပြု ပြင်ထိန်းသိမ်းပြီးစီးခဲ့သည်။

ကျန်သည့် ထိခိုက်ပျက်စီးမှု ကြီးမားသော စေတီပုထိုးများကို လေးနှစ်စီမံကိန်းဖြင့် ပြုပြင်မည် ဖြစ်ပြီး ၂၀၁၇ အတွင်း အဆူ ၅၀ပြုပြင်မည်ဖြစ်ကြောင်း ပုဂံရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြော ကြားသည်။

‘‘ပျက်စီးသွားတဲ့အပိုင်း ထပ် ပြီးတော့ မပျက်စီးအောင်၊ ခိုင်ခံ့ အောင် နောင်မှာလည်း တွေ့ရ မယ့် သဘာဝဘေးအန္တရယ်ကို ခိုင်ခံ့အောင် လုပ်ထားတယ်။ လုပ်သွားမယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ တချို့ဘုရားတွေကို တော့ အင်္ဂါစုံပြန်ပြင်ပေးရမယ့် ဘုရားတွေရှိတယ်။ အများအားဖြင့်တော့ ပျက်စီးမှုအပိုင်းလေးပဲ ပြင်ထားတယ်’’ဟု ဦးအောင် အောင်ကျော်က ပြောသည်။

ပျက်စီးသွားသည့် စေတီ ပုထိုးများကို တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ ကိုရီးယား၊ ဂျပန်၊ အင်ဒို နီးရှားနှင့် ထိုင်းနိုင်ငံတို့မှ ရှေး ဟောင်းပညာရှင်များက လာ ရောက်ပြုပြင်ထိန်းသိမ်းမှုများ ပြု လုပ်ပေးထားသည်။

ငလျင်ဒဏ်သင့် စေတီပုထိုး များကို နောက်ငလျင်ဒဏ်များခံ နိုင်ရေး အဓိကထားထိန်းသိမ်းပြု ပြင်ထားကြောင်း ပုဂံဒေသတွင် ရှေးဟောင်းသုတေသန ပညာရှင် အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်၌ ပုဂံယဉ်ကျေးမှုအမွေအ နှစ် ဒေသကာကွယ်စောင့်ရှောက် ရေး အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးအောင်ကြိုင်က ပြောသည်။

‘‘အဓိက ပြင်တယ်ဆိုတာ လည်း ရေရှည်အတွက်ပဲ’’ဟု ဦးအောင်ကြိုင်က ပြောသည်။

ငလျင်လှုပ်ခတ်ပြီး တစ်နှစ် အကြာ လာမည့် စက်တင်ဘာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကို ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာ ရင်းဝင်ရန် မူကြမ်းတင်သွင်းတော့ မည်ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် မူကြမ်းရေး ဆွဲမှု ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဩဂုတ် ၂၀ ရက်တွင် ပြောသည်။

‘‘ယူနက်စကိုက ကွင်းဆင်း ပြီးလေ့လာမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒေသခံပြည်သူ လူထုတွေကိုလည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးမှ သူတို့က ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ကို ထောက်ခံခြင်း၊ မထောက်ခံခြင်း ကို သုံးသပ်မှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးသူရဦးအောင်ကိုက ပြော သည်။
ပုဂံဒေသကို ယူနက်စကိုစာ ရင်းဝင်ရေး ကြိုးပမ်းရာတွင် တစ်ဖက်၌လည်း ဒေသခံများ၏ စိုးရိမ်မှုများရှိနေပါသည်။

‘‘ဒေသခံတွေက ယူနက်စကို ဝင်ချင်တယ်။ ဒါပေမဲ့ ယူနက်စကို ဝင်ရင် လွတ်လွတ်လပ်လပ် လုပ် ကိုင်လို့မရမှာလည်း ကြောက် တယ်။ ကန့်သတ်ချက်တွေ တိုး လာမလားပေါ့။ အဲဒီလို ထင်နေ ကြတာ။ ယူနက်စကိုဝင်ရင် ရရှိ လာမယ့် အကျိုးကျေးဇူးကိုလည်း မသိကြဘူး။ နောက်ပြီး ပုဂံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ယူနက်စကိုမဝင်စေချင်ဘူး။ ဒါ ကြောင့် ဒေသခံတွေကို စည်းရုံးပြီး ပြောဆိုနေတာတွေရှိတယ်’’ဟု ပုဂံဒေသခံ ကိုနိုင်ထွန်းကပြောသည်။

ကမ္ဘာ့အမွေအနှစ်ဒေသအ ဖြစ် စာရင်းဝင်ရန် မူကြမ်းတင် သွင်းရာတွင် ဇုန်ဧရိယာကို ယခင် ထက် ဧကနှစ်သောင်းကျော် ထပ် မံတိုးချဲ့ပြင်ဆင်သတ်မှတ်မည် ဖြစ်ပြီး အဆောက်အအုံများ ဆောက်လုပ်ခွင့်ရရှိရန် ပုဂံမြို့နှင့်ညောင်ဦးမြို့တို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဇုန်အတွင်း ထည့်သွင်းသတ်မှတ်မည် ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန် လာမည့် စက်တင်ဘာတွင် တင်ပြချက် စာတွဲ (၁) မူကြမ်းတင်သွင်းမည်ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ၌ တင်ပြစာတွဲနှင့် စီမံခန့်ခွဲမှုအ စီအစဉ် စာတွဲ (၂) တင်သွင်းရမည်ဖြစ်သည်။ ထိုသို့တင်သွင်းပြီးပါက ပုဂံဒေသသို့ ICOMOS မှ ပညာ ရှင်များ လာရောက်စစ်ဆေးပြီး ဒေသခံများ၏ သဘောထားမေးမြန်း မည်ဖြစ်သည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်ဧရိယာသည် လက်ရှိတွင် စတုရန်းဧက ၂၇,၉၇၀ ကျယ်ဝန်းသည်။

ဇုန်များ ပြန်လည်ပြင်ဆင် သတ်မှတ်ရာတွင် ၄၈,၀၉၉ စတု ရန်းဧကအထိ တိုးချဲ့မည်ဖြစ် သည်။ ဇုန်များတိုးချဲ့သတ်မှတ်ရာ တွင် ပုဂံနှင့် ညောင်ဦးမြို့၏ အနောက်ဘက်နှင့် မြောက်ဘက်တို့၌ တိုးချဲ့မည်ဖြစ်ပြီး အနောက်ဘက်တွင် ဧရာဝတီမြစ်တစ် လျှောက်လုံး ထည့်သွင်းမည်ဖြစ်ကာ မကွေးတိုင်းအတွင်းရှိ တန့်ကြည်တောင် ဘုရားပါ ဇုန်အတွင်း ထည့်သွင်း သတ်မှတ်ရန် စီစဉ်ထားသည်။

အဆိုပါ ဧရိယာနယ်နိမိတ် ကို အေဇက် (Ancient Zone) ရှေး ဟောင်း သုတေသနဆိုင်ရာ ဇုန်၊ အမ်ဇက် (Monumental Zone) ရှေးဟောင်းအဆောက်အအုံများ တည်ရှိရာ နယ်မြေဇုန်၊ ပီဇက်(Protected Zone) ကာကွယ်ထိန်း သိမ်းရေးနယ်မြေဇုန် စသည့်ဇုန် သုံးဇုန်ဖြင့် ဖွဲ့စည်းထားသည်။ ပုဂံရှေးဟောင်းနယ်တွင် သမိုင်းဝင် စေတီပုထိုးများရှိသည့်နေရာကို အမ်ဇက် (MZ)ဇုန်အဖြစ် သတ်မှတ်ထားပြီး ရှေးဟောင်းသုတေ သနဆိုင်ရာ ပုဂံမြို့နှင့် ညောင်ဦး မြို့တည်ရှိသော ဇုန်ကို အေဇက်(AZ)ဇုန်ဟု သတ်မှတ်ကာ အဆိုပါဇုန်တစ်ခုကို ထိန်းသိမ်းကာ ကွယ်ထားသော ဇုန်ကို ပီဇက် (PZ)ဇုန်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

‘‘ဇုန်သတ်မှတ်တဲ့ အနေအ ထားကတော့ ဒေသခံတွေအတွက် မဆိုးပါဘူး။ လုပ်ငန်းလေးတွေ နည်းနည်းလောက်လုပ်ရတဲ့ အနေအထားဖြစ်တာပေါ့။ တကယ် တော့ ဒေသခံတွေအတွက်လည်း လုပ်ကိုင်စားသောက်လို့ရအောင် ကြည့်ပေးရမှာပဲလေ’’ဟု ပုဂံဧည့်လမ်းညွှန် ကိုနိုင်ထွန်းက ပြောသည်။

ဇုန်သတ်မှတ်ပြင်ဆင်ပြီးပါ က ပုဂံမြို့နှင့် ညောင်ဦးမြို့တို့တွင် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ဟိုတယ်များ ဆောက်လုပ်ခွင့်ပြု မည်မဟုတ်ဘဲ ဒေသခံများက ဆောက်လုပ်မည့် ဟိုတယ်များ သာ ခွင့်ပြုရန်စီစဉ်ထားကြောင်း ယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦးက ဆိုသည်။

ပုဂံဒေသကို အမွေအနှစ် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေး ဟန်ချက်ညီညီ ထိန်းနိုင် အောင် လုပ်ဆောင်ရန်လိုအပ် ကြောင်း ဒေါ်ဥမ္မာမျိုးက ဆိုသည်။

‘‘ပုဂံဒေသမှာ ဆောက်လုပ် ရေးအပိုင်းတွေက အမွေအနှစ် တွေကို မထိခိုက်နိုင်ပါမှ ကမ္ဘာ့အ မွေအနှစ်ဝင်နိုင်ဖို့ အရေးကြီးတာ ပေါ့။ ဒေသဖွံ့ဖြိုးရေးကို မလုပ်ရ ဘူးလားတော့ အဲဒီလိုတော့ မဟုတ်ဘူးပေါ့နော်။ ဘယ်ဒေသတွေဆိုပြီး သေချာသတ်မှတ်ရ မယ်။ အဲဒီဒေသတွေကို မထိခိုက် တဲ့အရာ ဖြစ်ရပါမယ်’’ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းခြောက်သောင်း လာရောက်ခဲ့သည်။ အဆိုပါအရေအ တွက်သည် တစ်နှစ်အတွင်း မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ သည့် ခရီးသွားစုစုပေါင်း၏ ၁၀ ပုံတစ်ပုံခန့်ဖြစ်သည်။

ထိုပမာဏကို အချိုးချကြည့် ပါက ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးလာတိုင်း နှစ်ဦးသည် ပုဂံသို့ သွားခြင်းဖြစ်သည်။ ပုဂံဒေသသို့ လာ ရောက်ကြသည့် ခရီးသည်အရေအတွက်သည် တစ်နှစ်လျှင် ၅၀ရာခိုင်နှုန်း ထပ်မံတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ယခုနှစ် တွင် ခရီးသွားသုံးသိန်းအထိ လာ ရောက်မည်ဟု မှန်းထားသည်။

အဆိုပါ နိုင်ငံခြားသားခရီး သွားများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရာပေါင်းများစွာ အလုပ်ဖြစ်ခဲ့ပြီး ထောင်သောင်းချီ သော နိုင်ငံသားများ အလုပ်အ ကိုင်အခွင့်အလမ်းများ ရနေ သည်။ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရနေသည်။ ခရီးသွားများကြောင့် နိုင်ငံအတွက်လည်း ဝင်ငွေဖြောင့် ခဲ့သည်။ ငလျင်ကြောင့် ပုဂံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ ကျဆင်းခြင်းမရှိကြောင်း ဦးအောင်အောင်ကျော်ကပြောသည်။

‘‘ငလျင်ကြောင့် ပိုစိတ်ဝင် စားလာတာပဲရှိတယ်။ မနှစ်က ထက်တော့ မနည်းဘူး’’ဟု ဦးအောင်အောင်ကျော်က ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ် ထောင်ခန့်ကတည်းက တည်ရှိခဲ့ သည့် ရှေးဟောင်းမြို့တော် ပုဂံ သည် မြန်မာနိုင်ငံအတွက် အရေး ကြီးဆုံးနေရာတစ်ခုအဖြစ် ရှိနေ သည်။ ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံတွင် မျိုးစေ့ချခဲ့ပြီး ရှေးလူတို့ဝတ်ပြုဆုတောင်းမှုပြုရာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေး အဆောက်အအုံများရှိသည့် ပုဂံစေတီပုထိုးများသည် နှောင်းလူတို့အတွက် လေ့လာသင်ယူစရာ မကုန်နိုင် အောင်ရှိနေသော ရှေးဟောင်းမြို့တော် ဖြစ်သည်။

မိုင်ထောင်ချီ ခရီးနှင်လာ မည့် ခရီးသည်များကမူ သစ်သစ်လွင်လွင်ပုဂံကို တွေ့မြင်လိုကြ မည်မဟုတ်။ သူတို့မြင်တွေ့လို သည်မှာ ရှေးမူမပျက်သည့် ရှေးဟောင်းပုဂံကိုပင်ဖြစ်ပေလိမ့်မည်။

ပုဂံဒေသကို နောက်တစ်ကြိမ် ငလျင်လှုပ်ခတ်ပါက စေတီပုထိုးများ ပျက်စီးမှု နည်းပါးစေရေးအတွက် ကြိုးပမ်းထားရမည်က လက်ရှိအစိုးရ၏ တာဝန်ဖြစ်ပါသည်။။

Ref - 7Daydaily


No comments